ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၁)

ဆေးရုံ၊ ဆေးခန်းထုတ် အမှိုက်တွေက ထပ်ထုတ်မယ့် ရောဂါကွန်ရက် အပိုင်း(၁)

ည ၈ နာရီခွဲဝန်းကျင်ဆိုရင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်မှာရှိတဲ့ ဆေးခန်းတစ်ခုရဲ့ ပိတ်ချိန်ကို ရောက်လာပါပြီ။ ခါတိုင်းနေ့တွေမှာလိုပဲ ဇွန် ၁၅ ရက်ညနေမှာလည်း အဲဒီ ဆေးခန်းဟာ ၈ နာရီခွဲလောက်မှာ ပိတ်ပါတယ်။

ဆေးခန်းမှာ အကူလုပ်ပေးနေတဲ့အမျိုးသမီးဟာ အပြာ ရောင်ပလတ်စတစ်အထုပ်တစ်ထုပ်ကို ဆွဲလာပြီး လမ်းထိပ် ရောက်တာနဲ့ အမှိုက်ပုံမှာ လှမ်းပစ်လိုက်ပါတယ်။

အဲဒီအမျိုးသမီးပြန်ထွက်သွားပြီးနောက် အဲဒီအမှိုက်ထုပ် ကို ကျွန်တော်သွားပြီး ဖြဲကြည့်လိုက်ချိန်မှာ အထဲမှာ ဆေးခန်းက စွန့်ပစ်လိုက်တဲ့ အသုံးပြုပြီးသား ဂွမ်းစတချို့၊ ဆေးကတ်အခွံ၊ ဆေးပုလင်းအခွံတချို့နဲ့ အခြား အထွေထွေ အမှိုက်တွေလည်း ရောထွေးပြီး ပါဝင်နေတာကို တွေ့ရပါတယ်။ (အထွေထွေအမှိုက် ဆိုတာကတော့ မုန့်ခွံတွေ၊ ပလတ်စတစ်အိတ်တွေကို ပြောတာပါ။)

ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေဆိုတာ ရောဂါပိုးကူး စက်နိုင်တဲ့ အမှိုက်တွေ ဖြစ်တာကြောင့် အိမ်တွေက ထွက်တဲ့ အမှိုက်တွေနဲ့ မရောရဘဲ သီးခြားဆေးရုံ၊ ဆေးခန်း အမှိုက်သိမ်း ကားတွေဆီမှာပဲ စွန့်ပစ်ရတဲ့အရာပါ။

ဒါပေမဲ့ အထက်ပါဆေးခန်းက တာဝန်ရှိသူအဆိုအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(စည်ပင်)က ဆေး ခန်း အမှိုက်စွန့်ပစ်ခ(သို့) စီးပွားရေးအမှိုက်စွန့်ပစ်ခ လစဉ်လာ ရောက်ကောက်ခံပေမယ့် ဆေးခန်းထွက်အမှိုက်တွေကိုတော့ သီးခြားလာမသိမ်းဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လမ်းထိပ်က အမှိုက်ပုံမှာပဲသွားပြီး စွန့်ပစ်ရတယ်လို့ ဆိုပါတယ်။

”အမှိုက်ပစ်ချင်ရင် လမ်းထိပ်အမှိုက်ပုံမှာ ပစ်လို့ ပြန်ပြော သွားတယ်”လို့ စီးပွားရေးအမှိုက်စွန့်ပစ်ခ လစဉ်လာရောက် ကောက်ခံတဲ့ စည်ပင်ဝန်ထမ်းက သူ့ကို ပြောဆိုသွားပုံကို အထက်ပါ ဆေးခန်းတာဝန်ရှိသူက ပြောပြပါတယ်။

ဒီလိုမျိုး ဆေးရုံ၊ ဆေးခန်းအမှိုက်တွေက သတ်မှတ်နေရာ မှာ မစွန့်ပစ်ဘဲ ရပ်ကွက်အတွင်းက အထွေထွေအမှိုက်ပုံတွေမှာ ရောထွေးသွားရင် ဘာတွေဖြစ်လာနိုင်ပါသလဲ။

လက်တစ်ကမ်းက ရောဂါကွန်ရက်

လူနေအိမ်တွေကထွက်တဲ့ သာမန်အထွေထွေအမှိုက်တွေ ထက် ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေက များစွာသော ရောဂါ ပိုးမွှားတွေ ပါဝင်နေသလို အဲဒါတွေဟာ လွယ်ကူစွာ ရောဂါပိုး ကူးစက်နိုင်တဲ့ ပစ္စည်းတွေလည်း ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ပြောဆိုပါတယ်။

ဒီဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေကိုသာ စနစ်တကျ မကိုင်တွယ်နိုင်ရင်၊ စနစ်တကျမဖျက်ဆီးနိုင်ရင်တော့ ရောဂါပိုး များစွာက ကျွန်တော်တို့ဆီ ကူးစက်ဖို့ လက်တစ်ကမ်းမှာ ရှိနေ တယ်လို့ မော်ကွန်းက တွေ့ဆုံခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင် တွေက ဆိုပါတယ်။

ပိုးမွှားစသည့် အလွန်သေးငယ်သော အရာများကို လေ့ လာသည့် အမည်မဖော်လိုသူ အဏုဇီဝဗေဒ ကျွမ်းကျင် ဆရာဝန် ကြီးကတော့ ဒီလို ဆေးရုံ၊ ဆေးခန်းတွေက ထွက်တဲ့ အမှိုက်တွေဟာ ရပ်ကွက်ထဲက အမှိုက်ပုံတွေထဲမှာ ရောထွေးပြီး ရောက်ရှိနေ တဲ့ အခြေအနေဟာ ”ပြည်သူတွေအတွက် ရင်လေးစရာ အခြေ အနေ”လို့ မှတ်ချက်ပြုပါတယ်။

