အိမ်ရှင်ကနှိပ်စက်၊ ဥပဒေက မျက်ကွယ်ပြု၊ ထုထောင်းသမျှ ခံနေရ သက်ငယ် အိမ်အကူများဘဝ

Photo – Zayar Hlaing 

သိန်းသုံးရာဆိုသည့်ဝင်ငွေသည် မိသားစုဆယ့်နှစ်ယောက်ရှိသော ဒေါ်ခင်စောလှအတွက် မစား မသောက်ဘဲခြောက်နှစ်နီးပါး စုဆောင်းမှရမည့် ငွေပမာဏဖြစ်သည်။ ထိုငွေကို တစ်ရက်တည်းနှင့် ရနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိခဲ့သော် လည်း သူငြင်းပယ်ခဲ့သည်။

ထိုငွေကြေးက လျော်ကြေးပေးရန် လာရောက်ကမ်းလှမ်းခဲ့သော ငွေဖြစ်ပြီး သုံးကြိမ်တိုင်တိုင် လာရောက်ညှိနှိုင်းခြင်းကို သူက ခေါင်းခါခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ၁၃ နှစ်အရွယ် သူ့သမီးငယ် မစုမမလှိုင်သည် တာမွေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် သုံးလကျော်သွားရောက်လုပ်ကိုင်ရင်း အနှိပ်စက်ခံခဲ့ရသည်။ ထိုအိမ်ရှင်များက မစုမမလှိုင်အား တစ်နေ့ထမင်းတစ်နပ်သာ ကျွေးခြင်း၊ မိုးလင်းမှ ညဉ့်နက်သည်အထိ ခိုင်းစေခြင်းနှင့် သူ၏ဘယ်ဘက်ပေါင်တွင် အပ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းနှိပ်စက်ခဲ့သဖြင့် ပြင်ပဒဏ်ရာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အတွက် ဒေါ်ခင်စောလှက တရားလိုပြုလုပ်ပြီး ၂ဝ၁၆ ဒီဇင်ဘာ ၆ ရက်တွင် ထန်းတပင်မြို့နယ် ရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့် အပြင်းအထန်နာကျင်စေမှု၊ မူးယစ်ထုံထိုင်းစေသော ဆေးဝါးကို အသုံးပြုပြီး နာကျင်စေမှု၊ အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ကြောင့် အိမ်ရှင်မိသားစုက အမှုမဖွင့်ခင် နှစ်ကြိမ်နှင့် အမှုဖွင့်ပြီး တစ်ကြိမ် အမှုကြေအေးရန် ဒေါ်ခင်စောလှကို လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူ နှိပ်စက်ခံရသောကြောင့် ”သိန်းသုံးရာမပြောနဲ့ ဘာမှကို စိတ်မဝင်စားဘူး”ဟု ဒေါ်ခင်စောလှက ဆိုသည်။

စတင်အမှုဖွင့်စဉ်က ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သော်လည်း တာမွေမြို့နယ်တရားရုံးသို့ ရောက်သည့်အခါ အပြင်းအထန် နာကျင်စေမှု (ပုဒ်မ ၃၂၄) တစ်ခုဖြင့်သာ တရားစွဲဆိုခွင့်ရခဲ့သည်။ အမှုဖြစ်ပွားရာနေရာမှာ တာမွေမြို့နယ်ဖြစ်သောကြောင့် တာမွေရဲစခန်းတွင် ပြောင်းလဲအမှုဖွင့်ခဲ့ပြီး လက်ရှိ တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

မစုမမလှိုင်အမှုသည် အသက်မပြည့်သေးသည့် အိမ်အကူ နှိပ်စက်ခံရမှုများအနက် တရားရုံးသို့ ရောက်ရှိလာသည့် အမှုတစ်ခု ဖြစ်ပြီး တရားစွဲဆိုရာတွင် သက်ဆိုင်ရာပုဒ်မနှင့် စွဲဆိုခွင့်မရသူ တစ်ဦးပင် ဖြစ်သည်။

အသက်မပြည့်သေးသည့် အိမ်အကူ နှိပ်စက်ခံရမှုများမှာ ယခင်နှစ်များထက် တိုင်ကြားမှုများ ပိုမိုများလာပြီး အချို့အမှုများမှာ တည်ဆဲဥပဒေများအတိုင်း အရေးမယူနိုင်ခြင်းကြောင့် အိမ်အကူများ နစ်နာမှုများ ကြုံတွေ့နေရသည်ဟု ဥပဒေပညာရှင်များက ထောက်ပြကြသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ တိုင်ကြားလာသည့် သက်ငယ်အိမ်အကူ နှိပ်စက်ခံရမှုမှာ ပြီးခဲ့သည့် နှစ် ၂ဝ၁၆ တွင် တစ်မှုသာ ရှိခဲ့သော်လည်း ယခုနှစ် လက်ရှိအချိန်အထိ တိုင်ကြားလာသည့် အမှု ရှစ်မှုရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန òန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ”အိမ်ဖော်အမှုတွေမှာ တည်ဆဲဥပဒေတွေအတိုင်း အရေးမယူနိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်းသည် တရားစွဲအဖွဲ့အစည်းတွေက အဲဒီအမှုတွေကို စွဲဆိုရမယ့် ပုဒ်မတွေကို ဥပဒေအတိုင်း မစွဲဆိုဘဲနဲ့ တစ်ဆင့်လျှော့ပြီးတော့ စွဲဆိုတာမျိုး သို့မဟုတ် ပုဒ်မတွေကို ဖျောက်ဖျက်ပစ်တာမျိုးက အရမ်းများတယ်”ဟု ထောက်ပြသည်။

အကာအကွယ်မဲ့ အိမ်အကူများ

ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် နယ်မှ ကလေးသူငယ်များမှာ အိမ်အကူလိုအပ်ချက် မြင့်တက်လာသော မြို့ပြတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်မှု ပိုမို များပြားလာသည်ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသည့် Triangle Women Support Group အဖွဲ့က ဒါရိုက်တာ မခင်လေးက ပြောသည်။

ထိုအိမ်အကူအများစုမှာ အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြားဖြစ်ပြီး လုပ်ခလစာမှာလည်း ငါးသောင်းဝန်းကျင်မှ ရှစ်သောင်းဝန်းကျင်အထိသာ ရရှိကြောင်း ဥပဒေပညာရှင်များနှင့် အမျိုးသမီးအရေး လှုပ်ရှားနေသည့် အဖွဲ့များက ပြောပါသည်။

၂ဝ၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အနည်းဆုံး အခကြေးငွေ ဥပဒေတွင် အိမ်အကူများ၏ လုပ်ခလစာလည်း အကျုံးဝင်သော်လည်း အိမ်အကူအများစုမှာ အစိုးရမှ သတ်မှတ်ထားသည့် တစ်နေ့ အနိမ့်ဆုံးလုပ်ခလစာ ကျပ်သုံးထောင့်ခြောက်ရာ၏ ထက်ဝက်ခန့်သာ ရရှိနေခြင်းဖြစ်သည်။

လစာကျပ်သုံးသောင်းဖြင့် အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည့် မစုမမလှိုင်၏ အလုပ်ချိန်က နေ့စဉ် နံနက် ငါးနာရီမှ ည ၁၁ နာရီအထိ ဖြစ်သည်။ တစ်ခါတစ်ရံ ညတစ်နာရီအထိ လုပ်ရသည်ဟုဆိုသည်။ အိမ်ရှင်မိသားစုဖွင့်ထားသော တိုရှည်အပါအဝင် မုန့်ပဲသရေစာများ ရောင်းချသည့် ဆိုင်အတွက် မုန့်နယ်ခြင်း၊ အုန်းသီးခြစ်ခြင်းမှ အစ အိမ်မှုကိစ္စများကို လုပ်ကိုင်ရသည်။

ထို့အတွက် သူ့ကိုကျွေးသည့် အစားအစာက တစ်နေ့လုံးမှ ထမင်းတစ်ပန်းကန်သာ ဖြစ်သည်။ ဟင်းတော့ မပါ။ တစ်ခါတစ်ရံ ငါးပိရည်ပါသည်ကပင် အကောင်းဆုံးဟင်းဖြစ်သည်ဟု မစုမမလှိုင်က ပြောပြသည်။

ထမင်းဝလင်စွာ မကျွေးသော်လည်း အဖြူရောင်ဆေးပြားတစ်ပြားကိုတော့ အိမ်ရှင်က နေ့စဉ်တိုက်သည်ဟု ဆိုသည်။ ထိုဆေး သောက်ပြီးပါက မနားတမ်းအလုပ်လုပ်နိုင်ပြီး မောပန်းခြင်းမရှိဟု သူကဆိုသည်။

”အားဆေးလို့ ပြောပြီး တိုက်တယ်။ အဲဒီဆေးသောက်ပြီးရင် မအိပ်ချင်တော့ဘူး။ တစ်ခါတလေ မိုးလင်းတဲ့အထိ အိပ်မရဘူး”ဟု မစုမမလှိုင်က အိမ်ရှေ့ဘက်မှ လယ်ကွင်းများဆီ ခပ်ငေးငေးကြည့်ရင်း ပြန်ပြောပြသည်။

အလုပ်စဝင်ပြီး တစ်လခန့်အကြာတွင်တော့ မစုမမလှိုင်ဘယ်ဘက်ပေါင်ထဲသို့ အိမ်ရှင်လင်မယားက တစ်လက်မခန့်ရှိ အပ်တစ်ချောင်း ထိုးသွင်းခဲ့သည်။ အကြောင်းပြချက်က အိမ်မှထွက်ပြေးသည်ဟု ဆိုကာနောက်နောင် ထပ်မပြေးရန် နှိပ်စက်ခြင်းဖြစ်သည်ဟု မစုမမလှိုင်က ပြန်ပြောပြသည်။

