ဧည့်မထ/ဘာလီရည် နှင့် ဣစ္ဆာသယကုန်စုံဆိုင်

၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ‘ကြုံတုန်း ဝယ်ထား ဈေးမများ’ဆိုတဲ့ ရပ်သုံးရွာသုံး ဝေါဟာရ တစ်ခု တွင်ကျယ်ခဲ့ဖူးတယ်။ တကယ်လည်း အဲဒီ စကားလုံးဟာ မနေ့တစ်နေ့ကအထိ လူရာဝင် နေဆဲ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။

            ဒီရက်ပိုင်းမှာပဲ ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်းကြီးမှာ သမဝါယမအခမ်းအနားတစ်ခုကို ဝှဲချီးကျင်းပခဲ့တယ်။ သမ္မတ ကြီးကိုယ်တိုင် တက်ရောက်ခဲ့သလို သမဝါယမ ပြည်ထောင်စုဝန် ကြီးလည်း တက်ရောက်သွားတယ်။ တာဝန်ရှိသူက မိန့်ခွန်းပြောခဲ့ ရာမှာ ဆိုရှယ်လစ်စနစ်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ သမ ဝါယမစနစ်ရှိရမှာဖြစ်ကြောင်း အရင်က သမဝါယမစနစ်မှာ ချမှတ်ထားတဲ့ မူဝါဒတွေ ကောင်းပေမယ့် စီမံခန့်ခွဲမှုအလွဲတွေနဲ့ မှားယွင်းတဲ့ အကောင်အထည်ဖော်မှုတွေကြောင့် ကျဆင်းခဲ့ရ ကြောင်း ထည့်သွင်းပြောကြားသွားတယ်။ နိုင်ငံပိုင် ရုပ်သံမီဒီယာ တွေမှာလည်း သမဝါယမနဲ့ပတ်သက်တဲ့ ပညာပေးဇာတ်လမ်းကို ထုတ်လွှင့်ပြသပေးနေတယ်။ သမဝါယမခေတ်တစ်ခေတ်ဆန်း ချိန်လား၊ ကျားသေကို အသက်သွင်းခြင်းလား။

            ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမဝါယမရွှေခေတ်တစ် ခေတ် ရှိခဲ့ဖူးတာတော့ အသေအချာပဲ။ အထူးသဖြင့် စီမံကိန်းစီး ပွားရေးဖော်ဆောင်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကပေါ့။ ၁၉၆၂ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်ကာလများမှာ မြန်မာနိုင်ငံဟာ မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာကို  ဖော်ဆောင်ခဲ့ပြီး အဲဒီကာလ များဆီတုန်းက စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးဆိုပြီး အမည်တပ်ခဲ့ကြတယ်။ ဒီကာလက ဇူဇကာစစ်ဆင်ရေးကြောင့် ထောင်နန်းစံခဲ့ရသူတွေဆိုတာ နည်းရော့သလား။ အရင်းရှင်စီး ပွားရေး ဆန့်ကျင်ရေးဆိုတဲ့ မူကြောင့် လမ်းဘေးကွမ်းယာဆိုင် တောင် ပိုက်စိပ်တိုက် သိမ်းခဲ့ကြတာကလား။ ပြည်သူအများစုကြီး ဟာ သမဝါယမဆိုင်တွေကိုသာ ခြေဦးလှည့်ခဲ့ကြရပါရောလား။ ခြွင်းချက်တော့ ရှိတာပေါ့လေ။ ဒေသပါတီကော်မတီတို့၊ တိုင်း ကောင်စီတို့ကတော့ ဆီဦးထောပတ်တွေသာ သီးသန့်ရောင်းတဲ့ ပဒုမ္မာကုန်ပဒေသာဆိုင်တွေ ရောက်တာတော့ ရှိတာပေါ့။

            မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ရဲ့ ကောင်းမှု ကြောင့် ငွေတန်ဖိုးလည်း အမျိုးမျိုး ဖြစ်ကြရပြန်တယ်။ သာမန် ပြည်သူတစ်ယောက်လက်ထဲက ငွေငါးကျပ်နဲ့ တိုင်းကောင်စီတစ် ယောက်ရဲ့ လက်ထဲက ငွေငါးကျပ်တန်ဖိုးချင်းက မတူဘူးလေ။ တိုင်းကောင်စီရဲ့ လက်ထဲက ငွေငါးကျပ်က ကုလားမခြင်းဆွဲနို့ဆီ ဘူးတို့၊ လက်တိုဂျင်နို့မှုန့်ဘူးတို့ကို ပဒုမ္မာကုန်ပဒေသာဆိုင်တွေမှာ ဝယ်လို့ရပြီး သာမန်ပြည်သူရဲ့ လက်ထဲက ငွေငါးကျပ်ကတော့ သမဝါယမဆိုင်က ခွဲတမ်းနဲ့ ပေးတဲ့ ရွှေဝါဆပ်ပြာလောက်သာ ရ တတ်တာပေါ့။

            ဘာပဲပြောပြော ပြည်သူလူထုအများစုကြီးကတော့ သမဝါ ယမဆိုင်တွေကိုသာ အားကိုးကြရတယ်။ သမဝါယမနဲ့ ခေတ်ပြိုင် ကတော့ ပြည်သူ့ကုန်တိုက်ပါပဲ။ မြို့တိုင်းရဲ့ အကွက်အကွင်း ကောင်းတဲ့ နေရာတိုင်းမှာ ပြည်သူ့ကုန်တိုက်တွေ မင်းမူခဲ့ကြ တယ်။ ကျွန်တော်တို့ရဲ့ အရင်မျိုးဆက်တွေကတော့ ‘ပပက’လို့ ခေါ်တဲ့ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်းကို ဖြတ်သန်းခဲ့ကြရတယ် လေ။ သမဝါယမကို အရပ်ထဲက လူတွေက အလွယ်တကူ သမလို့ ပဲ ကင်ပွန်းတပ်လိုက်ကြတယ်။

            သမမှာ ရောင်းတဲ့ပစ္စည်းတွေကတော့ အစုံပဲ။ စားသောက် ကုန်တွေ ဖြစ်တဲ့  ဆန်၊ ဆီ၊ ဆားက အစ အဝတ်အထည်တွေဖြစ်တဲ့ ပေါ်ပလင်၊ မာစရိုက်၊ တက်ထရွန်၊ သရက်ထည်အထိ ရတယ်။ လူ သုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ခွက်ယောက်တို့၊ စာရေးကိရိ ယာတို့လည်း ရတတ်သေးတယ်။ ဘီပီအိုင်က ထုတ်တဲ့ အိမ်သုံး ဆေးဝါးတွေ၊ မြန်မာ့စားသောက်ကုန်လုပ်ငန်းက ထုတ်တဲ့ စား သောက်ကုန်တွေ၊ အလှကုန်ပစ္စည်းဖြစ်တဲ့ သင်းပေါင်ဒါတို့၊ မဉ္ဇူ ရေမွှေးတို့၊ ရှင်မတောင်သနပ်ခါးတို့တောင် ပါသေး။ အဲဒီခေတ် တုန်းက သက်တမ်းကုန်ရက်စွဲ (Expiry Date) တွေ ခေတ်မစား သေးဘူး။ လိုသော်ရှိ၊ မလိုသော်ရှိ ဝယ်ထားကြရတာကလား။