စိုးရိမ်ရတဲ့ အချက်တွေထဲက တစ်ခုကတော့ လမ်းဘေးခွေး တွေက အမှိုက်ထုပ်တွေကို ကိုက်ဖြဲပြီး အစာရှာဖွေရင်း ဆေးရုံ၊ ဆေးခန်းထွက် စွန့်ပစ်အမှိုက်ထုပ်တွေ ပေါက်ပြဲသွားမယ်ဆိုရင် ဆေးထိုးအပ်တွေ၊ ဂွမ်းစတွေ၊ ပတ်တီးစတွေ ပြန့်ကျဲသွားမယ်၊ အဲဒီကတစ်ဆင့် အမှိုက်လာပစ်တဲ့သူတွေကို ရောဂါကူးစက်သွားနိုင်တယ်ဆိုတာပါပဲ။ (ရန်ကုန်မြို့သည် ခွေးလေခွေးလွင့် ပေါများ သောမြို့ကြီးတစ်မြို့ဖြစ်ပြီး ယင်း၏နောက်ဆက်တွဲအန္တရာယ် များကို ၂ဝ၁၃၊ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း၊ အမှတ် ၇ တွင် ‘ခွေးလေခွေး လွင့်ပေါသည့် ကျွန်တော်တို့၏မြို့ပြ’ ဆောင်းပါး၌ ဖော်ပြထားပါသည်။)

နောက်တစ်ချက်က အမှိုက်ပုံတွေမှာ အမှိုက်ထဲက ပြန် ရောင်းလို့ရမယ့် ပစ္စည်းတွေ ရှာဖွေတဲ့သူတွေလည်း ရှိနေပါတယ်။ သူတို့က ပြန်ရောင်းလို့ရမယ့် ဘယ်ပစ္စည်းမဆို ကောက်ယူကြ တာပါ။ ဆေးခန်းအမှိုက်တွေမှာဆိုရင် ဆေးထိုးအပ်၊ Drip ပိုက် စတဲ့ ပလတ်စတစ်ပစ္စည်းတွေကိုတော့ သေချာပေါက်ယူဆောင် မှာ ဖြစ်တယ်လို့ အဏုဇီဝဗေဒဆရာဝန်ကြီးက ပြောပြပါတယ်။

အဖုံးဖုံးမထားဘူးဆိုရင် ဆေးထိုးအပ်တွေဟာ သူတို့ကို ထိုးမိနိုင် ပါတယ်။ ဒါ့အပြင် သွေး၊ ပြည်စတာတွေနဲ့ ပေကျံနေတဲ့ ဂွမ်း၊ ပတ်တီးတွေကို ကိုင်မိမယ်ဆိုရင်လည်း ရောဂါပိုးတွေ ကူးစက်နိုင် ပါသေးတယ်လို့ လုပ်သက် ၃၅ နှစ်ရှိ အထက်ပါ အဏုဇီဝဗေဒ ဆရာဝန်ကြီးက ဆိုပါတယ်။

ကောက်လာတဲ့သူတွေကနေ ပစ္စည်းတွေက နောက်ထပ် တစ်နေရာကို ထပ်ရောက်မယ်။ စဉ်းစားကြည့်ရင် လမ်းကြောင်း က အရှည်ကြီးပါပဲလို့ သူက ဆက်ပြောပါတယ်။

ဇီဝစွန့်ပစ် အမှိုက်တွေဆိုတာ ဆေးရုံ၊ ဆေးခန်းက ထွက် တာနဲ့ ဖျက်ဆီးတဲ့ နေရာပို့ပြီး ချက်ချင်း ဖျက်ဆီးရမယ့် အမှိုက် တွေပါ။ ဒီလိုမဟုတ်ဘဲနဲ့ ဆေးရုံ၊ ဆေးခန်းက ထွက်လာတဲ့ အမှိုက် က ဖျက်ဆီးတဲ့နေရာ မရောက်ဘဲ ပြင်ပကို ပြန်ရောက်သွားတဲ့ အခြေအနေဟာ ရောဂါကူးစက်နိုင်တဲ့ လမ်းကြောင်းကို ဆွဲဆန့် လိုက်သလိုမျိုးပဲလို့ အဏုဇီဝဆရာဝန်ကြီးက ဆိုပါတယ်။

”အမှိုက်ပစ်တယ်ဆိုတာ သာမန်ကြည့်ရင် အရေးမကြီးဘူး လို့ ထင်ရပေမယ့် အိမ်က စွန့်တဲ့အမှိုက်တွေကတော့ ကိစ္စမရှိဘူး။ သို့သော် လူနာတွေနဲ့ ပတ်သက်ပြီးတော့ ဆေးရုံ၊ ဆေးခန်းက စွန့် ပစ်တဲ့ အမှိုက်တွေကတော့ ရောဂါကူးစက်နိုင်တဲ့အတွက် ကျန်တဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကို ရောဂါကူးစက်နိုင်တယ်။ အလွန် ပဲ အရေးကြီးပါတယ်”လို့လည်း အဆိုပါ အဏုဇီဝဗေဒ ဆရာဝန် ကြီးက ဆိုပါတယ်။

ဆေးရုံ၊ ဆေးခန်းထွက် ဇီဝစွန့်ပစ်အမှိုက်ဆိုတာကတော့ လူနာတွေရဲ့ သွေး၊ သလိပ်၊ ပြည်၊ သားနံရည်၊ ဆီး၊ ဝမ်း စတာတွေ နဲ့ ထိတွေ့ထားရတဲ့ ပတ်တီးတွေ၊ ဂွမ်းတွေ၊ ဆေးထိုးအပ်တွေ၊ Drip ပိုက်တွေ၊ ဆီးအိတ်တွေ၊ သွေးအိတ်တွေ၊ ဆီးပိုက်တွေ၊ ဓာတ်ခွဲခန်း နမူနာခွက်တွေ စတာတွေ ပါဝင်ပါတယ်။