အပ်မသွင်းခင် သူ့ကို ဆေးတစ်မျိုးတိုက်သေးသည်။ အညိုရောင်ဆေးမှုန့်တစ်မျိုးကို ဖျော်တိုက်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။ ဘာဆေးတွေမှန်းတော့ သူမသိ။

ထို့နောက် အိမ်ရှင်လင်မယားမှ ”တစ်ယောက်က ချုပ်တယ်။ တစ်ယောက်က ထိုးတယ်။ အပ်ကို ဖြည်းဖြည်းချင်း ထိုးသွင်းတာ။ နာလို့နာမှန်းတောင်မသိဘူး။ ထိမှန်းတောင် မသိဘူး”ဟု အပ်နှင့် ထိုးသွင်းခံရသည့် ပေါင်လယ်တွင်ရှိသော အနာဟောင်းနေရာကို ပြရင်း ပြောပြသည်။

ထိုအနာမှာ ရက်အနည်းငယ်ကြာသည့်အခါ ပြည်တည်ကာ ရောင်ရမ်းလာသည်။ လူလည်း ဖျားလာသည့်အတွက် အိမ်ရှင်မိသားစုက ဆေးခန်းပြကာ ခွဲထုတ်ပေးခဲ့သည်။ သို့ပေမဲ့ အနာမကျက်မီတွင် ယခင်ဒဏ်ရာဟောင်းနှင့် တစ်လက်မပင် မကွာဝေးသည့်နေရာ၌ နောက်ထပ်အပ်တစ်ချောင်း ထိုးသွင်းခဲ့ပြန်ပါသည်။

Photo – Hay Man Pyae                  ပေါင်ကို အပ်ဖြင့် ထိုးသွင်းနှိပ်စက်ခံခဲ့ရသည့် မစုမမလှိုင်

ဒီတစ်ကြိမ်တွင်တော့ မစုမမလှိုင် ထန်းတပင်ရှိ မိဘအိမ်သို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းအိမ်တွင် သုံးလကျော် ကြာပြီးနောက် တစ်ရက်တွင် အိမ်ရှင်က ဆန်ဝယ်ရန် ပေးလိုက်သည့် ငွေနှစ်ထောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အိမ်နှင့်ဝေးရာ ထွက်ပြေးလာခဲ့တော့သည်။

လမ်းတွင် ကားတစ်စီးတားကာ ထန်းတပင်သို့ သွားလိုကြောင်းပြောပြီး တက်စီးလာခဲ့သည်။ လိပ်စာ ရေရေရာရာ မပြောနိုင်သဖြင့် ကားသမားက ထန်းတပင်မြို့ထဲတွင် ချပေးခဲ့သည်ဟု သူကဆိုသည်။ သူ့ကို ဦးလေးဖြစ်သူက မြင်သွားပြီး အိမ်သို့ ရောက်လာကြောင်း ပြန်ပြောပြသည်။

ထို့နောက် ထန်းတပင်ဆေးရုံသို့တက်ပြီး အပ်ကို ခွဲထုတ်ခဲ့ရသည်။ ထိုအပ်က တစ်လက်မနီးပါး ရှည်ကြောင်း ဆေးစာတွင် ဖော်ပြထားသည်။ ပေါင်က အပ်ကို ခွဲထုတ်ပြီးနောက်မှာတော့ သူစိတ်ကယောင်ချောက်ချား စဖြစ်လာခဲ့သည်ဟု သူ့မိခင် ဒေါ်ခင်စောလှက ပြောသည်။

”စစချင်း စိတ်ဖောက်သွားတုန်းက ယောက်ျားကြီးနှစ်ယောက်၊ သုံးယောက်တောင် မနည်းချုပ်ရတယ်။ နေပူမိုးရွာမှန်းမသိ ဖိနပ်မပါဘဲ တုတ်တစ်ချောင်းနဲ့ လျှောက်သွားနေတာ”ဟု ဒေါ်ခင်စောလှက ပြန်ပြောပြသည်။

ထို့နောက် မစုမမလှိုင်၏ အခြေ အနေဆိုးလာသဖြင့် ထန်းတပင်မြို့နယ် ဆေးရုံမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရသည်။ ထိုမှတစ်ဆင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း လူနာမှတ်တမ်းမှ ရောဂါဖြစ်စဉ်နှင့် ကုသချက်တွင် ဖော်ပြထားသည်။ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် နှစ်ပတ်ကြာ တက်ရောက်ကုသခဲ့ရသည်။

ထို့နောက် အထက်တွင် ဖော်ပြခဲ့သလို ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခဲ့ရာ တာမွေမြို့နယ် တရားရုံး၌ ပုဒ်မတစ်ခုဖြင့်သာ တရားစွဲဆိုခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ရဲစခန်းတွင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်သော်လည်း တရားရုံးတွင် ပုဒ်မ တစ်ခုသာ တရားစွဲဆိုခွင့် ရခဲ့ခြင်း မှာ မြို့နယ်ဥပဒေအရာရှိ၏ ဥပဒေအကြံပြုချက်အရသာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု တာမွေမြို့နယ်မှ ရဲအုပ် ဇော်မြင့်သူက ပြောသည်။

