ပုလဲနဲ့ အလဲခံနေရတဲ့ လူမျိုးစု

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည်

ကျော်ဇေယျရေးသည်

လငန်းကျွန်း(ဖေဖော်ဝါရီ၊ ၂၀၂၀)

ပင်လယ်ပျော်လူမျိုးစုရယ်လို့ လူသိများတဲ့ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုတန်းတွေမှာ ကျင်လည်နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေ ဒီနိုင်ငံမှာ ဆက်လက်ရှင်သန်ရေးဟာ ခြိမ်းခြောက်ခံနေရပါတယ်။

ဗမာတိုင်းရင်းသားမျိုးနွယ်စု ကိုးစုထဲပါပြီး လူဦးရေ ၁,၇၀ဝ လောက်ပဲ ရှိတော့တဲ့ ဒီလူမျိုးစုကို အဓိကခြိမ်းခြောက် နေတာက အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပုလဲသယံဇာတ အလိုရမ္မက်ပါ။

ဆလုံလူမျိုးတွေ ကျင်လည်ရာ ဒီကျွန်းတန်းတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေဟာ ရာစုနှစ်တစ်ဝက်မက ရှိနေပြီး ဆက်လက်ပြီးတော့လည်း တိုးချဲ့ လုပ်ကိုင်နေကြပါတယ်။ ကပ္ပလီပင်လယ်အစပ်က ဒေါ်ပုတို့ ရှင်သန်ရာ လငန်းကျွန်းတန်းမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်ရှိလာတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ထိခိုက်နေရပါတယ်။

“ဒုက္ခရောက်ပေါ့။ သူတို့ ဒါမျိုးလုပ်ရင် ကျွန်မတို့က လုပ်စားမရပြီ။ ဘယ့်နှယ်လုပ်မတုံး” လို့ အသားညိုညစ်ညစ်နဲ့ ပါးရေတွေတွန့်နေတဲ့ ဆလုံအမယ်အိုဒေါ်ပုက လေသံခပ်ဝဲဝဲနဲ့ ညည်းတယ်။ အရပ်ငါးပေလောက်ပဲရှိမယ့် ဒေါ်ပုဟာ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို မသိပါဘူး။ ရွာသားတွေကတော့ သူ့အသက် ၇၈ နှစ် ပတ်ချာလည် ရှိလိမ့်မယ်လို့ မှန်းဆကြပါတယ်။

မြိတ်ကျွန်းစုတန်းတစ်လျှောက် ပုလဲမွေးမြူရေးတွေကြောင့် သူတို့ရဲ့မိရိုးဖလာ ပင်လယ်အခြေပြု အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အခက်အခဲဖြစ်လာတာဟာ ဒေါ်ပုတစ်ယောက်တည်း မဟုတ်ပါဘူး။ ငါးနဲ့ ကင်းမွန်ဖမ်းတာ၊ မျှော့နဲ့ ခရုငုတ်တာ စတဲ့ရေလုပ်ငန်းအလုပ်တွေနဲ့ အသက်မွေးကြတဲ့ မြိတ်ကျွန်းစုတန်းက ဆလုံလူမျိုး အများအပြားဟာလည်း အလားတူစိန်ခေါ်မှုတွေကို ကြုံနေရတာဖြစ်ပါတယ်။ ပြဿနာက ပုလဲမွေးမြူရေး လုပ်ငန်းတွေ ကျယ်ပြန့်လာတာနဲ့အမျှ ဆလုံတွေရဲ့ ရေလုပ်ငန်း စားကျက်ဟာ ကျဉ်းလာပြီး လုပ်ကိုင်စားသောက်ရ အဆင်မပြေ ဖြစ်လာကြတာပါပဲ။