အဲဒီလို ဇီဝစွန့်ပစ်ပစ္စည်းတွေမှာ သွေးကတစ်ဆင့် ကူးစက် နိုင်တဲ့ ရောဂါပိုးမွှားတွေ၊ လေထုထဲကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများအပြားရှိတယ်လို့ အဏုဇီဝဗေဒဆရာ ဝန်ကြီးက ဆိုပါတယ်။ သွေးက ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးစတဲ့ ရောဂါကြီးတွေကစပြီး အခြားရောဂါငယ်တွေလည်း ကူးစက်လာနိုင်တယ်လို့ သူက ရှင်း ပြပါတယ်။

လေထုထဲက ကူးစက်နိုင်တဲ့ ရောဂါတွေမှာ တီဘီရောဂါလို နာတာရှည်ရောဂါတွေကစပြီး နှာစေး၊ ချောင်းဆိုးရောဂါတွေ အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေလည်း ကူး စက်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဆီးနဲ့ ပတ်သက်တဲ့ စွန့်ပစ်ပစ္စည်းတွေမှာဆိုရင်တော့ ဘက် တီးရီးယားမျိုးစုံပါဝင်နေပြီး ဝမ်းနဲ့ ပတ်သတ်တဲ့ စွန့်ပစ်ပစ္စည်း တွေမှာဆိုရင်လည်း ဘက်တီးရီးယားတွေအပြင် ကပ်ပါးပိုးတွေပါ များစွာ ပါဝင်နေတယ်လို့ အဏုဇီဝဗေဒဆရာဝန်ကြီးက ဆက် လက် ရှင်းပြပါတယ်။

ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေကြောင့် အလျင်အမြန် ရောဂါပိုးကူးစက်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ဝမ်း ကိုက်ရောဂါပိုးတွေလည်း ဖြစ်နိုင်တယ်လို့လည်း သူက ရှင်းပြပါ သေးတယ်။

Photo: Kaung Myat Moe          စူးရှနိုင်သော အမှိုက်များ မြေမြုပ် ဖျက်ဆီးရာ အင်္ဂတေကျင်းများ

အမှိုက် ပုံမှန်လာမသိမ်း

ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အမှိုက်ပစ်တာ နဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်နေသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိသလဲ၊ စည်ပင်ကရော အမှိုက်တွေကို ဘယ်လို သိမ်းယူဖျက်ဆီး လဲဆိုတာကို သိရဖို့ အမှိုက်တွေစထွက်တဲ့နေရာကနေစပြီး နောက်ဆုံး မီးရှို့ဖျက်ဆီးတဲ့ နေရာအထိ မော်ကွန်းက လိုက်ကြည့် ခဲ့ပါတယ်။

မော်ကွန်းက ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ကိုးမြို့ နယ် (စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ လမ်းမတော်၊ လသာ၊ လှိုင်သာယာ၊ ဗိုလ်တထောင်)က အစိုးရ ဆေးရုံ နှစ်ရုံ၊ ပုဂ္ဂလိက ဆေးရုံနှစ်ရုံနဲ့ ရပ်ကွက်တွင်း ဆေးခန်း ၄ဝ ကျော်ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိကအထူးကုဆေးရုံကြီးတွေကိုတော့ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ ဆေးရုံ၊ ဆေးခန်းအမှိုက်သိမ်း ကားလာတယ်လို့ မော်ကွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဆေးရုံတာဝန်ရှိ သူတွေက ဆိုပါတယ်။ အမှိုက်သိမ်းကား အချိန်မှန်မလာလို့ ဆေး ရုံရဲ့ အမှိုက်တွေ စုပုံတဲ့နေရာမှာ ထားစရာအခက်အခဲဖြစ်ရတာကို အစိုးရဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံတွေလည်း ကြုံတွေ့ ခဲ့ရ ဖူးတယ်လို့ ဆိုပါတယ်။

မော်ကွန်းက မေးမြန်းခဲ့တဲ့ ဆေးခန်း ၄ဝ ကျော်အနက် ဆေးခန်း ၃၇ ခုက ပြောကြတာက သူတို့ဆီကို စည်ပင်အမှိုက် သိမ်းကားတွေ အချိန်မှန်ရောက်မလာကြဘူးလို့ဆိုတဲ့အချိန်မှာ ဆေးခန်းလေးခန်း(မေးခဲ့သမျှ ဆေးခန်းတွေရဲ့ ဆယ်ပုံတစ်ပုံ)က တော့ သူတို့ဆီကို အမှိုက်သိမ်းကားတွေ လုံးဝ ရောက်မလာကြဘူး လို့ ဆိုပါတယ်။

ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ ဆေးခန်းဟာလည်း စည်ပင် က အမှိုက်သိမ်းကား လုံးဝမလာလို့ ဆေးခန်းက ထွက်တဲ့ အမှိုက် တွေကို လူနေအိမ်တွေက ထွက်တဲ့အမှိုက်တွေပုံတဲ့ အမှိုက်ပုံမှာ သွားပြီး စွန့်ပစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့အတိုင်းဆိုရင် စည်ပင်က ဆေးရုံ၊ ဆေး ခန်း အမှိုက်တွေကို နေ့စဉ်သိမ်းယူရမှာပါ။

ဒါပေမဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ အမှိုက်သိမ်းကား အရေအတွက်နဲ့ ဆေးရုံ၊ ဆေးခန်းအမှိုက်ထွက်ရှိတဲ့ နှုန်းအပေါ် မူ တည်ပြီး ခရိုင်စည်ပင်နဲ့ ဆေးရုံ၊ ဆေးခန်းတွေက ညှိနှိုင်းသိမ်းယူ တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သန့်ရှင်းရေးဌာန တောင်ပိုင်းခရိုင်မှူး ဦးရန်ငြိမ်းချမ်း က ဆိုပါတယ်။

”ကျွန်တော်တို့ နေ့တိုင်းသွားရင်တောင် သူတို့(ဆေးခန်း)ဘက်က ပစ်ဖို့မရှိဘူး။ ဒါကြောင့် ရုံးမှာ ဘယ်ဆေးရုံက ဘယ်နှ ရက် တစ်ခါသိမ်းရမယ်၊ ဘယ်ဆေးခန်းက ဘယ်နှရက်တစ်ခါသိမ်း ရမယ်ဆိုတာ စာရင်းနဲ့ မှတ်ထားရတယ်”လို့ သူက ရှင်းပြပါတယ်။

ဆေးရုံ၊ ဆေးခန်း စွန့်ပစ်အမှိုက်တွေကို မြို့တော်စည်ပင် ခရိုင်အဆင့်ဌာနတွေက ကိုင်တွယ်သိမ်းယူတာပါ။ ခရိုင်တစ်ခုမှာ ကားနှစ်စီးထားရှိပြီး ခရိုင်လေးခုအတွက် စုစုပေါင်း ကားရှစ်စီးနဲ့ သိမ်းယူတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးအောင်မြင့်မော်က ရှင်းပြပါတယ်။

အဆိုပါ ကားရှစ်စီးရဲ့ ဝင်ဆံ့မှုအားကတော့ တစ်စီးနဲ့တစ်စီး မတူညီကြပါဘူး။ နှစ်တန်ကနေစပြီး လေးတန်အထိဆံ့တဲ့ အမှိုက် သိမ်းကားတွေ ဖြစ်တယ်လို့ သူက ဆိုပါသေးတယ်။

ဦးအောင်မြင့်မော်ကတော့ ”လက်ရှိအခြေအနေနဲ့ အမှိုက် ကားတွေကတော့ လုံလောက်ပါသေးတယ်”လို့ ဆိုပါတယ်။

ဦးအောင်မြင့်မော်က အထက်ပါအတိုင်းဆိုနေပေမယ့် ရပ် ကွက်ထဲက ဆေးခန်းငယ်တွေကို လိုက်မေးကြည့်တဲ့အခါမှာ အမှိုက်သိမ်းကား ပုံမှန်မလာတာဟာ သူတို့အတွက် ကြီးမားတဲ့ ပြဿ      နာတစ်ခု ဖြစ်နေတယ်လို့ဆိုပါတယ်။ အဲဒီတော့ ဆေးခန်း ငယ်တွေက အန္တရာယ်ရှိ အမှိုက်တွေကို စွန့်ပစ်ဖို့အရေး ရင်လေး စရာဖြစ်နေကြပါတယ်။

ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ‘ခိုင်’ ဆေး ခန်းက တာဝန်ရှိသူကတော့ ”အိမ်မှာဆေးခန်းဖွင့်တော့ ဒီ အမှိုက်တွေကိုလည်း အိမ်ထဲမှာပဲ သိမ်းထားရတာ၊ ကြွက်တွေက ကိုက်ဖောက်တယ်။ ဘယ်လိုထားရမလဲ။ သူတို့ကားတွေ ပုံမှန် မလာရင် ရောဂါထုပ်ကြီး ပိုက်ထားရသလိုပဲ”လို့ သူတို့ဆေးခန်းရဲ့ အခက်အခဲကို ရှင်းပြပါတယ်။ (ရန်ကုန်မြို့တွင် ကြွက်ပြဿ      နာ ကြီးမားပုံကို ၂ဝ၁၅၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း၊ အမှတ် ၂၁ တွင် ‘ကြွက်တို့စံပျော် ရန်ကုန်မြို့တော်’ခေါင်းစဉ်ဖြင့် ဆောင်းပါး ဖော်ပြထားပြီး ဖြစ်ပါသည်။)

အမှိုက်သိမ်းကားတွေသာ ပုံမှန်မလာပေမယ့် တစ်လတစ် ခါ ငွေလာကောက်တဲ့ ဆေးခန်းအမှိုက်စွန့်ပစ်ခကတော့ ပျက် ကွက်တယ်မရှိအောင် ပုံမှန်လာတယ်လို့ တစ်လ ၁,၅ဝဝကျပ် ဆောင်ရတဲ့ ငွေပြေစာဖျက်ပိုင်းပြသရင်း ‘ခိုင်’ဆေးခန်းတာဝန် ရှိသူက ပြောပြပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ ပိတောက်ပင်လမ်းက ‘မဟာ’ ဆေး ခန်းရဲ့ တာဝန်ရှိသူ ဒေါက်တာမြင့်မြင့်ကြည်ကလည်း အခုလို ဆို ပါတယ်။

”ဧပြီတစ်လလုံး မလာသေးဘူး။ အခုနောက်ဆုံးအပတ်ထဲ ရောက်နေပြီ။ တစ်ခါမှ မလာသေးဘူး။ ဖုန်းအမြဲဆက်ရတယ်။ သူတို့(စည်ပင်)ကို မေးလိုက်ရင်တော့ ကားပျက်နေလို့ ဆိုတာ ချည်းပဲ”လို့ ဧပြီလနောက်ဆုံးပတ်အတွင်း တွေ့ဆုံမေးမြန်းရာမှာ ပြောပြပါတယ်။