ယင်းသို့ ပုဒ်မသုံးခုအနက် ပုဒ်မ တစ်ခုဖြင့်သာ တရားစွဲဆိုခွင့်ရသည့် အပေါ် တာမွေမြို့နယ် ဥပဒေအရာရှိ အား မော်ကွန်းမှ စက်တင်ဘာ ၁၂ ရက် တွင် စာဖြင့် တင်ပြမေးမြန်းရာ လျှို့ဝှက်ဖြစ်သည့်အတွက် မြို့နယ်ဥပဒေရုံးမှ ဖြေကြား၍ မရကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်

ထိုသို့ ဥပဒေအရာရှိ အကြံပြုချက်ကြောင့် ပုဒ်မအပြောင်းအလဲများ ဖြစ်ရခြင်းကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က”ဥပဒေ အရာရိ ှတွေထဲမှာလည်း စွမ်းရည်ထက်မြက်မှုနည်းနေတယ်။ ဥပဒေအရာရှိရဲ့ စွမ်းရည်မြှင့်တင်ဖို့လိုတယ်။ စာနာမှု၊ သမာသမတ် ကျမှုလည်း လိုတယ်။ အဲဒီလိုဥပဒေအရာရှိတွေ များများ ပေါ်ထွန်းလာဖို့လည်း လိုတယ်”ဟု ထောက်ပြဝေဖန်သည်။

ဆက်ပြီး သူက ”စာနာမှု၊ သမာသမတ်ကျမှု၊ တရားမျှတမှု အဲဒီရှုထောင့်နဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ၊ ရဲတွေ များများ ပေါ်ထွန်းပါစေဖို့ပဲ ဆုတောင်းတယ်”ဟု ဆိုသည်။

ပုဒ်မအပြောင်းအလဲနဲ့ ဆေးစာ

တရားရုံးရောက်သောအခါ နဂိုစွဲဆိုထားသည့် ပုဒ်မအရေအတွက် လျော့နည်းသည့် ဖြစ်စဉ်များရှိသလို အပြင်းအထန် နာကျင်စေမှုမှ သာမန်နာကျင်စေမှုဖြင့် ပုဒ်မပြောင်းလဲခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေပါသည်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာမှ အသက်၁၄နှစ်အရွယ် အိမ်အကူမခိုင်နှင်းဝေအမှုတွင်လည်း အိမ်ရှင်များက ရေနွေးပူဖြင့် လောင်းခြင်း၊ မီးပူဖြင့် ကပ်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် မီးအပူလောင်ဒဏ်ရာများ၊ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေအရ အပြင်းအထန်နာကျင်စေမှုဖြင့် အမှုဖွင့်ခဲ့သည်။

သို့သော် စံပြဆေးရုံကြီးမှ ဆရာဝန်ကြီး၏ဆေးစာ ထွက်လာပြီးနောက်တွင် အပြင်းအထန်နာကျင်စေမှုမှ သာမန်နာကျင်စေမှုဖြင့်သာ ပြောင်းလဲအမှုဖွင့်ခဲ့ရသည်။ ရဲစခန်းတွင် စတင်တိုင်ကြားစဉ်က မျက်မြင်ဒဏ်ရာများအရ အပြင်းအထန် နာကျင်စေမှုဖြင့် အမှုဖွင့်ခဲ့သော်လည်း မှုခင်းဆရာဝန်၏ဆေးစာထွက်လာပြီးနောက်တွင် ပုဒ်မပြောင်းလဲသွားခြင်းဖြစ်သည်။

ရရှိထားသည့် ဒဏ်ရာသည် ပြင်းထန်မှုရှိ၊ မရှိ၊ ကိုယ်လက်အင်္ဂါပျက်စီးချို့ယွင်းခြင်းရှိ၊မရှိ၊ (မီး၊ အက်ဆစ်၊ လျှပ်စစ်)ကဲ့သို့ ပုံမှန်မဟုတ်သည့် နည်းလမ်းများကိုအသုံးပြုပြီး နှိပ်စက်မှု ရှိ၊ မရှိ အချက်များအပေါ် မူတည်ပြီး သာမန်နာကျင်စေမှုနှင့် အပြင်းအထန်နာကျင်စေမှုကို ခွဲခြားဆုံးဖြတ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရှင်းပြသည်။

