၂ဝ၁၂ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ပထမနေ့ကတည်းက ထွက်ပြေးဖို့စိုင်းပြင်းတာ ထွက်မပြေးဖြစ်။ ပွဲတော် ၉ ရက်မြောက်နေ့ကျမှ ထွက်ပြေးဖို့ အထမြောက်တော့သည်။ထိုနေ့မနက် သူဇာအိပ်ရာက အစောကြီးထသည်။ အနွေးထည်ကိုကောက်ပြီးကျကျနနဝတ်လိုက်သည်။ကလေးနှစ်ယောက်ကိုကြည့်လိုက်တော့ ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းနေကြတုန်း။ ဆောင်းတွင်းဆိုတော့ ညဘက်မှာ အနွေးဓာတ်ရအောင် တစ်ညလုံးဖိုထားသောမီးဖိုမှာ နံနက်ရောက်တော့ မီးအားလျော့လာသည်။ သူဇာ တောင်းတစ်လုံးကို ပိုက်ပြီး အိမ်ထ ဲကထွက်သည်။ ယောက်ျားဖြစ်သူ ကွိုင်ရွေးဖျင်က သူဇာ ထင်းသွားသယ်သည်လို့ပဲ ထင်ထားပုံရသည်။ သူဇာ့အကြံကို သတိမထားမိ။တကယ်လည်း သူဇာခြံထဲသွားပြီးထင်းယူလာကာ မီးဖိုထဲ ထည့်ပေးလိုက်သေးသည်။
မီးအားကပြန်ကောင်းလာသည်။သည်ကားကလေးနှစ်ယောက်အပေါ် သူဇာ၏ နောက်ဆုံးကြင်နာခဲ့ခြင်း ဖြစ်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကလေးနှစ်ယောက်မျက်နှာကို ကြည့်လိုက်မိပြန်တော့သူဇာလုံးဝစိတ်မကောင်း။ကလေးတွေကိုခွဲခွာရတော့မည်ဆိုသည့်စိတ်နှင့်ထိုအခိုက်မှာ သူဇာကြေကွဲဆို့နင့်နေသည်။ သို့သော် အိမ်ကနေ မြန်နိုင်သမျှအမြန်ဆုံးထွက်မှရတော့မည်ကို သူဇာ နားလည်သည်။
နောက်ကျလို့ ယောကျ်ားရိပ်မိလျှင် အစီအစဉ်ပျက်ပေတော့မည်။ကြေကွဲဆို့နင့်စွာနှင့်ပဲ တောင်းတစ်လုံးကို ရင်မှာပိုက်ရင်း သူဇာ အိမ်ကနေဣန္ဒြေရရ ထွက်လာသည်။ လက်ထဲမှာတော့ ယောက်ျားဆီက လမ်းစရိတ်အဖြစ်မသိအောင်ယူထားသည့် ယွမ်ငွေ ငါးထောင်ကျော် ပါလာသည်။ ဒီတစ်ကြိမ်တော့လွတ်အောင်ပြေးမှရတော့မည်ဟု သူဇာသန္နိဋ္ဌာန်ချသည်။ ရွာကနေ အထွက်လမ်းလည်းရောက်ရောလက်ထဲကတောင်းကိုဗုန်းကနဲပစ်ချကာ သူဇာ ပြေးလေတော့သည်။ တောင်းပစ်ချသည်ကိုတွေ့သည့် လူတချို့က ”ဟဲ့ ဘယ်သွားမှာလဲ” ဟု လှမ်းအော်သည်။
သူဇာ နောက်ကိုပြန်မကြည့်တော့ပြီ။ တောင်အောက်ကရွာဖြစ်သည့် နုနုခင်တို့ရွာဘက်သို့ပြေးဆင်းသည်။ တောင်စောင်းလမ်းမှာ နှင်းထုတွေက ဟိုမှာသည်မှာ။ ချော်လဲပြီး လိမ့်ကျမည်စိုးသောကြောင့် တချို့နေရာတွေမှာ ဖင်တရွတ်တိုက်ပြီး ဆင်းရသည်။ချမ်းလိုက်သည်မှာလည်းတအား။နုနုခင်တို့ရွာနားရောက်တော့ကားလမ်းပေါ်မှာ ထော်လာဂျီတစ်စီး လှမ်းတွေ့သည်။ ထိုထော်လာဂျီကိုတားကာ လွေးဝမွန်ဈေးသို့သွားသည်။ ဈေးမှာ လူရှင်းနေသည်။ ပွဲတော်ရက်များတွင် လူတွေ ဈေးမလိုက်ကြ။ပွဲတော်မတိုင်ခင်ကတည်းကဝယ်စရာရှိသည်များကိုအပြီးဝယ်ထားကြသည်။သူဇာ သူ့ကိုယ်ကိုယ် မြန်မာမှန်းမသိအောင် ခေါင်းစွပ်တွေ၊ပဝါတွေနှင့် မျက်နှာကိုရစ်သိုင်းထားသည်။ လေးနှစ်ကြာတရုတ်ပြည်မှာ နေလာခဲ့ပြီမို့တရုတ်စကားကိုတော့ ကောင်းကောင်း ပြောနိုင်နေပြီ။ထော်လာဂျီသမားက ”ဘယ်သွားမလို့လဲ”ဟု စပ်စုနေပြန်သည်။ သူဇာက ”ဆံပင်လာဖြောင့်တာ” ဟြုပန်ပြောလိုက် ရသည်။သို့နှင့်သူဇာကားပေါ်ကဆင်းပြီးလွေးဝမွန်ကားဂိတ်ကိုသွားကာကားလက်မှတ်ဖြတ်ပြီးမှန်လုံကားပေါ် တက်ခဲ့သည်။ပြန်ရမည့်လမ်းကြောင်းကို အကြမ်းဖျင်းတော့ သူဇာလေ့လာထားသည်။
နှစ်နာရီလောက်ကြာ ကားစီးပြီးသောအခါ နောက်ထပ်ကားဂိတ်တစ်ခုသို့ရောက်သည်။ထိုမှကူမင်းသို့သွားရန် ကားလက်မှတ်စီစဉ်ရသည်။ကားဂိတ်က မှတ်ပုံတင်ဖြစ်ဖြစ်၊ ပတ်စ်ပို့ဖြစ်ဖြစ်ပြခိုင်းသည်။ သူဇာ့မှာ မှတ်ပုံတင်လည်းမရှိ၊ ပတ်စ်ပို့လည်းမရှိ။ဒီနေရာမှာသူဇာညာရတော့မည်။ မြန်မာပြည်က သူ့မိခင်နေမကောင်းသောကြောင့် ပြန်သွားကြည့်မှဖြစ်တော့မှာမို့လို့ ပြန်ရကြောင်း၊ယောက်ျားကလည်း ခွင့်ပြုထားကြောင်းရှင်းပြရသည်။ အဖြစ်မှန်ကိုမူ မပြောပြရဲ။နောက်ဆုံး သူ့နာမည် ရေးပေးပါဆိုလို့ သူဇာသူ့နာမည်ကို တရုတ်လို ရေးပေးလိုက်သည။်သည်လောက်တော့သူဇာရေးတတ်သည်။ လက်မှတ်ခက ပွဲတော်ရက်ဆိုတော့ယွမ် ၆ဝဝ ကျော်ကျသည်။ တစ်စတစ်စနှင့် သူဇာ၏ လွတ်မြောက်လမ်းကနီးကပ်လာပြီဖြစ်သည်။
လမ်းတစ်ဝက်မှာခဏနားတော့သူဇာဟမ်းဖုန်းနှင့်ဆင်းမ်ကတ်ဝယ်သည်။ဆိုင်ကကံစမ်းမဲနှိုက်ခိုင်းတော့ သွားတိုက် ဆေးဘူးပေါက်သည်။ကံကောင်းလာသည်ပဲလား။ ကားပေါ်မှာရင်းနှီးခဲ့သည့် တရုတ်အမျိုးသမီးက သူဇာ့ကိုမြန်မာပြည်ဘက်ဘယ်လိုပြန်ရမည်ကိုလမ်းညွှန်လိုက်သည်။သို့နှင့် ကူမင်းမှသည် ရွှေလီ၊ ရွှေလီမှသည် မြန်မာပြည်နယ်စပ်မြို့ဖြစ်သည့် မူဆယ်သို့ ပြန်တော့မည်အပြု ဖုန်းနံပါတ်တစ်ခုကို သူဇာနှိပ်လိုက်သည်။ ဖုန်းဝင်သွားသည်။တစ်ဖက်မှ ဖုန်းဖြေသူက သူ့ ယောက်ျား ကွိုင်ရွေးဖျင်။သူအခု မြန်မာပြည်သို့ပြန်နေသည့်အကြောင်းနှင့် လိုက်မရှာရန် သူဇာက လှမ်းပြောလိုက်သည်။