‘မဟာ’ဆေးခန်းဟာ တီဘီသလိပ်ပိုးစစ်ဆေးမှုတွေကို ပြု လုပ်ပေးနေတဲ့ ဆေးခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလို လူနာ များတဲ့ ဆေးခန်းတွေရဲ့ စွန့်ပစ်အမှိုက်တွေကို တစ်လနေမှ တစ် ခါလောက်လာသိမ်းတာဟာ အဆင်မပြေသလို အိမ်မှာ လုံခြုံမှုရှိ အောင် သိမ်းဖို့လည်း သတိကြီးကြီးထားနေရတယ်လို့ ဒေါက်တာ မြင့်မြင့်ကြည်က ဆိုပါတယ်။

‘မဟာ’ဆေးခန်းကတော့ အမှိုက်သိမ်းကား ပုံမှန်မလာတဲ့ လတွေမှာ ဆေးခန်းထွက်စွန့်ပစ်အမှိုက်တွေကို အိမ်နောက်ဖေး မှာပဲ လုံခြုံအောင် ထိန်းသိမ်းထားရတယ်လို့ဆိုပါတယ်။ လူနာ တွေနဲ့ ထိတွေ့ထားတဲ့ ဂွမ်း၊ ပတ်တီး စတာတွေကိုတော့ အဝါ ရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပြီး အမှိုက်ပုံးတွေထဲမှာ အဖုံး ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒီလို လုံခြုံအောင်ထားဖို့အတွက် နေရာအများအပြားပေး ရပါတယ်။ အမှိုက်ကား သုံးပတ်လောက်နောက်ကျနေပြီဆိုရင် တော့ အမှိုက်တွေသိမ်းဆည်းထားဖို့ အခက်အခဲရှိလာပြီလို့လည်း ဆိုပါတယ်။

ဆေးထိုးအပ်တွေဆိုရင်တော့ အသုံးပြုပြီးပါက အပ်ကို အဖုံးပြန်ဖုံးပါတယ်။ ပြီးရင်တော့ အပ်တွေ အလွယ်တကူ အပြင် ကို ဖောက်မထွက်နိုင်အောင်  မျက်နှာပြင်ထူတဲ့ ပလတ်စတစ်ဘူး၊ ကပ်ထူစက္ကူဘူး စတာတွေနဲ့ နောက်တစ်ဆင့်ထပ်ပြီး သိမ်း ဆည်းပါတယ်။ အဲဒီဘူးတွေမှာ အပ်တွေပြည့်သွားရင်တော့ ဘူး ကို ပိတ်ပြီး အနီရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပြီး စွန့်ပစ် တယ်လို့ ဒေါက်တာမြင့်မြင့်ကြည်က ဆိုပါတယ်။

ဒီလို အပ်ဘူးတွေအတွက်ကတော့ နေရာအများကြီး မပေး ရဘဲ အပ်ဘူးတစ်ဘူး ပြည့်ဖို့ အနည်းဆုံး သုံးလလောက်ကြာနိုင် တယ်လို့ ဒေါက်တာမြင့်မြင့်ကြည်က ဆိုပါတယ်။ အိမ်မှာ သိမ်း ဆည်းဖို့ နေရာအခက်အခဲကတော့ ဝန်ပိုကြီးတဲ့ အဝါရောင်အိတ် နဲ့ စွန့်ပစ်ရတဲ့ အမှိုက်တွေအတွက်ပဲလို့ သူက ရှင်းပြပါသေးတယ်။

အဲဒီလိုသိမ်းဆည်းဖို့ နေရာအခက်အခဲကြောင့် ရောဂါပိုး ကူးစက်ဖို့ အ္တနရာယ်မရှိနိုင်တဲ့ စက္ကူ၊ ကော်၊ ပလတ်စတစ် စတာ တွေနဲ့ ပြုလုပ်ထားတဲ့ ဆေးပုလင်းအခွံ၊ ဆေးဘူးအခွံတွေကိုတော့ အထွေထွေအမှိုက်သိမ်းကားတွေဆီကိုပဲ အစိမ်းရောင် ပလတ် စတစ်အိတ်နဲ့ စွန့်ပစ်တယ်လို့ မဟာဆေးခန်းရဲ့ ဖြေရှင်းနည်းကို ဒေါက်တာမြင့်မြင့်ကြည်က ရှင်းပြပါတယ်။

ကျွန်တော်လေ့လာကြည့်တဲ့အခါမှာတော့ အထွေထွေ အမှိုက်စွန့်ပစ်တဲ့ အစိမ်းရောင်အမှိုက်အိတ်တွေထဲမှာ တီဘီ ရောဂါပိုး စစ်ဆေးဖို့အတွက် သလိပ်နမူနာရယူထားတဲ့ ဘူးအခွံ တွေ ပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။

ဒေါက်တာမြင့်မြင့်ကြည်ကတော့ အခုလို ဆိုပါတယ်။ ”အပြင်ကိုပစ်တာ သလိပ်ဘူးတွေလည်းပါပါတယ်။ သလိပ်ဘူး တွေက အခွံတွေပါ။ စစ်ဆေးပြီးတော့ စွန့်ပစ်တဲ့ အခွံတွေပါ။ အဲဒီ အခွံတွေက ကော်ဖြစ်လို့ တစ်ခါတည်းထည့်ပြီး ပစ်လိုက်တာ။ အဲ ဒီဘူးတွေကိုသာ ထပ်ပြီးသိမ်းထားရရင်တော့ သိမ်းစရာနေရာ မရှိတော့ဘူး”

အဏုဇီဝဗေဒဆရာဝန်ကြီးကတော့ ဒီလိုမျိုးအထွေထွေ အမှိုက်တွေထဲမှာ သလိပ်ဘူးခွံတွေ ရောထွေးပါဝင်သွားတဲ့အခါ အဲဒီဘူးတွေထဲမှာ တီဘီရောဂါပိုးရှိနေတဲ့ ဘူးအခွံတွေသာ ပါဝင် ခဲ့မယ်ဆိုရင်တော့ အခြားသူတွေဆီကို ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်တယ်လို့ ရှင်းပြပါတယ်။