Photo-Kyaw Zayya လငန်းကျွန်းမှာ တွေ့ရတဲ့ ဆလုံကလေးငယ်များ

အခုလိုခြိမ်းခြောက်ခံနေရတဲ့ ဆလုံလူမျိုးတွေရဲ့ အသက် မွေးဝမ်းကျောင်းကို အစိုးရအနေနဲ့ အကာအကွယ်မပေးနိုင်ရင် ဒီလူမျိုးတွေ မြန်မာပြည်မှာ ရှင်သန်ရပ်တည်ရေးဟာ အခက်အခဲတွေ ဖြစ်လာတော့မယ်လို့ ဒီလူမျိုးစု မကွယ်ပျောက်ရေး တက်ကြွ လှုပ်ရှားပေးသူတွေက သတိပေးနေကြပါတယ်။

Photo-Kyaw Zayya ပင်လယ်ပြင်ကို ကင်းမွန်မျှားထွက်ဖို့ ပြင်ဆင်နေတဲ့ ဆလုံတိုင်းရင်းသားတစ်ဦး

“လူမျိုးတုံးတယ်ဆိုတာ သတ်ပစ်၊ ဖြတ်ပစ်မှမဟုတ်ဘူး။ စားဝတ်နေရေးနဲ့ ရှင်သန်ရာဒေသတွေကို ဖျက်ဆီး၊ တားမြစ်ရင်လည်း လူမျိုးတစ်ခု ပျက်စီးနိုင်ပါတယ်” လို့ ဆလုံလူမျိုးစုတွေ ကွယ်ပျောက်သွားမှာကို စိုးရိမ်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးချိုလွန်းက ဆိုတယ်။

သူက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်းက မကြုံဂလက်ကျွန်းမှာနေထိုင်တဲ့ ဆလုံအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျကာ အဲဒီကျွန်းပေါ်မှာ မိသားစုဘဝ ထူထောင်ထားသူတစ်ဦးပါ။ သူဟာ ဆလုံလူမျိုးတွေနဲ့ ပတ်သက်ပြီး လေ့လာစာရင်းပြုစုနေသူ ဒေသခံတစ်ဦး ဖြစ်ပါတယ်။

ဆလုံတွေဟာ ပင်လယ်ပြင်မှာ ကျင်လည်ကျက်စားပြီး ခေတ်အဆက်ဆက် ပညာရေးနိမ့်ပါးခဲ့တဲ့ လူမျိုးစုငယ် ဖြစ်တာကြောင့် သူတို့ဟာ လူတကာရဲ့ အနိုင်ကျင့်မှုကို ခံကြရတယ်လို့ သူကဆိုတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှု များလာတာကြောင့်လည်း အရွယ်မတိုင်မီ သေဆုံးမှုများလာတယ်လို့ ဆိုတယ်။

လက်ရှိမှာတော့ မြိတ်ကျွန်းစုကျွန်းတန်းတွေထဲမှာ ဆလုံ ရွာ ၁၀ ရွာသာ ရှိတော့ပြီး အဲဒီထဲက ကိုးရွာဟာ ပင်လယ်ထဲက ကျွန်းတွေပေါ်မှာ ရှိတာပါ။

တချို့ ဆလုံမိသားစုတွေဟာ မြန်မာဘက်ခြမ်းမှာ လုပ်ကိုင်စားသောက်မရတော့တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံဘက်ကို ရွှေ့ ပြောင်းသွားကြတာကြောင့်လည်း လူဦးရေလျော့ပါးသွားရတာ ဖြစ်တယ်လို့ ဦးချိုလွန်းက ရှင်းပြတယ်။

“ဟိုနိုင်ငံ(ထိုင်း)ဘက်မှာက ဆလုံဆိုရင်ရပြီ။ ကျန်တာ ဘာမှမလိုဘူး။ လွတ်လပ်စွာ နေထိုင်ရှင်သန်ခွင့်ပေးတယ်။ ဒီ အပေါ်ကနေ သူတို့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ကြတယ်” လို့ သူက ရှင်းပြတယ်။

ဒေါ်ပုတို့ လငန်းကျွန်းကို၂၀၁၇ မှာ ပုလဲကုမ္ပဏီတစ်ခု ဝင်လာတဲ့နောက်ပိုင်း ရွာထဲက ဆလုံမိသားစုကိုးစု ထိုင်းနိုင်ငံဘက်ကို စုန်ဆင်းရွှေ့ပြောင်းသွားခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ပြောပြတယ်။