            သမဆိုင်က ပစ္စည်းတွေကို လိုချင်သလောက် သဘောရှိ ကလောဟိ ဝယ်ချင်တိုင်း ဝယ်လို့တော့ မရဘူး။ ပစ္စည်းရယ်လည်း ရှိပါမှ၊ ရှိဦးတော့လည်း ရောင်းချပါဦးမှ၊ ရောင်းသည်ဆိုဦး ဝယ် ခွင့်ရပါဦးမှ သမဆိုင်က ပစ္စည်းက ဝယ်သူ့လက်ထဲ ဒုတ်ဒုတ်ထိ ရောက်ကြရတာပါ။ အဲဒီခေတ်က အိမ်ထောင်စုတိုင်းမှာ သမဆိုင် ဝယ်ယူခွင့်စာအုပ်လေးတွေ ရှိကြရတယ်လေ။ စာအုပ်လေးက လက်တစ်ဝါးသာသာအရွယ် ရှိတာပေါ့။ ရှားတောင့်ရှားပါး ပစ္စည်းလေးတွေ ရောက်လာပြီဆိုရင် ကုန်ဝယ်ယူခွင့်စာအုပ် ရှိရုံ နဲ့ မရတော့ဘူး။ ဝယ်လိုအားများတဲ့အခါ ခွဲတမ်းစနစ်နဲ့ သွားကြရ တယ်။ တစ်ခါတလေတော့ ပစ္စည်းမပေးခင် တစ်ရက်အလို လောက်မှာ သမဆိုင်ရှေ့ ဆိုင်းဘုတ်ချိတ်လိုက်ကြတယ်။ ဦးရာ   လူတဲ့။

            ဦးရာလူလို့ ဆိုင်းဘုတ်ချိတ်လိုက်တာနဲ့ ရပ်ကွက်ထဲမှာ အရေးကြီးသတင်းဖြစ်ပြီ။ ခွဲတမ်းမလောက်လို့သာ ဦးရာလူ ဆိုင်း ဘုတ်ချိတ်ရတာကိုး။ မနက်စောစော သမဆိုင်ရှေ့ ကြိတ်ကြိတ်တိုး ကြရတာပေါ့။ အော်သံဟစ်သံတညံညံ ဖြစ်ကြရတယ်။ သမခေတ် မှာ လူတွေ မဝယ်မဖြစ် ဝယ်ကြတာကတော့ ဆန်ပါပဲ။ သမက ပေးတဲ့ ဆန်ဟာ အများအားဖြင့် ဆန်ကွဲနည်းနည်း၊ ဖွဲနည်းနည်း၊ ခဲနည်းနည်း ရောတိရောရာပါတဲ့ ဧည့်မထပါ။ အလေးနဲ့ ထုထား လို့ ချိုင့်နေတဲ့ ပြည်ခွက်နဲ့ သစ်သားဇလားထဲက ဆန်တွေကို သမ စာရေးတွေက ခြင်တွယ်ပေးလေ့ရှိတယ်။ လူတော်တော်များများ က သမက ပေးတဲ့ ဆန်စားပြီး လူဖြစ်ခဲ့ကြရတယ်။ တချို့တလေက တော့ သမက ပေးတဲ့ ဆန်ကို ထုတ်ပြီး ပြန်ရောင်းတယ်။ ပြီးမှ ဆန် ကောင်းဝယ်စားကြတယ်။ သမပစ္စည်းကို ရောင်းဖို့အတွက် ထွေထွေထူးထူး ရှာစရာမလိုဘူး။ သမဆိုင်က အထွက်မှာပဲ ကောက်တဲ့သူတွေက တန်းစီစောင့်နေကြတာ။ ကုန်ပစ္စည်း စာအုပ်ရှိမှ ဝယ်ယူခွင့်ရခဲ့တာဆိုတော့ အဲဒီစာအုပ်ဟာ ငွေဖော် စရာပစ္စည်းဖြစ်လာတယ်။ လက်လုပ်လက်စားလူတန်းစားတွေ အတွက် ကုန်ဝယ်ယူခွင့်စာအုပ်ဖြစ်တဲ့ သမစာအုပ်လေးဟာ တန် ဖိုးရှိတဲ့ အပေါင်ခံပစ္စည်းဖြစ်သွားတယ်။ ပေါင်ထား၊ နှံထားချိန်မှာ  သမဆိုင်က ထုတ်ပေးတဲ့ ပစ္စည်းတွေကို အပေါင်ခံသူက ထုတ်ယူ ခွင့် ရှိတယ်။ ဒါကိုလည်း နှစ်ဦးနှစ်ဖက်က ကျေနပ်သဘောတူ ပြီးသား။