ဘာကြောင့်လဲဆိုတော့ တခြားသာမန်ရောဂါပိုးတွေက လေထုထဲမှာ အချိန်အများကြီးအသက်မရှင်နိုင်ဘဲ အများဆုံး ၂၄ နာရီနီးပါးလောက်မှာပဲ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတာပါ။ တီဘီရောဂါပိုးကတော့ လေထုထဲမှာ အနည်းဆုံး နှစ်ပတ်ကနေ သုံးပတ်အထိအသက်ရှင်နေနိုင်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

”အဲဒါတွေကို ကိုင်မိတယ်။ ပြီးတော့ လက်မဆေးဘဲ တခြားနေရာတွေကို ကိုင်မိတယ်ဆိုရင် ရောဂါပိုးကူးနိုင်တယ်။ ဒီလို မစွန့်သင့်ဘူး”လို့ သူက မှတ်ချက်ပြုပါတယ်။

ရန်ကုန်ဆေးရုံအုပ် ဒေါက်တာပပကလည်း အခုလိုဆိုပါတယ်။

”သေချာမထုပ်ပိုးဘဲနဲ့ စွန့်ပစ်လိုက်မယ်ဆိုရင်တော့ ရောဂါပိုးတွေ ကူးစက်နိုင်တယ်။ နောက်ပိုင်းက ဆေးယဉ်ပါး တီဘီရောဂါတွေကလည်း များလာတယ်။ ဒါမျိုးတွေဆို သတိ ထားပြီး ကိုင်တွယ်သင့်တယ်”

အဏုဇီဝဗေဒဆရာဝန်ကြီး အင်္ဂလန်မှာတုန်းက ဆေးရုံ၊ ဆေးခန်းစွန့်ပစ်ပစ္စည်းတွေကို ဆေးရုံမှာစွန့်ပစ်မယ်ဆိုရင် ကြီး ကြပ်သူဆီမှာ အမှိုက်ဘယ်နှထုပ်စွန့်ပစ်တယ်ဆိုတာကို ကိုယ်တိုင် လက်မှတ်ထိုး မှတ်တမ်းတင်ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

အမှိုက်သိမ်းယူတဲ့ အဖွဲ့အစည်းကလည်း ဘယ်ဆေးရုံ၊ ဆေးခန်းက အမှိုက်ဘယ်နှထုပ် စွန့်ပစ်တယ်ဆိုတာကို အမြဲမှတ် သားပြီး မှတ်တမ်းတင်ပါတယ်။ အဆင့်ဆင့်တိုင်းမှာ ကြီးကြပ်သူ တွေက စနစ်တကျမှတ်တမ်းတင်ထားရှိတယ်လို့ ဆိုပါတယ်။ ဒီလို မှတ်သားထားတာဟာ ဆေးရုံ၊ ဆေးခန်းတွေ တစ်လကို အမှိုက် ထုပ် ဘယ်နှထုပ်စွန့်ပစ်တယ်ဆိုတာကိုပါ အတိအကျ သိနိုင်တယ် လို့ အဏုဇီဝဗေဒဆရာဝန်ကြီးက ဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက တာဝန်ရှိသူတွေကို ရန်ကုန်မြို့ရဲ့ ဇီဝစွန့်ပစ် အမှိုက်ထွက်ရှိမှုနှုန်းကို မေးမြန်းရာမှာတော့ တိကျတဲ့ အဖြေကို မပေးနိုင်ကြပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေကို အမှိုက် သိမ်းယူရာမှာလည်း မှတ်သားပြီး သိမ်းယူတာတွေ မရှိဘူးလို့ သိ ရပါတယ်။ ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေကို နောက်ဆုံးဖျက် ဆီးတဲ့ ထိန်ပင်သုသာန်မှာပဲ မီးမရှို့ခင်၊ မြေမြှုပ်မဖျက်ဆီးခင် အချိန်မှာ အလေးချိန်တိုင်းတာတွေ ရှိပါတယ်။

အနောက်ပိုင်းခရိုင်၊ ဆေးရုံ၊ ဆေးခန်းအမှိုက်သိမ်းယာဉ် အမှတ် ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ စည်ပင်ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း သူတို့တစ်နေ့ကို အမှိုက်တန်ချိန် ဘယ်လောက်ကို သိမ်းယူနေတာကို မသိပါဘူး။ သူတို့ကိုင်တွယ်နေတဲ့ အမှိုက်သိမ်းယာဉ်ရဲ့ အမှိုက်ဝင်ဆံ့မှုနှုန်းကိုတောင် တိကျစွာ မသိ ကြပါဘူး။

”ကျွန်တော်တို့ ကားထဲမှာ အမှိုက်က နေ့တိုင်း တစ်ဝက်နီး ပါးပဲ ရှိတယ်၊ အမှိုက်များတဲ့နေ့ နည်းနည်းပိုတယ်၊ ကားအပြည့် သိမ်းရတာမရှိသေးဘူး” လို့ ယာဉ်အမှတ် ၁ ဝန်ထမ်းတွေက ခန့် မှန်းပြောဆိုပါတယ်။

Photo: Kaung Myat Moe                                          စူးရှသော အမှိုက်များကို ကျင်းမြုပ်ဖျက်ဆီးစဉ်

ကြုံသလိုရှင်း

ရပ်ကွက်တွင်းဆေးခန်းတွေက တာဝန်ရှိသူတွေကတော့ အမှိုက်ကား အချိန်မှန် မလာတဲ့ လတွေ ဆိုရင် ရောဂါပိုးကူးစက် နိုင်တဲ့ အမှိုက်တွေ များလာတိုင်း အိမ်ထဲမှာ ထားဖို့နေရာတွေ အတွက် ခေါင်းစားနေရပါတယ်။