ပုလဲကျိန်စာ

ပုလဲစီမံကိန်းတွေကြောင့် ဒေါ်ပုတို့လို ဆလုံတွေ ဒုက္ခရောက်ရတာ အခုမှတော့ မဟုတ်ပါ။ နိုင်ငံကို စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မင်းလုပ်နေစဉ် ကာလတွေကတည်းက ပုလဲမွေးမြူရေးစီမံကိန်းတွေကြောင့် သူတို့ဟာ တစ်ကျွန်းပြီး တစ်ကျွန်း စွန့်ခွာခဲ့ရတယ်လို့ ဆလုံအရေးလေ့လာသူတွေက ပြောပြတယ်။

Photo-Kyaw Zayya လငန်းကျွန်းတန်းကို ပုလဲလုပ်ကွက် တိုးချဲ့လာတဲ့ ဂျပန်ကုမ္ပဏီရဲ့ ဒိုမယ်ကျွန်းရဲ့ မွေးမြူရေးလုပ်ကွက်တစ်ခု

အခု ဒေါ်ပုတို့နေထိုင်တဲ့ လငန်းကျွန်းပေါ်မှာရှိတဲ့ ဆလုံအများစုဟာ အရင်က အခုကျွန်းနဲ့စာရင် ကုန်းမကြီးနဲ့ ပိုနီးပြီး ပိုကြီးတဲ့ ဂျာအိဆိုတဲ့ ကျွန်းကြီးမှာ နေခဲ့ကြတာပါ။ အိုဝင်ကျွန်းလို့လည်းခေါ်တဲ့ ဒီကျွန်းမှာ ၁၉၅၄ လောက်ကတည်းက တောင်ပင်လယ်ပုလဲ (South Sea Pearl) ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပုလဲလုပ်ငန်းတွေ စတင်လုပ်ခဲ့တာပါ။ ပုလဲမွေးမြူရေးရှိလို့ ဒီကျွန်းကို ပုလဲကျွန်းလို့လည်း ခေါ်ကြပါတယ်။

ဦးနေဝင်းလက်ထက် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတဲ့အခါ ၁၉၆၃  မှာ ဒီကျွန်းက ပုလဲမွေးမြူရေးလုပ်ငန်းဟာလည်း အသိမ်းခံလိုက်ရပါတယ်။ နောင် ၁၀ နှစ်လောက် အကြာမှာ ဒီကျွန်းပေါ်က ဆလုံတွေကို အစိုးရက မောင်းထုတ်လိုက်တယ်လို့ ဆလုံအရေးလေ့လာသူတွေက ပြန်ပြောပြတယ်။

“စစသိမ်းသိမ်းချင်းမှာ ကျွန်းပေါ်ကဆလုံတွေကို မောင်းမထုတ်သေးဘူး။ ဦးနေဝင်း ပုလဲကျွန်းကိုလာတဲ့အခါ သူတို့ကို လာတွေ့တာ၊ ထောက်ပံ့တာတွေရှိတယ်လို့ ဆလုံတွေက ပြောပြဖူးတယ်။ နောက်ပိုင်းမှ မောင်းထုတ်ခံရတာ” လို့ ဦးချိုလွန်းက ရှင်းပြတယ်။

ဒီလို မောင်းထုတ်ခံရတော့ အဲဒီကျွန်းက ဆလုံတွေဟာ ဂျာအိကျွန်းမြောက်ဘက်က သူတို့ဆွေမျိုးစုတချို့ နေထိုင်နေတဲ့ ပိုသေးတဲ့ စင်ရော်ကျွန်းလို့ခေါ်တဲ့ကျွန်းမှာ သွားရောက်ပူးပေါင်း နေထိုင်ခဲ့ကြပါတယ်။