            သမကပေးတဲ့ ပစ္စည်းတွေဟာ တစ်ခါတစ်ရံမှာတော့  အိုး နင်းခွက်နင်းဖြစ်ရတာတွေ ရှိတာပေါ့လေ။ လူပျိုကြီးက ကလေး အနှီးဝယ်ယူခွင့်ရတာတွေ၊ ဆောင်းတွင်းကာလကြီးမှာ ဘာလီ ရည်တို့၊ ဆီးဖျော်ရည်တို့ ပေါက်တာတွေ၊ ဘယ်သူ့ကိုမှ မဲဖောက် မပေးတဲ့ မောင်ဗမာစက်ဘီးလို ဟန်ပြပစ္စည်းတွေ၊ ပြောရမယ်ဆို ရင် တစ်ထောင့်တစ်ညပုံပြင်လို။ ဦးရာလူဆိုတဲ့ ဆိုင်းဘုတ်ချိတ်တိုင်းသမလူကြီးနဲ့ပတ်သက်တဲ့ ဆွေမျိုးသားချင်းတွေ သာ ရတတ်တာကလည်း ထုံးစံပါပဲ။ ဒါကြောင့်လည်း လူရွှင်တော် တွေက သမနဲ့ပတ်သက်ရင် ဘယ်တုန်းကမှ အလွတ်မပေးခဲ့ဘူး။ သမဝါယမကို သားဝ မယားဝလို့ ပြောလိုပြောကြတာပေါ့။ သင်္ကြန်သံချပ်ထိုးတော့လည်း သမဝါယမက အထိုးခံခဲ့ကြရ တယ်။ ဆိုရှယ်လစ်အသီးအပွင့်တွေကို သမလူကြီးတွေ မြိန်ရေ ရှက်ရေ သုံးဆောင်ခဲ့ကြတာလေ။

            ရပ်ကွက်ထဲမှာတော့ သမလူကြီးဆိုတာ  ကြီးကြီးမာစတာ ထဲမှာပါတဲ့ အခွင့်ထူးခံလူတွေ ဖြစ်ခဲ့ကြတယ်။ တစ်ရပ်ကွက်လုံးမှာ  စက်ဘီးခြောက်စီးလောက်သာရှိတဲ့ ခေတ်က သမလူကြီးအိမ်မှာ စက်ဘီးနှစ်စီးလောက်ရှိခဲ့တယ်။ သမလူကြီးဆိုတာ သောက် တော့ ဒူးယား၊ ဝတ်တော့ မလေးရှားဆိုပြီး ဘုန်းမီးနေလ တောက် ပခဲ့တယ်။

            သမစာရေး၊ ကုန်တိုက်စာရေးတွေကလည်း ကျရာဇာတ် ရုပ်မှာ ပီပီပြင်ပြင်ကပြအသုံးတော်ခံခဲ့ကြသေးတာကလား။ ကောင်တာနောက်မှာ ထိုင်ပြီး ချည်ထိုး၊ ဝတ္ထုဖတ်၊ ဈေးဝယ်လာ မေးရင် မရှိဘူး၊ မသိဘူး၊ ကုန်ပြီဆိုပြီး ပြော၊ ဆားဗစ် (ဝန်ဆောင် မှု)ဆိုတာ ချိုနဲ့လားလို့ မေးရမလိုပဲ။ ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းတဲ့အခါ ရောင်းသူဈေးကွက်ဖြစ်နေတာ မဆန်းပါဘူး။ ကပ်စတန်မာအစ်စ်ဂေါ့ (Customer is God) ဆိုတာ စာအုပ်ထဲမှာပဲ ဂေါ့ပေတော့။ ပြည်သူ့ကုန်တိုက်တို့၊ သမ ဆိုင်တို့မှာတော့ မဂေါ့ဘူး။ သူတို့လက်ကိုင်ထားတာက ဆယ်လ် လာအစ်စ်ဂေါ့။ ရောင်းသူသည် နတ်ဘုရား။