ယောက်ျားဖြစ်သူက မယုံတစ်ဝက်၊ ယုံတစ်ဝက်နှင့် သူဇာ့ကို ”ပြန်လာခဲ့ပါ၊ နင်အခု လွေးဝမွန်ဈေးမှာလား” ဟု စိတ်ပူပြီး လှမ်းမေးသည်။ သူဇာက ”မဟုတ်ဘူး” ဟုဖြေသည်။ ထိုအခါ ယောက်ျားဖြစ် သူက ”နင်ငါ့ကို စိတ်ဆိုးနေတာလား” ဟု မေးပြန်သည်။ စိတ်ဆိုးလို့ပြန်ခြင်း မဟုတ် ကြောင်းနှင့်သန်ဘက်ခါဆိုလျှင် မြန်မာပြည် ကအိမ်ကို ပြန်ရောက်တော့မည်ဖြစ်ကြောင်း သူဇာက ပြောပြသည်။
ရွှေလီဘက်မှ မူဆယ်ဘက်ကူးဖို့ လှေ ဆိပ်သို့အသွားမှာ ကွိုင်ရွေးဖျင်ဆီက ဖုန်း ဝင်လာသည်။ သူဇာ ဖုန်းကိုင်လိုက်သည့် အချိန်မှာ တစ်ဖက်က ”မေမေ” ဟု လှမ်း ခေါ်သည်။ သူဇာရင်ထဲမှာ ဆို့နင့်သွားသည်။ စိတ်ကိုထိန်းနိုင်သမျှထိန်းကာ သုံးနှစ် ကျော်အရွယ် သမီးငယ်အား ”မေကြီး ဈေးမှာ၊ မနက်ဖြန်ပြန်လာခဲ့မယ်၊ မေကြီး မုန့်တွေ ဝယ်လာခဲ့မယ်သိလား၊ လိမ်လိမ်မ ာမာ နေ နော်၊ ဖေကြီးပြောစကားကိုလည်း နားထောင်ဦးနော်၊ ဘိုးဘိုးနဲ့ ဘွားဘွား စကားကိုလည်း နားထောင်ဦးနော်” ဟု ညာ ပြောလိုက်သည်။”အဲလိုပြောနေရတဲ့အချိန် အရမ်း ဝမ်းနည်းတာပဲ။ ကလေးတွေကို ထားခဲ့ရ မယ်ဆိုတော့ တော်တော်ကြီးကို စိတ်မ ကောင်းဖြစ်မိတယ်” ဟု သူဇာက ပြန်ပြောင်း ပြောပြသည်။
ကွိုင်ရွေးဖျင်က သမီးဖြစ်သူအား သူ့ အမေကို မေမေလို့ ထပ်ခေါ်ခိုင်းနေသည်။” သမီးက ဖုန်းထဲမှာ ‘မေမေ’တဲ့။ ‘မေမေအခုဘယ်မှာလဲ’တဲ့။ ‘မီးမီးတို့ဆီ ပြန်လာခဲ့’တဲ့။ သားလေးကတော့ ဘေး နားမှာ ဆော့နေတာ အသံကြားနေရ တယ်။ သူတို့စိတ်မကောင်းမှာစိုးလို့ ညာခဲ့ ရတယ်။ စိတ်ထဲမှာပြောနေမိတာကတော့ ‘မေကြီးကိုခွင့်လွှတ်ပါလို့’။”ထိုအချိန်က ခံစားချက်တွေကို ပြန် လည်ပြောပြနေသော သူဇာ၏ အသံမှာ ကြေကွဲဆို့နင့်နေပြီး မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေကပြည့်လျှံလို့။”မထားခဲ့ချင်ဘူး၊ အမှန်ပြောတာ”ထို့နောက်တော့ မျက်ရည်ကန် ကျိုးကျသည့်ပမာ ပါးပြင်ပေါ် မျက်ရည်တွေ ဒလဟော ထိုးဆင်းလာသည်။ အင်တာ ဗျူးနေသည့် သတင်းထောက်က လှမ်းပေး သော စနိုးတာဝါနှင့် မျက်ရည်များကို သုတ်ရင်း သူဇာ ခဏငြိမ်သွားသည်။ ပြီးမှ ပြောလက်စ စကားကို သူဇာဆို့နင့်စွာနှင့် ဆက်ပြောသည်။