ဒီကျွန်းကိုလည်း နောက်ပိုင်းမှာ အစိုးရနဲ့ ပုလဲဖက်စပ် မွေးတဲ့ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုရောက်လာခဲ့ပါတယ်။ ၁၉၈၃ ဝန်းကျင်လောက်မှာ အဲဒီကျွန်းပေါ်ကနေ ဆလုံတွေ ထပ်မံမောင်းထုတ်ခံခဲ့ရတယ်လို့ ဆလုံအရေးလေ့လာသူ ဦးချိုလွန်းက ပြောပြတယ်။ ဒေါ်ပုဟာ အဲဒီကျွန်းက မောင်းထုတ်ခံခဲ့ရတဲ့ ဆလုံတွေထဲကတစ်ဦးပါ။

ကုန်းမကြီးနဲ့ ပိုနီးတဲ့ ကျွန်းတွေကနေ ပုလဲလုပ်ငန်းတွေကြောင့် မောင်းထုတ်ခံရတဲ့ ဒေါ်ပုတို့ ဆလုံတွေဟာ ရေကြည်ရာ၊ မြက်နုရာ ရှာကြံနေထိုင်ကြရင်း အခုလက်ရှိနေထိုင်ရာ လငန်းကျွန်းတန်းမှာ ယခင်ကတည်းကရှိနှင့်တဲ့ သူတို့ဆွေမျိုးတစ်စုနဲ့ ပေါင်းကာ အခြေချလာခဲ့ကြတာ ဒီနေ့အထိပဲလို့ ဆလုံအရေး လေ့လာသူတွေကပြောပြတယ်။

ဒါပေမဲ့လည်း ကာလတစ်လျှောက်လုံး ဆလုံတွေနောက်ကို တောက်လျှောက်လိုက်နေတဲ့ ပုလဲစီမံကိန်းတွေဟာ ရပ်တန့်မသွားဘဲ အခုလည်း လငန်းကျွန်းတန်းကို တိုးချဲ့ခြေဆန့်လာခဲ့ပြန်တာပါ။

“အကြိမ်ကြိမ် ပြောင်းရွှေ့ပေးခဲ့ရပြီ။ ဒီကျွန်းတန်းရဲ့ နောက်မှာ သမုဒ္ဒရာပဲ ကျန်တော့တယ်။ ကျုပ်တို့ ဘယ်သွားရ တော့မလဲ” လို့ ဦးမြင့်လွင်က ပြောတယ်။ သူက လငန်းကျွန်းပေါ် က ဆလုံအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျကာ ကျွန်းပေါ်မှာ နေထိုင်တဲ့ ဆလုံမိသားစုဝင် မွန်လူမျိုးတစ်ဦးပါ။

“ပုလဲသမားတွေ သိမ်းလိုက်ပြီဆိုတာနဲ့ အဲဒီကျွန်းနား ကိုဘယ်သူမှ သွားမရ၊ လာမရနဲ့ အကုန်ဒုက္ခရောက်တာပဲ” လို့ သူက ဆက်ပြောတယ်။

ဘာကြောင့်လဲဆိုတော့ ပုလဲမွေးတာနဲ့ တစ်ပြိုင်နက် ကျွန်းရဲ့ ရေပြင်ဧရိယာကို ဘောသီးတန်းတွေနဲ့ ကာရံကာ သွားလာခွင့်ကို ကန့်သတ်တယ်လို့ ဦးမြင့်လွင်က ဆိုတယ်။ မတော်တဆ ပုလဲမွေးမြူရေးလုပ်ကွက်ထဲ ကျွံဝင်သွားမိရင်လည်း ပုလဲသူခိုးလို့ စွပ်စွဲကာ ကုမ္ပဏီတွေက ညှဉ်းပန်းဖူးတာတွေကြောင့် ပုလဲလုပ်ကွက်တွေနားဆိုရင် ဆလုံတွေဟာ မသွားရဲတော့ဘူးလို့ သူကပြောပြတယ်။

ဒါ့အပြင် ပုလဲမွေးမြူရေးဧရိယာတွေကို ပုဒ်မ ၁၄၄ ထုတ်၊ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားတာတွေကြောင့်လည်း ဆလုံတွေဟာ ပိုလို့ထိတ်လန့်ကြတယ်လို့ ဦးချိုလွန်းက ပြောပြတယ်။