            သမဝါယမစနစ်မှာ ကောင်းတဲ့အချက်လည်း ရှိတယ်။ အဲဒါကတော့ ဈေးသက်သာတာပဲ။ အဓိကစားကုန်ဖြစ်တဲ့ ဆန် ကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူခွင့် ရှိနေတယ်။ လူသုံးကုန် ပစ္စည်းတွေ၊ အခါအားလျော်စွာပေးတဲ့ အထည်အလိပ်တွေက လည်း ဈေးထဲက ဆိုင်တွေထက် သက်သာနေတာ အမှန်ပဲ။ ပစ္စည်းအပိန်အရှုံ့၊ အပေါက်အပြဲကတော့ ဝယ်သူရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်။ ရွှေဝါဆပ်ပြာ ရှုံ့တွနေတာ ရရင် ရမယ်၊ ပိန်ရှုံ့နေ တဲ့ ငါးသေတ္တာတို့၊ နို့ဆီဘူးတို့ ပါရင် ပါမယ်။ ပွယောင်းယောင်း စွပ်ကျယ်နဲ့ တိုနံ့နံ့လုံချည်လည်း ဖြစ်နိုင်သေးတယ်။

            သမခေတ်ရဲ့ အမှတ်အသားတစ်ခုက သမလူကြီးတော် တော်များများ ရာလေးဟမ်းမားစက်ဘီးကြီးတွေ စီးတတ်ကြ တယ်။ စက်ဘီးတစ်စီးလုံး အုန်းဆီနဲ့ ပြောင်နေအောင် ပွတ်ထား ကြတယ်။ ကျွန်တော်တို့အိမ်နားက သမလူကြီးအိမ်မှာ မီးပေါင် ပြည့်မှ ဖွင့်လို့ရတဲ့ ရေဒီယိုကြီးရှိတယ်။

            အဲဒီရေဒီယိုကတစ်ဆင့် ဇာတ်လမ်းပမာ နားဆင်စရာတို့၊ သောတရှင်လိုရာတေးတို့၊ တိုင်းနဲ့ ပြည်နယ်ဘောလုံးပွဲတို့ကို နား ထောင်ခဲ့ကြရတာ မှတ်မိနေတယ်။ ဒါတင်ဘယ်ကသေးလို့လဲ။ ည ပိုင်းအစီအစဉ်တွေမှာလည်း ကျေးတမာနဲ့ ပေဖူးလွှာတို့၊ ရပ်ဝေး မြေမှာ ပညာရှာတို့၊ ဦးလေးကြီးဦးဖေသန်းရဲ့ မေးပါများ စကားရ တို့လည်း ရေဒီယိုတွေကတစ်ဆင့် နားထောင်ခဲ့ကြတာပေါ့။

            သမလူကြီးက မနက်ရှစ်နာရီခွဲတာနဲ့ ရာလေးဟမ်းမား စက်ဘီးစီးထွက်တော့တာပဲ။ သမဆိုင်နားက လက်ဖက်ရည်ဆိုင် မှာ မနေ့က သတင်းစာကို အမြီးပြန်၊ ခေါင်းပြန် ဖတ်သေးတာ။ မနက်ကိုးနာရီဒေါင်ဆိုတော့မှ လက်ဖက်ရည်ဆိုင်က ထလေ့ရှိ တာ။ ညစောင့်ဖွင့်ပေးတဲ့ တံခါးက တစ်ဆင့် သမဆိုင်ထဲကို ဝင် တယ်။ သမဆိုင်ရှေ့က အလံတိုင်မှာ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး ပါတဲ့ အလံတော်ကို လွှင့်တယ်။

