သတိ- ကားမောင်းရင်း ဖုန်းမပြောရ လမ်းကူးရင်း ဖုန်းမပြောရ အပိုင်း(၁)

သတိ- ကားမောင်းရင်း ဖုန်းမပြောရ လမ်းကူးရင်း ဖုန်းမပြောရ အပိုင်း(၁)

ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

မီမီခိုင် ရေးသည်။

ရန်ကုန်မြို့၏ အစည်ကားဆုံးလမ်း မကြီးများထဲတွင် အပါအဝင်ဖြစ်သည့် အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာ မီးပွိုင့်တွင် တာဝန်ကျယာဉ်ထိန်း ရဲ၏နှုတ်မှ ဝစီမှုတ်သံ ‘ရွှီး’၊’ရွှီး’ဆိုသည်က ဆက်တိုက်ဆိုသလိုထွက်ပေါ်နေသည်။

ထိုဝစီမှုတ်သံကား ယာဉ်မောင်းသူ များနှင့် လမ်းအသုံးပြုသူများအကြား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက် နာစေရေးအတွက် သတိပေး ဝစီမှုတ်သံ ဖြစ်သည်။

မျိုးစုံသောစည်းကမ်းများအတွက် ဝစီမှုတ်ခြင်းတွင် မီးပွိုင့်ဖြတ်နေစဉ်မှာ တောင် ဖုန်းပြောနေသည့် ယာဉ်မောင်း နှင့် လမ်းဖြတ်ကူးနေစဉ်မှာတောင် လမ်း ကို မကြည့်ဘဲ လက်ကိုင်ဖုန်းကိုသာ အာရုံ စိုက်နေသည့် လမ်းအသုံးပြုသူ၊ ခြေကျင် လျှောက်သူများအကြား သတိပေးဝစီ မှုတ်ရသည်က အများဆုံးဖြစ်လာနေ သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်နှင့် မြို့တွင်းယာဉ်ထိန်းရဲ တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် ထက်လှိုင်ပွားက ဆိုသည်။

”တစ်နေ့တစ်နေ့ ခရာတွတ်ရတဲ့ အထဲမှာ ပိုဆိုးလာတာက ကားမောင်းရင်း ဖုန်းပြောတဲ့ ယာဉ်မောင်းနဲ့ လမ်းဖြတ်ကူး သူတွေအကြား သတိပေးခရာတွတ်ရတာ ပဲ”ဟု လုပ်သက် ဆယ်နှစ်ကျော် သက် တမ်းရှိ ဒုတပ်ကြပ် ထက်လှိုင်ပွားက ညည်းသည်။

ကားသမားက ဖုန်းပြောပြီး မောင်း လာတတ်ကြသလို လမ်းကူးသူတွေက လည်း ကိုယ့်ဖုန်းကိုယ်ကြည့်ပြီး လမ်းကူး တတ်ကြတာပဲဟု ယခု သတင်းဆောင်းပါး ရေးသားသူကို ပြောပြနေစဉ်မှာပဲ ဖုန်း ပြောရင်း မောင်းလာသည့် ယာဉ်နှင့် လမ်း ဖြတ်ကူးသူတစ်ဦးတို့ တိုက်မလိုဖြစ်သွား သည့် အခြေအနေကို လှမ်းမြင်လိုက်တာ ကြောင့် ဒုတပ်ကြပ်ထက်လှိုင်ပွား ဝစီမှုတ် ၍ သတိပေးလိုက်ရသည်။

”မြင်တယ်မဟုတ်လား၊ တိုက်မလို ဖြစ်သွားတာ။ အဲဒီလိုဖြစ်နေတာ တစ်နေ့ တစ်နေ့ အကြိမ်ပေါင်းမနည်းဘူး”ဟု ဒု တပ်ကြပ် ထက်လှိုင်ပွားက သက်သေထူ ကာ ပြောပြပါသည်။

ရန်ကုန်မြို့၏ လူနှင့် ယာဉ်စည်ကား ရာ လမ်းဆုံတိုင်းမှာ အတွေ့ရများလာ သည့် ယာဉ်မောင်းစဉ် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှင့် လမ်းအသုံးပြုစဉ် မိုဘိုင်းလ် ဖုန်း အသုံးပြုမှုများလာခြင်းကို ယခုလို ပြောလာသူက ဒုတပ်ကြပ်ထက်လှိုင်ပွားတစ်ဦးတည်းတော့ မဟုတ်ပါ။