ဂျာအိကျွန်းနဲ့ စင်ရော်ကျွန်းမှာ နေတုန်းကဆိုရင် ဆလုံတွေ ငါးမျှားရင်း၊ ရေငုတ်ရင်း၊ ပုလဲမွေးမြူရေးလုပ်ကွက်တွေထဲကို ကျွံဝင်သွားမိတာမျိုးတွေ ဖြစ်ခဲ့ဖူးပြီး ပုလဲမွေးသူတွေဟာ လှေနဲ့ ငါးဖမ်းကိရိယာကို သိမ်းတာ၊ သဲသောင်ပြင်မှာ နေလှန်းဒဏ်ပေးတာ၊ စခန်းမှာ လုပ်အားပေးစေခိုင်းတာမျိုးတွေနဲ့ ညှဉ်းပန်းခဲ့တာမျိုး ရှိဖူးတယ်လို့ ဆလုံတွေက ပြန်ပြောပြတယ်။

အကာအကွယ်လိုအပ်

ခေတ်အဆက်ဆက် အကာအကွယ်မဲ့ကာ အစောင့်ရှောက် မခံခဲ့ရတဲ့ ဒီလူနည်းစုအတွက် အခုအချိန်မှာ အစိုးရရဲ့ အကာအကွယ်ဟာ အရေးကြီးလာပြီလို့ ဆလုံအရေးလေ့လာသူတွေက ဆိုပါတယ်။ မဟုတ်ပါက ခုခံနိုင်စွမ်းနည်းတဲ့ ဒီလူမျိုးစုဟာ မကြာမီ ဒီနိုင်ငံက ကွယ်ပျောက်သွားနိုင်တယ်လို့ သူတို့က သတိပေးကြတယ်။

ဆလုံတွေ တားမြစ်ကန့်ကွက်နေတာဟာ ရှိပြီးသား ပုလဲလုပ်ငန်းတွေကို မဟုတ်ဘဲ နောက်ထပ်အသစ် တိုးချဲ့မှုတွေ လုပ်လာမှာ၊ လုပ်နေကြတာကို တားမြစ်နေတာလို့ တနင်္သာရီတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင် ဦးက ရှင်းပြပါတယ်။

သူဟာ ဆလုံတွေကို အကာအကွယ်ပေးကြဖို့ နှိုးဆော်တိုက်တွန်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်ပုတို့ရဲ့ လငန်းကျွန်းတန်းဘက်ကို ပုလဲလုပ်ကွက်သစ်တိုးချဲ့လာတာကြောင့် “အဲဒီက ဆလုံတွေမှာ စားစရာ မရှိတော့ဘူး၊ စားကျက်ပျောက်တယ်”လို့ သူက ပြောတယ်။ ကျွန်းငါးကျွန်း နဲ့ ဖွဲ့စည်းထားတဲ့ လငန်းကျွန်းတန်းတွေထဲက ဆလုံတွေရဲ့ ငါးဖမ်းစားကျက်နဲ့ ရေချိုခပ်ယူတဲ့ ကျွန်းတွေဖြစ်တဲ့ အကြီးဆုံး ကျွန်းနှစ်ကျွန်းရဲ့ ရေပြင်မှာ ပုလဲလုပ်ကွက်က တည်ရှိနေတာပါ။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကတော့ ဒီလူမျိုးစု မျိုးတုံးပျောက်ကွယ်မှု မရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ပေးမှုအနေနဲ့ စာသင်ကျောင်းတွေ ဖွင့်ပေးနေတယ်လို့ အမျိုးသားလွှတ်တော်ကို ၂၀၁၇ တုန်းက ပြောခဲ့တယ်။