            သမဆိုင်အတွင်းထဲမှာ ခေတ်အဆက်ဆက်တာဝန်ထမ်း ဆောင်ခဲ့တဲ့ သမလူကြီးတွေရဲ့ အမည်ကို သင်ပုန်းမှာ ရေးထား တယ်။ နိုင်ငံတော်အလံကိုလည်း ဆိုင်ရဲ့နံရံမှာ ကပ်ထားတယ်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို အလံရဲ့ ညာအောက်ခြေထောင့်မှာ ချိတ်ထားတယ်။ သမဆိုင်မှာ အရောင်းဝန်ထမ်း နှစ်ယောက်၊ သုံးယောက်ရယ်၊ စာရေးရယ်၊ ည စောင့်ရယ်၊ ရုံးအကူရယ်၊ ဥက္ကဋ္ဌရယ်၊ ဝန်ထမ်းအင်အားမနည်းလှ ဘူး။ ဆိုရှယ်လစ်ရဲ့ သားကောင်းများပေါ့။

            တစ်လောကလုံးမှာ သမက လူတွေ ကြောက်တာဆိုလို့ လုပ်ငန်းစစ်ဆေးရေးတစ်ခုပဲ ရှိတယ်။ ဆိုရှယ်လစ်ခေတ်မှာ တန်ခိုးအထွားဆုံးအဖွဲ့လို့လည်း ဆိုနိုင်တယ်။ တချို့နယ်တွေမှာ လုပ် ငန်းစစ်ဆေးရေးဝင်လို့ ထောင်တန်းကျကုန်ကြတာကလည်း မနည်းဘူးမဟုတ်လား။ ဆရာသမားတွေလာရင် ဖူးဖူးမှုတ် ဧည့်ခံ ထားရတဲ့အပြင် ပြန်ရင်လည်း အပြန်လက်ဆောင်တွေ နင့်နေ အောင်ပေးကြရတာ။ အဲဒီလိုမလုပ်လို့ကလည်း မဖြစ်ဘူးလေ။ လုပ်ငန်းစစ်ဝင်ချိန် ပစ္စည်းကွာ၊ စာရင်းကွာ၊ ငွေကွာရင် သွားပေ တော့ ထောင်ထဲ။ အရပ်ထဲမှာ ပြောနေကျစကားပုံတစ်ခု ရှိတယ်။ လုပ်ငန်းစစ် ဝင်မယ်ကြားရင် သမဂိုဒေါင်ရှိတဲ့ ရပ်ကွက်တွေ မီး ရေး၊ ထင်းရေး ပိုပြီး သတိထားကြရသတဲ့။ စာရင်းမနိုင်၊ ငွေမနိုင်တော့တဲ့အခါ အပျောက်ရိုက် အပြောင်ရှင်းကြတဲ့သဘော။ ဘောလ်ပင်ရောင်စုံထည့်ထားတဲ့ တိုက်ပုံ ဆယ့်နှစ်ရာသီဝတ်ပြီး အများပြည်သူကို မျက်မှန်ကြီးကျော်ကျော်ကြည့်တဲ့ သမလူကြီး တွေ လုပ်ငန်းစစ်ဝင်ချိန်ဆို ပြုံးလို့၊ ဖြီးလို့၊ အချိုပေါ်သကာလောင်း ရုံမကဘူး၊ မလိုင်ပါ အုပ်ထားသလိုမျိုး။