ရန်ကုန်မြို့တွင် ဖုန်းကိုင်နိုင်သည့် လူဦးရေ များပြားလာသည့်အခြေအနေ နှင့် မော်တော်ကားဈေးအတန်အသင့် ကျ ဆင်းလာသည့် ၂ဝ၁၂ ခုနှစ်နောက်ပိုင်း ကာလတွေမှာ ယာဉ်မောင်းစဉ် ဖုန်းအသုံး ပြုမှုများကို လမ်းပေါ်မှာ ခပ်စိပ်စိပ်တွေ့ လာရသည်ဟု လှည်းတန်းမီးပွိုင့်တွင် တာ ဝန်ကျနေသည့် လုပ်သက် ၅ နှစ် ကျော်ရှိ ဒုတပ်ကြပ်ညီညီဇော်ကလည်း ပြောပြ  ပါသည်။

ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုသူ နှင့် လမ်းဖြတ်ကူးစဉ် ဖုန်းအသုံးပြုနေသူ များ၏ လမ်းပေါ်တွင် အာရုံစူးစိုက်နိုင်မှုမရှိ ခြင်းများ ကြောင့် ယာဉ်မတော်တဆမှုတွေ ပိုမိုများပြားလာမည်ကို ဒုတပ်ကြပ်ညီညီ ဇော်က စိုးရိမ်နေသည်။

Photo: Kaung Myat Moe                      ယဉ်ထိန်းရဲ တစ်ဦး လမ်းကြောရှင်းနေစဉ်

အာရုံတွေ ဘာကြောင့် ထွေပြား

လှည်းတန်းလမ်းဆုံကဲ့သို့ ယာဉ် ကြောပိတ်ဆို့မှု များပြားသည့်နေရာများ တွင် လူကိုယ်တိုင်ထွက်၍ ကားကြောရှင်း ကြရသည့်အခါမျိုး၌ ယာဉ်မောင်းစဉ် ဖုန်း အသုံးပြုသူများနှင့် လမ်းကူးစဉ် ဖုန်း အသုံးပြုသူများ၏ စည်းကမ်းမရှိမှုများကို သိသိသာသာ တွေ့ရသည်ဟု ဒုတပ်ကြပ် ညီညီဇော်က ဆိုသည်။

”တော်တော်ဆိုးလာတာက ကျွန် တော်တစ်ယောက်လုံး လမ်းလယ်ထွက် လက်တားပြီး ကားရှင်းနေတာကိုတောင် မမြင်နိုင်လောက်အောင် ဖုန်းပြောရင်း ကားစွတ်မောင်းလာကြတာတွေပဲ”ဟု ယာဉ်ထိန်းရဲ ဒုတပ်ကြပ်ညီညီဇော်က သူ နေစဉ်ကြုံတွေ့နေရသည့် အဖြစ်အပျက် ကို ပြောပြပါသည်။

ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုပါက ယာဉ်မောင်းသည် ယာဉ်နှင့် လမ်းပေါ်တွင် အာရုံစူးစိုက်နိုင်စွမ်းနည်းပါးသွားသလို လမ်းဖြတ်ကူးစဉ် ဖုန်းအသုံးပြုပါကလည်း လမ်းကူးသူသည် လမ်း၏ ဝဲ၊ ယာနှစ်ဘက် နှင့် အရှေ့အနောက် ထွက်ပေါ်လာမည့် ယာဉ်များအပေါ်တွင် အာရုံစူးစိုက်မှု နည်း ပါးသွားတတ်ပါသည်။

ထိုသို့အာရုံစူးစိုက်မှုနည်းပါးနိုင် သည့် ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံ ဗာဂျီးနီးယားနည်းပညာ ပို့ဆောင်ရေး သိပ္ပံကျောင်း (Virginia Technology Transportation Institute-VTTI)မှ သုတေသနစစ်တမ်းပြုလုပ်ထားသည်။

ထိုစစ်တမ်းအရ လူတစ်ဦးသည် ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုခြင်းနှင့် လမ်းကူးစဉ်ဖုန်းအသုံးပြုခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်ကာ ယာဉ်မတော်တဆ အန္တရာယ်ဖြစ်နိုင်မှုသည် သာမန်အခြေ အနေတွင် အန္တရာယ်ဖြစ်နိုင်မှုထက် ရာ ခိုင်နှုန်း ၂၃ ဆ ပိုများသည်ဟု ဆိုပါသည်။