ဒါ့အပြင် ၂၀၁၆၊ ဒီဇင်ဘာကစလို့ လစဉ် ဆန်ဖိုးထောက်ပံ့တာ၊ ရိုးရာပွဲတော်တွေ ကျင်းပပေးတာ၊ ပင်လယ်ပြင်မှာ မူးယစ် ဆေးဝါးမပြန့်အောင် တားမြစ်တာတွေနဲ့  ကင်းမွန်မျှားတာ၊ ငါးမျှားတာတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားတယ်လို့ လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အစိုးရရဲ့  အထက်ပါ အထောက်အပံ့တွေကို ရပေမယ့် သူတို့လိုချင်တာက လွတ်လပ်စွာ နေထိုင်သွားလာခွင့်နဲ့ သူတို့စားကျက်တွေ မပျောက်ဆုံးဖို့ ဖြစ်တယ်လို့ ဒေါ်ပုကဆိုတယ်။

ဦးအောင်နိုင်ဦးကတော့ အစိုးရရဲ့အထောက်အပံ့တွေဟာ ဆလုံတွေအတွက် ထိရောက်အံဝင်ခွင်ကျတဲ့ အထောက်အပံ့တွေဖြစ်သင့်ပြီး အခုထောက်ပံ့နေတဲ့ “သက်ကယ်အင်္ကျီပေးတာမျိုး၊  ရေငုတ်မျက်မှန်ပေးတာမျိုးတွေက ကလေးဆန်လွန်းအားကြီးတယ်”လို့ ပြောပါတယ်။

မော်ကွန်းက လငန်းကျွန်းပေါ်ကို ရောက်နေချိန်မှာပဲ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတချို့လည်း ကျွန်းပေါ်ကို ရောက်ရှိနေတာနဲ့ တိုက်ဆိုင်နေပါတယ်။ ဂျပန်ပုလဲ ကုမ္ပဏီ ဒီကျွန်းတန်းမှာ ပုလဲမွေးမြူနေတဲ့အပေါ် ဆလုံတွေရဲ့ သဘောထားကို လာကောက်ခံတာလို့ အဲဒီအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောတယ်။

သူ့အနေနဲ့ ဒေသခံတွေရဲ့ အသံကိုနားထောင်ကာ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ လိုင်စင်ချပေးနေတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကို အကြံပြုချက်ပေးဖို့ လာတာလို့ ဆိုပါတယ်။ ဆလုံတွေ မလိုလားတဲ့ ပုလဲကုမ္ပဏီတွေကို ဖယ်ရှားနိုင်တဲ့အာဏာဟာ တိုင်းအစိုးရမှာ မရှိဘဲ သဘောထားမှတ်ချက်ပေးတဲ့ အဆင့်သာ လုပ်ပိုင်ခွင့်ရှိတယ်လို့ သူကရှင်းပြတယ်။

Photo-Kyaw Zayya လငန်းကျွန်းတည်နေရာနှင့် ပုလဲလုပ်ကွက်တည်ရှိရာပြ မြေပုံ

အစိုးရဟာ ဒီပုလဲမွေးမြူရေးလုပ်ငန်းကနေ ဝင်ငွေအမြောက်အမြားရရှိနေတာပါ။ ၂၀၁၈ တစ်နှစ်တည်းမှာတင် ပုလဲလုပ်ငန်းတွေကနေ ကျပ် ၁၄ ဘီလီယံခွဲလောက်ရရှိခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့ပုလဲလုပ်ငန်းရဲ့ စာရင်းတွေမှာ ဖော်ပြတယ်။ ဒါဟာ ၂၀၁၁ ထက်စာရင် ဝင်ငွေ ၁၄ ဘီလီယံလောက်အထိ တိုးလာတာပါ။ ပုလဲထုတ်လုပ်မှုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုထုတ်လုပ်လာနိုင်တာကို အစိုးရစာရင်းတွေမှာ တွေ့ရတယ်။