            သမခေတ်မှာ ပြောစမှတ်ဖြစ်တာ တစ်ခုရှိသေးတယ်။ လိုက်ဖက်တာ၊ မလိုက်ဖက်တာ အသာထား။ အရောင်းသွက် ပစ္စည်းနဲ့ အရောင်းထိုင်းပစ္စည်းကို တွဲထုတ်ကြရတယ်။ ခပေါင်းစီး ကရက်နဲ့ ရေနံဆီ၊ နေကြာဓာတ်ဘူးနဲ့ ရွှေဝါဆပ်ပြာ၊ နေရှင်နယ် ဓာတ်ခဲနဲ့ အလှဆီ၊ သွားတိုက်ဆေးနဲ့ အချိုစုံ၊ ကြွေရည်သုတ် မတ် ခွက်နဲ့ သကြား။ အသုံးတည့်တဲ့ ပစ္စည်းတွေချည်း ရလေ့ရှိတာနည်း ပြီး သမဆိုင်က အထွက်မှာ အချင်းချင်းပြန်လဲကြရတာလည်း ရှိ တယ်။ အဲဒီခေတ်မှာ ပစ္စည်းက ရှားလွန်းတာကြောင့် သမဆိုင်က ရလာတဲ့ ပစ္စည်းကို စနစ်တကျ သုံးစွဲကြရတယ်။ ဘာပစ္စည်းဖြစ် ဖြစ် စလယ်ဆုံး သုံးပါးစလုံး စနစ်တကျ ခြိုးခြိုးခြံခြံ သုံးစွဲကြရ တယ်။ ပစ္စည်းတစ်ခုကို ကုန်သည်အထိ သုံးခဲ့ကြတဲ့ ကာလ        တွေပေါ့။

            ရွှေဝါဆပ်ပြာတစ်ဖြတ်ကိုပဲ ခေါင်းလျှော်၊ မျက်နှာသစ်၊ ကိုယ်တိုက်၊ အဝတ်လျှော်ဖို့ ဖိုးအင်န်ဝမ်း သုံးခဲ့ကြရတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ရောက်မှသာ ခေါင်းလျှော်ရည်အတွက် သံပရာ ခြမ်းဆိုတဲ့ အစိမ်းရောင်ထုပ်ကလေး ပေါ်လာတာပါ။ အခုတော့ လည်း ခေါင်းလျှော်ရည်တွေဆိုတာများ ပေါမှ ပေါ။ ပန်တင်းရှိ တယ်၊ ဆန်းစစ်ရှိတယ်၊ ရက်ဗလွန်ရှိတယ်။ ထိုင်းက လာတာ ကြိုက်သလား၊ တရုတ်ကလာတာ ကြိုက်သလား၊ ရွေးချယ်စရာ တွေ သိပ်ပေါနေပြီ။သြော်…ခေတ်…ခေတ်…ခေတ်။

            သံပရာခြမ်းနဲ့ တရော်ကင်ပွန်းက လွဲပြီး ရွေးစရာမရှိတဲ့ ခေတ်ကနေ ဒီနေ့ခေတ်မှာ ရွေးချယ်စရာတွေ များလာနေပြီ။ တန်းစီးတိုးစားရတာကို ခေတ်က မလိုချင်တော့ဘူး။ မသိဘူး၊ မရှိ ဘူး၊ ကုန်ပြီဆိုတဲ့ ဆားဗစ်ညံ့တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေက မဆက်ဆံချင်တော့ဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါ သတိရ လေ့ရှိကြပေမယ့် လွမ်းလွန်းလို့တော့ မဟုတ်ဘူး။