ထိုရာခိုင်နှုန်းသည် အရက်သောက် ပြီး ယာဉ်မောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင် သည့် အန္တရာယ်အခြေအနေပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်ဟုလည်း (VTTI) ၏ သုတေသန စစ်တမ်းအင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(World Health Organization- WHO)မှ ကျန်းမာရေးဆိုင်ရာဝန် ထမ်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်း ကျင်သူများက ယာဉ်မောင်းစဉ် မိုဘိုင်းလ် ဖုန်း အသုံးပြုပါက ယာဉ်မောင်း၏ အာရုံ စူးစိုက်မှုလျော့ပါးနိုင်မှုကို သုတေသန ပေါင်းများစွာ ပြုလုပ်ကာ စစ်တမ်းတစ်ခု ရေးခဲ့ပါသည်။

၎င်း သုတေသနစစ်တမ်းတွင် ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုမည်ဆိုပါ က ယာဉ်မောင်း၏ မြင်ကွင်းသည် လမ်း ပေါ်မှ ပြင်ပသို့ အာရုံရောက်သွားခြင်း၊ စိတ်ဝင်စားမှုသည်လည်း လမ်းပေါ်တွင် မရှိခြင်း၊ ယာဉ်မောင်းလက်ကိုင် စတီယာ တိုင်မှ လွတ်ထွက်သွားခြင်းတို့သည် တစ် ပြိုင်နက်ဖြစ်ပေါ်သွားသဖြင့် ယာဉ် မတော် တဆဖြစ်နိုင်ခြေ ရာခိုင်နှုန်းများစွာရှိ ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဖြစ်ရသည်မှာ ယာဉ်မောင်း သည် ဖုန်းသံမြည်လာသည်နှင့် ပြန်လည် ပြောဆိုရန် အချိန်တစ်ခုကြာမြင့်စွာ လက် တစ်ဖက်လွှတ် စီစဉ်ရပြီး မျှော်လင့်မထား သော အခြေအနေတစ်ခုနှင့် ရုတ်တရက် တွေ့ပါက ချက်ချင်းတုံ့ပြန်ရန် နှေးကွေး ခြင်း၊ မှားယွင်းစွာ ဆောင်ရွက်မိခြင်း၊ ဖုန်း ပြောစဉ် ဘရိတ်ဖမ်းမှုသည် နှေးကွေးသွား ပြီး တိုတောင်းသော ရပ်တန့်မှု အကွာ အဝေးကိုပင် ခက်ခက်ခဲခဲ ဘရိတ်ဖမ်းရ ခြင်းတို့ကြောင့်ဖြစ်သည်ဟု စစ်တမ်းတွင်ဖော်ပြသည်။

ထို့အပြင် ယာဉ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအား သက်စွန့်ဆံဖျား ဆောင်ရွက်ခြင်း၊ မိမိမောင်းနေသော ယာဉ်လမ်းကြောင်းကို မထိန်းသိမ်းနိုင် ခြင်းနှင့် လမ်းအချက်ပြအမှတ်အသား များနှင့် မီးပွိုင့်တို့ကို သတိမထားမိခြင်းတို့ လည်း ဖြစ်တတ်ကြကြောင်း ထိုစစ်တမ်း တွင် ဖော်ပြထားသည်။

ယာဉ်စီးရေနှင့်မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေ သိသာစွာ များပြားလာသည့် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်တွင် ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုသည် ၁,၂၄၂ မှု ရှိခဲ့ပါသည်။ ထိုယာဉ်မတော်တဆဖြစ်မှုများ ကြောင့် အသက်ဆုံးရှုံးသူ ၃ဝဝ ခန့်ရှိခဲ့ ကာလူဦးရေ ၂,ဝဝဝ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ယာဉ်မတော်တဆမှု မှတ်တမ်းထိန်းသိမ်းသူကပြောသည်။