သို့ပေမယ့် တရားရုံးတွင် တရားစွဲဆိုသည့်အခါတွင်တော့ မှုခင်းဆိုင်ရာဆရာဝန်၏ ဆေးစာပေါ်တွင်အဓိက မူတည်နေသောကြောင့် ”အတိုင်ခံရသူကျတော့လည်း ပြစ်ဒဏ်ကြီးကြီး မကျချင်တဲ့အတွက် ရဲ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ ဆေးမှတ်ချက်မှာ ဒဏ်ရာကို ပေါ့ပေါ့ပါးပါး မှတ်တမ်းတင်ဖို့၊ ဆေးရုံက မြန်မြန်ဆင်းနိုင်အောင်လို့ ကြိုးစားကြတယ်”ဟု သူက ဆိုသည်။

”များသောအားဖြင့် ဖြစ်နေတာတွေက ကျွန်တော်တို့နိုင်ငံမှာ ဆေးဘက်ဆိုင်ရာ မှုခင်းဆရာဝန်တွေရဲ့ ဆေးမှတ်ချက်တွေက တစ်ခါတစ်ရံမှာ ဖန်တီးလို့ရတဲ့ ဆေးမှတ်ချက်တွေ ဖြစ်ဖြစ်နေတယ်”ဟုလည်း သူက ဝေဖန်သည်။

ဦးရောဘတ်စန်းအောင်ကလည်း တရားစွဲဆိုရာတွင် ပြစ်ဒဏ်အတိမ်အနက်သည် မှုခင်းဆရာဝန်အပေါ် မူတည်နေပြီး ”မှုခင်းဆရာဝန်တွေရဲ့အပိုင်းက အရေးကြီးတယ်” ဟု ဆိုပါသည်။

”ဆေးစာက သိပ်အရေးကြီးတယ်။ ဒဏ်ရာပြင်းထန်ရင် ချမှတ်ရမယ့် ပြစ်ဒဏ်က တစ်မျိုး၊ သာမန်ဆိုရင် ချမှတ်ရမယ့် ပြစ်ဒဏ်က တစ်မျိုး၊ လျော့နည်းတယ်” ဟု သူက ဆိုသည်။

Photo – Zayar Hlaing                          အိမ်အကူသရုပ်ဖော်ထားခြင်းသာ ဖြစ်ပါသည်။

အပြင်းအထန် နာကျင်စေမှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ဝနှစ် သို့မဟုတ်တစ်သက်တစ်ကျွန်းချမှတ်နိုင်ပြီး အာမခံ မရနိုင်သည့် အမှုဖြစ်သည်။ သာမန်နာကျင်စေမှုသည် ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်ပြီး အာမခံရနိုင်သည့် အမှုဖြစ်သည်။ ထိုသို့ ပုဒ်မပြောင်းလဲလိုက်ပြီးနောက် ယုဇနဥယျာဉ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အမှုတွင် အိမ်ရှင်မိသားစုက အာမခံရရှိခဲ့သည်။

”မှုခင်းဆိုင်ရာဆရာဝန်ကြီး မှတ်ချက်ရပြီဆိုရင် အဲဒါနဲ့ တွဲပြီး ဥပဒေအရာရှိဆီ ပို့လိုက်ပြီဆိုရင် အဲဒီအဆင့်နှစ်ဆင့်မှာတင်စွဲဆို ထားတဲ့ ပုဒ်မတွေက သူ့ထက် တစ်ဆင့်နိမ့်တဲ့ ပုဒ်မအဖြစ်တစ်ဆင့် ပြောင်းချင်ပြောင်းသွားတယ်။ တချို့ပုဒ်မတွေက လုံးဝကို မပါတော့ဘဲနဲ့ ပြုတ်ထွက်သွားတယ်။ အမှန်ကတော့ ဒါကစနစ်ရဲ့ အားနည်းချက်ပါပဲ”ဟု ဦးခင်မောင်မြင့်က ဆိုသည်။

မန္တလေးမြို့မှ အမည်မဖော်လိုသည့် မှုခင်းဆရာဝန်တစ်ဦးကတော့သူတို့စစ်ဆေးသည့် ဆေးစာအပေါ် ဆုံးဖြတ်ရခြင်းသည် တရားသူကြီးဖြစ်ပြီး သူတို့အပေါ်တွင်သာ မူတည်သည်ဟု ဆိုပါသည်။

”မှုခင်းဆရာဝန်က ထင်မြင်ချက်ပဲပေးရတာ၊ ဆုံးဖြတ်တာက တရားသူကြီးက ဆုံးဖြတ်တာ။ တကယ့်တကယ်က သာမန်နာကျင်စေမှုလား၊ ပြင်းထန်နာကျင်စေမှုလားဆိုတာ ဆုံးဖြတ်ချက်က တရားရုံးပေါ်မှာပဲ မူတည်တာ။ ကျွန်တော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဥပဒေစာအုပ်တွေထဲမှာ အတိအလင်းပါတယ်”ဟု သူက ဆိုသည်။

ကလေးသူငယ်ဥပဒေ

အိမ်အကူအမှုများတွင် နောက်ထပ်ကြုံတွေ့ရသည့်အဟန့်အတားတစ်ခုလည်းရှိသည်။ သက်ငယ်အိမ်အကူများ နှိပ်စက်ခံရသော်လည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အကာအကွယ် မရရှိခြင်းနှင့် ထိုဥပဒေနှင့် တရားစွဲနိုင်ရန် ကြန့်ကြာခြင်းများဖြစ်သည်။