အရင်ရှိပြီးသားပုလဲလုပ်ငန်းတွေကိုတော့ နိုင်ငံတော်စီးပွားရေးမို့ ဘာမှမပြောချင်တော့ပေမယ့် အသစ်တိုးချဲ့ ထပ်မံ မွေးမြူကြမယ့် ပုလဲလုပ်ငန်းတွေကိုတော့ အစိုးရအနေနဲ့ တားမြစ်ပေးသင့်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ဒီနည်းနည်းလေး ကျန်တဲ့လူတွေ၊ အခြားတိုင်းပြည်ကို ထွက်သွားရင် တိုင်းပြည်ပုံရိပ်လည်း မကောင်းဘူး။ နိုင်ငံရဲ့ဂုဏ် သိက္ခာလည်းကျမှာပေါ့”လို့ သူက ဆိုတယ်။

ရွာဦးဘုန်းကြီးကျောင်းမှာလုပ်တဲ့ တိုင်းအစိုးရဝန်ကြီးတွေ နဲ့  ရွာသားတွေ အစည်းအဝေးရဲ့ နောက်ဆုံးတန်းမှာ ဆလုံအမျိုးသမီးတချို့ ခေါင်းချင်းဆိုင်ကာ စကားတီးတိုးပြောနေကြတာကို တွေ့ခဲ့ရတယ်။ ဘာတွေပြောနေတာလဲလို့ မေးကြည့်တဲ့အခါ “အရမ်းမပြောကြနဲ့၊ သူတို့ပြန်သွားရင် ဂျပန်လာသတ်လိမ့်မယ် လို့ တစ်ဦးနဲ့တစ်ဦး သတိပေးနေတာ”လို့ ရွာသားတစ်ဦးက ရှင်းပြပါတယ်။

“ဆလုံတွေက အရမ်းကြောက်ကြတယ်။ အခု ကန့်ကွက်တယ်ဆိုတာလည်း သူတို့မှာ ဒီကနေ ရှောင်စရာ မြေ မရှိတော့လို့ ကန့်ကွက်နေကြတာ”လို့ ဦးချိုလွန်းက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တစ်ခုစာတောင် လူဦးရေမကျန်တော့တဲ့ ဒီလူမျိုးစုငယ်ရဲ့ ဓလေ့ထုံးတမ်း၊ ရှင်သန်ရပ်တည်ရာ စားကျက်တွေနဲ့ လူဦးရေ ဒီထက်လျော့မသွားဖို့ အစိုးရက ကာကွယ်ပေးရမယ်လို့ ဆလုံအရေးလေ့လာသူတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဆလုံတွေရဲ့ မူလယဉ်ကျေးမှုတွေကို ပြန်ဖော်ထုတ်ပေးတာ၊ ဘာသာစကားတွေကို ပြန်ဖော်ထုတ်ပေးတာနဲ့ မြိတ်ကျွန်းစုတွေထဲမှာ သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်၊ သွားလာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို အသိအမှတ် ပြုပေးရမယ်လို့ ဦးအောင်နိုင်ဦးက ပြောတယ်။

ထိုင်းနိုင်ငံမှာဆိုရင် သူတို့ပိုင်နက်ထဲက ဆလုံတွေကို အသေအချာထောက်ပံ့ထားပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးထားတယ်လို့ သူလေ့လာထားသမျှ ရှင်းပြတယ်။

ဆလုံတွေ ဒီနိုင်ငံက ပျောက်ကွယ်သွားတာမျိုး မဖြစ်သင့်သလို ဒီလိုမပျောက်ကွယ်စေဖို့လည်း ဒီလူမျိုးစုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရက အကာအကွယ်ပေးသင့်တယ်လို့ ဦးအောင်နိုင်ဦးက အကြံပြုတယ်။

“သီးခြားအထူးဥပဒေတစ်ရပ်နဲ့ ဒီလူမျိုးစုကို ငါတို့က အကာအကွယ်ပေးဖို့လိုတယ်။ ဥပမာ-သူတို့ပိုင်တဲ့ မြေတွေ၊ ရေပြင်တွေကို ဘယ်သူမှ သူတို့ သဘောတူညီချက်မပါဘဲ ထိလို့မရဘူး။ ယူလို့မရဘူးဆိုတဲ့ ဥပဒေအကာအကွယ်ပေါ့။ အက်စကီးမိုး လူမျိုးတွေကို အကာအကွယ်ပေးသလိုပေါ့”လို့ သူက ဆိုတယ်။