ယာဉ်မတော်တဆဖြစ်မှုများသည် ၂ဝ၁ဝခုနှစ်နောက်ပိုင်း ပိုမိုများပြားလာ ခဲ့ကြောင်း အဆိုပါမှတ်တမ်းတွင် ဖော်ပြ ထားသည်။ ၂ဝ၁ဝခုနှစ်တွင် ယာဉ်မတော် တဆဖြစ်မှု ၇၆၉ မှုရှိကာ လူ ၁၇၅ ဦး သေဆုံးပြီး ၁,၂၅၁ဦး ဒဏ်ရာရရှိခဲ့သည်။ ၂ဝ၁၁ခုနှစ်တွင်တော့ ယာဉ်မတော်တဆ မှု ၁၁၆၉ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၈ဦး သေဆုံး ကာ ၁၈၃ဝဦးဒဏ်ရာရရှိခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် နှစ်စဉ် တစ်နှစ်လျှင် လူဦးရေ ၇,၁၇၇ ဦး (လူတစ်သိန်းလျှင် ၁၅ ဦးနှုန်း) မှာ ယာဉ်မတော်တဆမှုများကြောင့် အသက် ဆုံးရှုံးနေရကြောင်း WHO ၏ ၂ဝ၁၂ ခုနှစ် စာရင်းဇယားများတွင် ဖော်ပြ ထားသည်။

ထိုယာဉ်မတော်တဆမှုများသည် မျိုးစုံသောအကြောင်းအချက်များ ကြောင့် ဖြစ်နိုင်သလို ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုမှုနှင့် လမ်းကူးစဉ် ဖုန်းအသုံး ပြုမှုများကြောင့် ဖြစ်ပွားသည့် ယာဉ်     မတော်တဆမှုများလည်း ပါဝင်နိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိန်းရဲတပ်ခွဲမှူး ရဲမှူးကြီးသာဌေးက ဆိုပါသည်။

သို့သော်လည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယာဉ်မောင်းစဉ် မိုဘိုင်းလ်    ဖုန်းအသုံးပြုမှုကြောင့်ယာဉ်မတော်တဆ ဖြစ်ပွားမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အသေးစိတ်မှတ်တမ်းယူထားမှု လုံးဝမရှိ သေးကြောင်း ၎င်းက ပြောပါသည်။

ယာဉ်မတော်တဆမှုများဖြစ်ပွားပါ က ယာဉ်ထိန်းရဲများ၊ ယာဉ်မှုစစ်များအနေ ဖြင့် မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်း မောင်းနှင်မှုနှင့် လမ်းဖြတ်ကူးသူတိုက်မှု စသဖြင့်သာ မှတ်တမ်းယူပြီး အသေးစိတ် အချက်အလက်မှတ်တမ်းတင်မှုအား နည်းကြောင်းလည်း ရဲမှုးကြီးသာဌေးက ရှင်းပြပါသည်။

”မီဒီယာက မေးမှပဲ သတိထားပြီး လုပ်ရမယ့်အချက်ဆိုတာ သတိထား မိတယ်။ နောင်ဆိုရင်တော့ ဘာကြောင့်လဲ ဆိုတာ အသေးစိတ်မှတ်တမ်းယူခိုင်းရ မယ်။ ဒါမှပဲ ယာဉ်တိုက်မှုတွေမှာ ဘယ် အမှုတွေက ပိုများလဲဆိုတာ သိပြီး အမှု အပေါ် လိုက်ပြီး ပြည်သူလူထုအတွက် ကြို တင်ကာကွယ်ပေးမှုတွေ ပိုလုပ်ပေးနိုင် မယ်”ဟု သူက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆ မှုများကြောင့် နှစ်စဉ်တိုင်းပြည်၏ ပြည် တွင်းအသားတင်ထုတ်လုပ်မှု (GDP) တန်ဖိုး ၃ ရာခိုင်နှုန်းဆုံးရှုံးနေပြီး ငွေကြေး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂ဝဝ ခန့် ဆုံးရှုံးနေကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်၏ ၂ဝ၁ဝ ခုနှစ်စစ်တမ်း တွင် ဖော်ပြထားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးလှသောင်းမြင့်ကတော့ ယာဉ်မတော်တဆဖြစ်မှုများကြောင့် တိုင်းပြည်၏ GDP တန်ဖိုး ဆုံးရှုံးခြင်း သည် ပြည်သူလူထု၏ တစ်ဦးချင်းဝင်ငွေ ထိခိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုပါသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."