မခိုင်နှင်းဝေအမှုတွင်လည်း ပြစ်မှုကျူးလွန်သူများအား ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် အရေးယူရန် နှစ်လကျော် ကြန့်ကြာခဲ့ရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ ကလေးသူငယ်ဆိုင်ရာဥပဒေဖြင့် အရေးယူရန် လျှောက်ထားသော်လည်း တရားရုံးက လက်မခံခဲ့သည့် အတွက် လူမှုဝန်ထမ်းက တရားလိုပြုလုပ်စွဲဆိုရန် လျှောက်ထားခဲ့သည်။ (၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေအရ အသက် ၁၆ နှစ်မပြည့်သေးသူကို ကလေးသူငယ်ဟု သတ်မှတ်ထားသည်။)

လျှောက်ထားသည့်အခါ တရားရုံးမှ လက်မခံသေးဘဲ မြို့နယ်ဥပဒေအရာရှိ၏ အကြံပြုချက်ကိုတောင်းခံခဲ့သည်။ ခွင့်ပြုချက်ရသောအခါမှ ကလေးသူငယ်ဥပဒေဖြင့် ထပ်မံစွဲဆိုရန် တရားသူကြီးက ခွင့်ပြုခဲ့သည်။ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း ကလေးသူငယ်ဥပဒေဖြင့် တရားစွဲဆိုခွင့်ရရန် တရားလွှတ်တော်ချုပ်သို့ စာဖြင့် ရေးသားတင်ပြခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ”ရန်ကုန်မြို့မှာဖြစ်တဲ့ ကလေးသူငယ် ညှဉ်းပန်း နှိပ်စက်ခံရတဲ့ ဖြစ်စဉ်အားလုံးဟာ ရဲတပ်ဖွဲ့ကပဲဖြစ်စေ၊ လူမှုဝန်ထမ်း ဦးစီးဌာနကပဲဖြစ်စေ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့စွဲရင် တရားသူကြီးအားလုံးက လက်ခံတယ်။ ဒဂုံဆိပ်ကမ်းက တရားသူကြီးပဲ လက်မခံဘူးဖြစ်နေတာ”ဟု ဆိုသည်။

၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ကလေးသူငယ်များအား မိဘ၊ဆရာ သို့မဟုတ် အုပ်ထိန်းခွင့်ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမျိုးမှတစ်ပါး ကလေးသူငယ်အား တမင်နှိပ်စက်ညှဉ်းပန်းပါက ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ငွေဒဏ်တစ်သောင်းထိဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မရမ်းကုန်းမြို့နယ်မှ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးနေအိမ်တွင် အလုပ်လုပ်သည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူမနန်းမို့မို့အေး၏သွားများကို ငရုတ်ကျည်ပွေ့ဖြင့် ထုပြီး ချိုးရန် နောက်အိမ်ဖော်တစ်ဦးအား အိမ်ရှင်မှ အတင်းအကျပ် ဖိအားပေးစေခိုင်းခဲ့သည့် အမှုတွင်လည်း ကလေးသူငယ်ဆိုင်ရာဥပဒေဖြင့် အရေးယူထားခြင်း မရှိသေးဟု ဘုရင့်နောင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဖုန်းကျော်က ဆိုသည်။

အဆိုပါအမှုတွင် မနန်းမို့မို့အေး၏ အဘွားဖြစ်သူက တရားလိုပြုလုပ်ကာ အိမ်ရှင်ဖြစ်သူ ဒေါ်နန်းခင်တင့်နှင့် နှိပ်စက်ရန် ဖိအားပေးခံရသူ မနှင်းဝေကျော်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မများ တုံးသော လက်နက်ဖြင့် နာကျင်စေမှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုထားသည်။

”သူ(ဒေါ်ခင်နန်းတင့်)က နန်းမို့မို့အေးရဲ့ သွားတွေကို ချိုးခိုင်းတာ သမီးက မလုပ်တော့ အခန်း ထဲမှာသုံးရက်ပိတ်လှောင်ထားတယ်။

နောက်ရက်ကျတော့ ရေချိုးခန်းထဲကိုခေါ်သွားပြီးတော့ သူ့ (နန်းမို့မို့အေး)ကိုသွားတွေကို ဖြဲခိုင်းထားပြီးတော့ သမီးကို ထုခိုင်းတယ်” ဟု မနှင်းဝေကျော်က သြဂုတ်လကုန်ပိုင်းတွင် ပြု လုပ်ခဲ့သည့် တရားခွင်အပြီးတွင် မော်ကွန်းသို့ ပြောသည်။