Photo-Kyaw Zayya ဒေါ်ပု

စားကျက်ကို မဖျက်ပါနဲ့

ဝေလံခေါင်ဖျားတဲ့ ကပ္ပလီပင်လယ်အတွင်းက ကျွန်းတန်း တွေမှာနေတဲ့ ဒီလူမျိုးစုငယ်တွေအဖို့  “စားကျက်ပျောက်ရင်တော့ ထွက်သွားမှာပဲ” လို့လည်း သူက သတိပေးပါတယ်။

ဒေါ်ပုကတော့ ဒီလငန်းကျွန်းတန်းတွေကနေ သူ ဘယ်တော့မှ မခွာဘူးလို့ ပြောပါတယ်။ လှိုင်းလေကြီးတဲ့ မိုးရာသီ တစ်လျှောက်လုံး သူတို့ရွာသားတွေဟာ ဒီကျွန်းတန်းကိုသာ အားကိုး ရှာဖွေစားသောက်ရတာကြောင့် အခု ပုလဲကုမ္ပဏီက ယူသွားတဲ့ကျွန်းတွေဟာ သူတို့ဆလုံတွေအတွက် အလွန်အရေးကြီးတယ်လို့လည်း ဆိုတယ်။

Photo-Kyaw Zayya ပင်လယ်ပြင်မှာ ကင်းမွန်မျှားတဲ့အခါ အသုံးပြုတဲ့ ဆလုံလှေငယ်တွေနဲ့အတူ ဆလုံတိုင်းရင်းသားတချို့

ဒါကြောင့် ဖျတ်လတ်သန်မာနေဆဲ ဒေါ်ပုဟာ သူနဲ့ သူ့မျိုးနွယ်စုတွေ အနာဂတ်အရေး အာမခံချက်ပေးဖို့ တစ်ခါမှ သူမရောက်ဖူးတဲ့ နေပြည်တော်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ထွက်ခွာလာခဲ့တယ်။

ဆလုံအမယ်အိုအတွက် ဒီခရီးက မလွယ်ကူပါ။ သူတို့ ကျွန်းကနေ တစ်ရက်ခရီးပျော့ပျော့ ပင်လယ်ပြင်ကိုဖြတ်ပြီး မြိတ်ကိုခရီးနှင်၊ အဲဒီကမှတစ်ဆင့် လေယာဉ်နဲ့ရန်ကုန်၊ ပြီးတော့မှ နေပြည်တော်ကို တစ်ဆင့်သွားခဲ့တာပါ။

နေပြည်တော်ရောက်ရင် အကြီးအကဲတွေကို တင်ပြလို့ သူတို့ ဆလုံတွေရဲ့ ဒုက္ခကို သိသွားတဲ့အခါ အကူအညီရမှာပဲလို့ ဒေါ်ပုထင်ခဲ့ပေမယ့် တက်တက်စင်အောင် လွဲခဲ့ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတချို့က သူတို့ တင်ပြတာတွေကို နားထောင်ပေးပေမယ့် ပုလဲလုပ်ကွက်တိုးချဲ့လာတာကို ဖယ်ရှားရှင်းလင်းပေးမယ်ဆိုတဲ့ အာမခံချက်တော့ မရခဲ့ဘူးလို့ ဒေါ်ပုနဲ့ သူ့အဖော်တွေက ပြန်ပြောပြတယ်။

ပြီးတော့ ဒီကျွန်းတန်းတွေအပေါ် သူရဲ့ သံယောဇဉ်ကိုလည်း ဌာနေတိုင်းရင်းသား ဆလုံအမယ်အိုက အခုလို ဆိုပါတယ်။

“ပုလဲလာရင် တချို့လူ (ဆလုံ)က ထွက်ပြေးတာပေါ့။ ကျွန်မတို့က ပြေးလည်းမနိုင်(မပြေးနိုင်)။ အသတ်ခံရလည်း ဒီမှာပဲသေမယ်။ အဖေလည်း ဒီမှာပဲသေခဲ့တယ်”


#feature


အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."