အိမ်ထဲမထားဘဲ နီးစပ်ရာအမှိုက်ပုံတွေကို သွားရောက်စွန့် ပစ်ဖို့ဆိုတာလည်း ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိနိုင်တာ ကြောင့် အမှိုက်တွေ များလာတိုင်း အမှိုက်ကား အချိန်မှန်လာဖို့ ဆုတောင်းနေကြရုံပဲ ရှိပါတော့တယ်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်မှာရှိတဲ့ အမည်မဖော်လိုတဲ့ နောက်ထပ်ဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူက တော့ အခုလိုဆိုပါတယ်။

”အခွန်ပဲ လစဉ်ကောက်တာရှိတယ်။ No Service “

သူဆေးခန်းဖွင့်လာတဲ့ နှစ်ပေါင်း ၃ဝ နီးပါးအတွင်းမှာ စည်ပင်က အမှိုက်လာသိမ်းတာမကြုံဖူးဘူးလို့ ဆိုပါတယ်။ ဒါ ပေမဲ့  ဆေးခန်းအမှိုက်စွန့်ပစ်ခကိုတော့ ၁၉၉၃ ခုနှစ်ကစပြီး ၂ဝ၁၅ ခုနှစ်အထိ ပေးဆောင်ခဲ့ရတဲ့ ငွေပြေစာတွေကတော့ အထပ်လိုက်ကြီးပါ။

ဒါဆိုရင်တော့ သူဆေးခန်းဖွင့်လာတဲ့ ကာလတောက် လျှောက် သူ့ဆေးခန်း စွန့်ပစ်အမှိုက်တွေကို ဘယ်လိုစွန့်ပစ်သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီမေးခွန်းကိုတော့ သူက စိတ်ကုန်နေ တဲ့ လေသံနဲ့ အခုလိုဖြေပါတယ်။

”အမှိုက်ပုံမှာမပစ်ရင် ဘယ်မှာပစ်ရမှာလဲ။ လမ်းထိပ်က အမှိုက်ပုံမှာပဲ သွားပစ်ရတာပေါ့”

သူက ဖြေရှင်းချက်ပေးပါတယ်။ သူဒီလိုမှ သာမန်အမှိုက် ပုံမှာ မပစ်ရင် ဒီအမှိုက်တွေကို ပစ်ဖို့ နေရာမရှိပါဘူး။ လစဉ် အမှိုက်ပစ်ခ လာကောက်တဲ့ဝန်ထမ်းတွေကိုလည်း အမှိုက်လာ မသိမ်းတဲ့ အကြောင်း လချီပြီး ပြောခဲ့ဖူးပါတယ်။ နောက်ဆုံး သူပဲ လက်လျှော့လိုက်ပါတော့တယ်။

ကြည့်မြင်တိုင်မြို့နယ်၊ အင်းစိန်လမ်းမှာရှိတဲ့ အမည်မဖော် လိုတဲ့ ဆေးခန်းတစ်ခုကလည်း ဆေးခန်းထွက် အမှိုက်တွေကို အဆင်ပြေသလို သာမန်အမှိုက်ပုံတွေမှာပဲ စွန့်ပစ်နေရတယ်လို့ ဆိုပါတယ်။

သူတို့ ဆေးခန်းကလည်း နှစ်ပေါင်း ၂ဝ အတွင်း ကြည့်မြင်တိုင်မြို့နယ်မှာ နေရာသုံးနေရာ ပြောင်းရွှေ့ဖူးပါတယ်။ တစ်ခါမှ ဆေးခန်းအမှိုက်လာသိမ်းတာ မကြုံခဲ့ဖူးဘူးလို့ဆိုပါတယ်။ လမ်း ထိပ်အမှိုက်ပုံတွေမှာပဲ သေချာလုံခြုံအောင် ထုပ်ပိုးပြီး စွန့်ပစ် တယ်လို့ ဆိုပါတယ်။

ဒီလိုစွန့်ပစ်တာ အန္တရာယ်ရှိမှန်းတော့ သူတို့သိပါတယ်။ ဒါ ပေမဲ့ မလွှဲသာတဲ့အဆုံး ပစ်ရတာကြောင့် သူတို့ အမှိုက်တွေကို ပစ်မယ်ဆိုရင်တော့ ဆေးထိုးအပ်တွေဆိုရင် အပ်အဖုံးပြန် ဖုံးပြီးမှ စွန့်ပစ်တယ်လို့ဆိုပါတယ်။ အမှိုက်ပစ်တဲ့ အထုပ်တွေကိုလည်း ပလတ်စတစ်အိတ် သုံးထပ်လောက်စွပ်ပြီးမှ စွန့်ပစ်တယ်လို့ ဆိုဒီဆေးခန်းမှာလည်း အမှိုက်ကိုသာ လာမသိမ်းတာပါ။ ဆေးခန်းအမှိုက်စွန့်ပစ်ခအတွက် ငွေပြေစာကတော့ လစဉ် ရောက်လာတယ်လို့ ဆိုပါတယ်။ ဒီလို အမှိုက်သိမ်းခ လာကောက် တဲ့ ဝန်ထမ်းတွေကိုလည်း အမှိုက်ကားမလာတဲ့အကြောင်း ပြော ခဲ့ဖူးပါတယ်။

”ပိုက်ဆံကောက်တဲ့သူတွေကိုပြောတယ်လေ။ ဘာမှမထူး ဘူး။ ပြောပါများတော့ သူတို့က စိတ်ဆိုးတယ်လေ။ ကြာတော့ မပြောတော့ဘူး”