ထိုသို့ အိမ်ရှင်မှ အိမ်အကူ အချင်းချင်း နှိပ်စက်ရန် ဖိအားပေးစေခိုင်းသည့် အမှုများတွင် နှိပ်စက်သူ အိမ်အကူကိုသာ တရားစွဲဆိုခံစေပြီး စေခိုင်းသူအိမ်ရှင်အား အရေးမယူသည့် ဖြစ်စဉ်များလည်းရှိသည်။

ပြီးခဲ့သည့်နှစ်နှစ်ခန့်က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်တွင် ဖြစ်ပွားခဲ့သည့် ဗိုလ်မှူးကျော်နုမော်အိမ်တွင် အသက်ရှစ်နှစ်အရွယ် အိမ်အကူ မိန်းကလေးအား နေပူလှန်းပြီး လက်ပြန်ကြိုး တုပ်ကာ ရိုက်နှက်သည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရသည်။

Photo – Hay Man Pyae                                                မစုမမလှိုင်၏ပေါင်ကို ထိုးသွင်းခံရသည့် အပ်ဒဏ်ရာ

အဆိုပါအမှုတွင် အိမ်ရှင်အား အရေးယူခဲ့ခြင်း မရှိဘဲ ရိုက်နှက်ခဲ့သည့် အိမ်အကူ ဒေါ်သန်းနွဲ့အား ကလေးသူငယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။

လက်ရှိ အိမ်အကူ နှိပ်စက်ခံရသည့်အမှုများတွင် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် မျက်မြင်သက်သေ အခက်အခဲ ရှိနေကြောင်း ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့၏ ဒါရိုက်တာဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုသည်။

အထက်ပါအဖွဲ့သည် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသမီးများအား ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

”အိမ်ထဲမှာ ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် သက်သေ အထောက်အထားတင်တဲ့အခါမှာ အခက်အခဲအချို့ ရှိနေတာဖြစ်တယ်။ အဲဒါကြောင့် သွားရောက်စစ်ဆေးတဲ့ အဖွဲ့တွေက ပုံမှန်စစ်ဆေးတာမျိုး ရှိမယ်ဆိုရင် အိမ်အကူလုပ်နေတဲ့ ကလေးတွေအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်လိမ့်မယ်”ဟု အကြံပြုသည်။

ထို့ကြောင့် ၎င်းတို့၏အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည့် အိမ်အကူဆိုင်ရာဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

မူဝါဒ တိတိကျကျမရှိသေး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း အဓမ္မစေခိုင်းမှု၊ အကြွေးဖြင့် နှောင်တည်းစေခိုင်းမှု၊ ခေါင်းပုံဖြတ်မှု၊ အရွယ် မရောက်သေးသူများကို ညှဉ်းပန်းနှိပ်စက်မှုများစသည့် အိမ်အကူပြဿနာများ ဖြစ်ပွားနေသော်လည်း လက်ရှိအချိန်အထိ အိမ်အကူများနှင့်ပတ်သက်သည့် သီးခြားဥပဒေ ရှိမနေသေးကြောင်း ယခုနှစ် သြဂုတ်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြဿနာများ ပေါ်ပေါက်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ တရားစွဲနိုင်ပြီး ကလေးသူငယ် ဆိုင်ရာဥပဒေတို့နှင့် အရေးယူလျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အဓမ္မ ရယူစေခိုင်းလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်တစ်သိန်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။)

ထို့ပြင်အိမ်အကူများသည် အိမ်ရှင်နှင့် အတူတကွနေထိုင်ပြီးလုပ်ကိုင်ရသည့်အတွက် ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်ချိန်နှင့်အညီ လိုက်နာလုပ်ကိုင်နိုင်ရန် ခက်ခဲပြီး ဥပဒေလိုက်နာမှု ရှိ၊ မရှိကို ပုံမှန်လိုက်လံ စစ်ဆေးရန်လည်း ခက်ခဲကြောင်း ဝန်ကြီးက ဆိုသည်။

ထို့အပြင် ပြည်တွင်း အိမ်အကူ အလုပ်သမားများနှင့် ပြည်ပရောက်အိမ်အကူ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ပေးရေးနှင့် ကုစားပေးရေးအစီအစဉ်များကို အစိုးရမှ စောင့်ကြည့်နေကြောင်းနှင့် စနစ်တကျ စီစဉ်ဆောင်ရွက်သွားရန်ရှိသည်ဟု ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။ သို့သော် မည်သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း အသေးစိတ်ကို ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

အိမ်အကူဥပဒေ ဖော်ဆောင်ပါ

အလုပ်သမားဥပဒေအရ အိမ်အကူများအား အလုပ်သမားထဲတွင် ထည့်သွင်းထားသော်လည်း အခြားလုပ်ငန်း အမျိုးအစားမှ အလုပ်သမားများကဲ့သို့ နားရက်၊ အလုပ်ချိန်နှင့် ပိတ်ရက်များ တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် အိမ်အကူများအတွက် နစ်နာမှုများရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။