            ဈေးကွက်စီးပွားရေးလို့ တွင်တွင်အော်နေတဲ့ ဒီနေ့ခေတ် မှာ သမဝါယမစနစ်ကို ပြန်လည်ရှင်သန်ထမြောက်ဖို့ တာဝန်ရှိသူ တွေ ကြိုးစားလာကြတယ်။ ကျွန်တော်တို့ ဈေးရောင်းတတ်ကြပြီ လား မေးခွန်းထုတ်ရပါတော့မယ်။ စိန့်နိုင်ငံရေးသုခမိန်ကြီး ဥက္ကဋ္ဌ မော်ကတော့ အရှေ့တိုင်းသားတွေဟာ ကုန်သည်ကောင်း မဖြစ်နိုင်ဘူးလို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးတယ်။ အခုအထိ မှန်နေသေးတဲ့ အဆိုတစ်ရပ်ပါပဲ။ ဈေးကောင်းရအောင် မရောင်း တတ်ကြဘူး။ မရောင်းခင် ဝန်ဆောင်မှု၊ ရောင်းနေတုန်း ဝန် ဆောင်မှု၊ ရောင်းပြီးဝန်ဆောင်မှုတွေမှာ အရှေ့တိုင်းသားတွေဟာ အနောက်တိုင်းသားတွေကို မယှဉ်နိုင်သေးဘူး။ သမိုင်းက သက် သေပြခဲ့ပြီးပါပြီ။

            နေရာအကွက်အကွင်းကောင်းကောင်းတွေမှာ နေရာယူ ထားပြီးဝန်ထမ်းဖွဲ့စည်းပုံ အပြည့်ရှိပါလျက်နဲ့ ရောင်းသူဈေးကွက် ဖြစ်ပါလျက်နဲ့ ရေရှည်တည်တံ့အောင် မလုပ်နိုင်ခဲ့ကြဘူး။ ဒီနေ့လို လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ အရင်လို စံနှုန်းတွေနဲ့ ဝင်ပြိုင်လို့တော့ ရမှာ မဟုတ်ဘူး။

            ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့ကာလအတွင်းမှာ သမ ဝါယမပိုင် နေရာအချို့ လက်ပြောင်းလက်လွှဲမြန်တယ်၊ သမဝါယမ ဆိုင်နေရာအချို့မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းလုပ်နေကြတာ ရှိတယ်။ အခန်းငှားနေကြတာ ရှိတယ်။ ဘယ်လိုက ဘယ်လို ပတ် သက်ဆက်စပ်ပြီး ရောက်လာတယ်မသိဘူး။ တချို့သမဆိုင်တွေ လည်း ပြုပြင်သူမဲ့ ပြိုကျပျက်စီးလို့။ တချို့သမဆိုင်တွေကတော့ ဆိုင်းဘုတ်ကို မရှိတော့ဘူး။ တချို့တလေက သစ်သစ်လွင်လွင် လေပြည်ထဲတွင် ငယ်ရုပ်ဆင်၊ ဒါပေမဲ့ သမဆိုင်းဘုတ် မဟုတ် တော့ဘဲ အခြားဆိုင်းဘုတ်ဖြစ်နေပြီ။ သင်္ခါရလောကပေပါ တကား။

            အခု သမဝါယမကို တစ်ခေတ်ဆန်းဖို့ ပြင်ဆင်နေတာ တွေ့ ရတော့ အရင်လိုအကျင့်မျိုးတွေ၊ စရိုက်ဆိုးတွေ လာဦးမှာလားဆို တာ စိတ်ပူမိတာ အမှန်ပဲ။ သမဝါယမစနစ် အမှန်တကယ်အောင် မြင်ဖို့က သမကို ဝါယမစိုက်ဖို့ လိုပါတယ်။ သမကို ဝါယမ မစိုက် နိုင်ရင် ဒီတစ်ခါလည်း သမတာ ခံရဦးမှာပဲလေ။ သမဝါယမလုပ် ငန်းကို မလုပ်မဖြစ် ပြန်လုပ်မယ်ဆိုရင်လည်း ဝန်ဆောင်မှုကောင်း ကောင်း၊ ဈေးနှုန်းချိုချို၊ အမျိုးအစားမှန်မှန် ရဖို့သာ ကြိတ်ဆု တောင်းနေပါတော့မယ်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."