အနောက်ပိုင်းခရိုင်စည်ပင်မှာ ခရိုင်မှူးအဖြစ် နှစ်နှစ်ခွဲ နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရန်ငြိမ်းချမ်းကလည်း အခုလို ဆိုပါတယ်။

”ကျွန်တော် အနောက်ပိုင်းမှာ ခရိုင်မှူးဖြစ်ကတည်းက အမှိုက်သိမ်းခကောက်တဲ့ ဝန်ထမ်းတွေကို အမြဲမှာတယ်။ သူတို့ ပိုက်ဆံလိုက်ကောက်ရင်းနဲ့ ဆေးခန်းတွေကို ခရိုင်ရုံးဖုန်း၊ ခရိုင် မှူး ဖုန်းတွေ ပေးခိုင်းတယ်။ လာမသိမ်းရင် ချက်ချင်းအကြောင်း ကြားနိုင်အောင်လို့”လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ရပ် ကွက်အတွင်း ဆေးခန်းငယ်တွေအနေနဲ့ အထွေထွေအမှိုက်ပုံတွေ မှာ ဆေးရုံ၊ ဆေးခန်း အမှိုက်မစွန့်ပစ်ကြဖို့လည်း စာထုတ်ပြီး အကြောင်းကြားတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်း ရေးဌာန လက်ထောက်ဌာနမှူး ဦးအောင်မြင့်မော်က ဆက်လက် ရှင်းပြပါတယ်။ ဆေးခန်းတွေဘက်ကလည်း စည်ပင်အမှိုက်သိမ်း စနစ် ယိုယွင်းလို့ ဖြစ်ရတာလို့ ပြန်ပြီး ဖြေရှင်းကြပါတယ်။

ရပ်ကွက်အတွင်း ဆေးခန်းအချို့ကို အမှိုက်သိမ်းကားတွေ မရောက်တာနဲ့ ပတ်သက်ပြီး ဦးအောင်မြင့်မော်က အခုလိုဖြေရှင်း ပါတယ်။

”ဖြစ်နိုင်ပါတယ်။ တချို့လမ်းသွယ်တွေကျတော့ ကျွန်တော်တို့က ကွန်ပတ်တာထရက်သုံးတာကိုး။ ဝင်လို့ မရဘူး။ အဲဒီ လို ဆေးခန်းဆို ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အမှိုက်တွေကို ဟိုက်ဒရောလစ်စနစ်နဲ့ ကားထဲကိုအလို အလျောက် ဆွဲသိမ်းနိုင်တဲ့ နောက်ပိတ်တံခါးပါတဲ့ကားကို ကွန် ပတ်တာထရက်လို့ ခေါ်တာပါ။

ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်း အမှိုက်သိမ်းကား လုံးဝမလာဘူး ဆိုတဲ့ စမ်းချောင်းမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်က ဆေးခန်း သုံးခုစလုံးရှိတဲ့ လမ်းတွေကတော့ ကားဝင်လို့မရတဲ့ လမ်းသွယ် မျိုး လုံးဝမဟုတ်ပါဘူး။ ကားနှစ်စီးယှဉ်မောင်းနိုင်တဲ့ လမ်းမျိုးတွေ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ စည်ပင်က အမှိုက်သိမ်းတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းစာရင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည် သူ့ကျန်းမာရေးဌာနက စာရင်းတွေကြားမှာ ကွာဟမှု ကြီးမား နေတဲ့အချက်ပါ။

စည်ပင်စာရင်းဇယားတွေအရ ခရိုင်လေးခုမှာ စီးပွားရေး အမှိုက်စွန့်ပစ်ခ ကောက်ခံတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအရေ အတွက် ၁,၇၆၄ ခု ရှိတယ်လို့ ပြထားပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ရရှိတဲ့ စာရင်းမှာတော့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းပေါင်း ၂,၆၇၃ ရှိတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် စည်ပင်အမှိုက်ကောက်တဲ့အထဲမှာမပါတဲ့ ဆေးရုံ၊ ဆေးခန်းအရေအတွက် ကိုးရာကျော်ဟာ သူတို့ရဲ့ အမှိုက်တွေ၊ တစ်နည်းအားဖြင့် ရောဂါပိုးထပ်ဆင့်ကူးစက်နိုင်တဲ့ အမှိုက်တွေ ကို ဘယ်လို သွားပစ်ကြပါသလဲ။

စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန၊ စီမံရေးရာဌာနမှ တာဝန်ရှိသူ တစ်ယောက်ကတော့ သူတို့စည်ပင် ဌာနနဲ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဌာန နှစ်ခုကြားမှာ ဆက်သွယ်မှုတွေ မရှိဘူးလို့ ရှင်းပြပါတယ်။

”ကျန်းဦးစီးကနေ ဆေးခန်းအရေအတွက် တိုးတာတွေ ဆက်သွယ်ပြီး ပြောတာမရှိဖူးဘူး။ အခု ဒီမှာရှိတဲ့ စာရင်းကလည်း  မြေပြင်မှာ ကွင်းဆင်းတဲ့ ဝန်ထမ်းတွေက ရှာဖွေတာ။ ဥပမာ-သူ တို့သွားရင်းနဲ့ ဆေးခန်းအသစ်တွေ့တယ်ဆိုရင် စာရင်း အသစ် သွင်းတယ်။ ဒီစာရင်းတွေအားလုံးကလည်း မြေပြင်မှာ ကွင်းဆင်း ပြီး ရှာဖွေထားတဲ့ဟာတွေပဲ”လို့ စီမံရေးရာဌာနက တာဝန်ရှိသူ က ရှင်းပြပါတယ်။

ဇွန်လိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

ကောင်းမြတ်မိုး ရေးသည်။

    အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."