အိမ်ရှင်၊ အိမ်အကူ နှစ်ဦးနှစ်ဖက် အခွင့်အရေး မဆုံးရှုံးစေရန် တိကျသည့် ဥပဒေပြဋ္ဌာန်းချက် မရှိသည့်အတွက် ယင်းကဲ့သို့ ပြဿနာများ ပေါ်ပေါက်နေရခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

ထို့အတွက် အိမ်အကူဆိုင်ရာဥပဒေကို သီးသန့် ပြဋ္ဌာန်းပေးရန်လိုအပ်ပြီး ယင်းဥပဒေတွင် အလုပ်ချိန်၊ အလုပ်ပိတ်ရက်နှင့်ခံစားခွင့်များ ထည့်သွင်းရေးဆွဲသင့်ကြောင်း ဥပဒေပညာရှင်များက အကြံပြုသည်။

”လွှတ်တော်အဆင့်ဆင့်က အိမ်ဖော်တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံး ရေးဆွဲပြီးတော့ အကောင်အထည် ဖော်ပြဋ္ဌာန်း၊ တိတိကျကျလိုက်နာ၊ ရဲအရေးပိုင်တဲ့ ပြစ်မှုအဖြစ်နဲ့သတ်မှတ်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ပြဿနာတွေ နည်းသွားနိုင်တယ်”ဟု ဦးရောဘတ်စန်းအောင်က အကြံပြုသည်။

အိမ်အကူဥပဒေကို ပြဋ္ဌာန်းရာတွင် အိမ်အကူဟူသည့် ဝေါဟာရမှစကာ ပြင်ဆင်ပြဋ္ဌာန်းသင့်ပြီး အိမ်အကူခန့်ထားမှုအပိုင်း၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ အလုပ်ချိန်တို့ကိုလည်း ထည့်သွင်းပြဋ္ဌာန်းရန်လိုအပ်ကြောင်း ဥပဒေပညာရှင်များက အကြံပြုသည်။ ပြဿနာဖြစ်ပွားလာပါကလည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ထည့်သွင်းရေးဆွဲရန် လိုကြောင်း အကြံပြုထားသည်။

ဒါ့အပြင် လုပ်ခလစာ ခံစားခွင့်များကို အိမ်ရှင်နှင့် အိမ်အကူကြား တိတိကျကျသတ်မှတ်ကာ စာချုပ်ချုပ်ဆိုသင့်ပြီး ထိုစာချုပ်များကို စောင့်ကြည့်ခြင်းများ ပြုလုပ်သင့်သည်ဟု ဥပဒေပညာရှင်များက ထောက်ပြကြသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကလည်း အိမ်အကူဆိုင်ရာ ဥပဒေပေါ်ပေါက်လာပါက ညှဉ်းပန်းနှိပ်စက်ခံမှုများ လျော့ကျသွားနိုင်ကြောင်း သုံးသပ်သည်။

”တရားဝင် လူသိသူသိ ငှားထားတဲ့ အိမ်ဖော်ကို ဘယ်သူမှ မနှိပ်စက်ရဲဘူး။ လူမသိ သူမသိ ငှားထားတဲ့သူကိုသာ နှိပ်စက်တာ”ဟု ၎င်းကဆိုသည်။

လတ်တလော အိမ်အကူဆိုင်ရာဥပဒေကို မပြဋ္ဌာန်းနိုင်သေးခင် ကြားကာလတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန်လိုကြောင်း ဥပဒေပညာရှင်များက အကြံပြုသည်။

အာဏာရပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် အလုပ်သမားတိုင်း တရားမျှတ၍ ဘေးကင်းလုံခြုံသောလုပ်ငန်းခွင်နှင့် သင့်တော်သည့် လုပ်ခလစာရရှိရေးတို့ကို ဦးတည်သည့် မူဝါဒများ အကောင်အထည်ဖော်ရန်နှင့် ဥပဒေနှင့်အညီ ကလေးအလုပ်သမားများ၏ အခွင့်အရေးကို အာမခံမည်ဟု ကြေညာထားသည်။

သို့သော် လက်ရှိအချိန်တွင်မူ သက်ငယ်အိမ်အကူများမှာ တရားရင်ဆိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

အိမ်ရှင်မိသားစု၏ နှိပ်စက်မှုများကြောင့် ပြင်ပဒဏ်ရာများသာမက စိတ်ကျန်းမာရေးပါ ထိခိုက်ခဲ့ရသူ မစုမမလှိုင်၏ မိခင်ကတော့ သူ့သမီးငယ်ကို နှိပ်စက်သူများအား ဥပဒေအရ ထိုက်တန်သည့် အပြစ်ဒဏ်ရရန် ပြတ်ပြတ်သားသား တောင်းဆိုထားသည်။

”လျော်ကြေးမလိုချင်ဘူး။ နိုင်ငံတော်က ပေးတဲ့ အပြစ်ဒဏ်ပေးတာပဲ လိုချင်တယ်”

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဟေမာန်ပြည့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."