”ပြန်မသွားဖြစ်ရင် ကလေးတွေ ငါ့ လိုပဲဖြစ်မလားမသိဘူးလို့။ သူများအနှိမ်ခံ ရမှာပဲပေါ့နော်။ သမီးလိုဘဝဆိုးမှာစိုးလို့ သူတို့ကိုတွေးတွေးပြီး ပြန်သွားချင်တဲ့ စိတ် တော့ရှိတာပေါ့”သို့သော် သန္နိဋ္ဌာန်က ချထားပြီးဖြစ် သည်။ ဖခင်နှင့် မောင်လေးနှစ်ယောက် ရှိနေကြသေးသည့် မြန်မာပြည်ကိုလည်း လှမ်းမြင်နေရပြီ။ နောက်ဆုံးတော့ ဝမ်းနည်း ကြေကွဲမှုတွေကိုမျိုသိပ်ရင်း မြစ်ကိုဖြတ် ကာ မူဆယ်ဘက် ရောက်လာခဲ့သည်။သားသမီးများကို ချန်ထားရစ်ခဲ့ရ သည့်စိတ်နှင့် ဝမ်းနည်းနေရင်းနှင့်ပင် သူဇာ မှာ ယွမ်ငွေတွေကို မြန်မာငွေသို့ လဲလှယ် ဖို့လုပ်ရသည်။ ငွေလဲသည့်နေရာ ရောက် တော့ သူ့မှာပါလာသည့်ငွေ အကုန်လုံးကို လဲပစ်လို့မဖြစ်ဟု သူဇာတွက်သည်။
သားသမီးတွေကိုလွမ်းလို့ပြန်သွားသည့်အခါ သုံးစွဲလို့ရအောင် လမ်းစရိတ် လောက်ကိုတော့ ချန်ထားမည်ဟု တွက် ဆသည် နှင့် လက်ထဲမှာကျန်နေသေးသည့် ယွမ်ငွေ ၄,ဝဝဝ လောက်ထဲက တစ်ဝက် သာ လဲခဲ့လိုက်သည်။ ကျန်တစ်ဝက်ကို မလဲဘဲထားသည်။မူဆယ်မှာ တစ်ညအိပ်သည်။ ည ဘက်မအိပ်ခင် ခင်ပွန်းဖြစ်သူကို ဖုန်းလှမ်း ဆက်သည်။ ”အိပ်ပြီလား၊ ကလေးတွေ ရော”ဟု မေးလိုက်သည်။ တစ်ဘက်မှ ”ဘာ လုပ်မလို့လဲ”ဟု တစ်ခွန်းသာပြောပြီး ဖုန်း ချလိုက်သည်။ ရှိစေတော့ပေါ့။
နောက်ရက် သူဇာ ကားစီးပြီး မန္တလေး ဆင်းလာသည်။ ထိုမှ ရန်ကုန်။ ရန်ကုန် အောင်မင်္ဂလာ ကားဝင်းကနေ အိမ်ကို ကားငှားလာသည်။ သူဇာတို့ ဓနိမိုး၊ ထရ ကာ အိမ်ကလေးရှိရာ ရပ်ကွက်နား အ ရောက်မှာ သူဇာ ကားပေါ်ကဆင်းလိုက် သည်။ ဒီနေရာသည် သူတို့အိမ်ရှိရာ ရပ် ကွက်မှ ဟုတ်ပါရဲ့လားလို့ သံသယဝင် သွားသည်။ မြင်ကွင်းတွေက ပြောင်းလဲ ကုန်သည်။ တရုတ်ပြည်မသွားခင် ဈေး ရောင်းခဲ့သည့်နေရာတွေလည်း ပြောင်းလဲကုန်ပြီ။
သူဇာသတိမထားမိသည့် အချက် က ၂ဝဝ၈ ခုနှစ် မေလပထမပတ်မှာ ရန်ကုန်နှင့် ဧရာဝတီကို နာဂစ်မုန်တိုင်း ဝင်မွှေ သွားသည့်အချက်ဖြစ်သည်။ ထိုစဉ်က ဓနိ မိုး၊ ထရံကာ အိမ်အများစုရှိသည့် သူဇာ တို့ရပ်ကွက်ဝန်းကျင်သည် တော်တော် အထိနာခဲ့ရသည်။ ထို့ကြောင့်လည်း လွန်ခဲ့ သောလေးနှစ်က မြင်ကွင်းမျိုးကို သူဇာ မတွေ့နိုင်တော့ခြင်းဖြစ်သည်။
သို့နှင့် အနီးကဈေးတစ်ခုသို့ သွား ကာ ဂါဝန်အင်္ကျီဝယ်ပြီး အဝတ်အစားလဲ လိုက်သည်။ အကြောင်းမှာ ဘောင်းဘီ ဝတ်ဖြင့်သူ့ကို လမ်းထဲကလူတွေမြင်လျှင် တစ်မျိုးတစ်မည် ထင်ကြမည်စိုးသော ကြောင့်ဖြစ်သည်။ ထို့နောက် သူ့အိမ်ကို ရောက်နိုင်သည့်လမ်းတစ်ခုကို သူဇာရွေး ပြီး လျှောက်လာသည်။ ရပ်ကွက်ထဲမှာ ဓနိမိုးထရံကာအိမ်ကနည်းသွားပြီး တချို့ လမ်းတွေဆိုလျှင် ကွန်ကရစ်လမ်းတွေ ဖြစ် ကုန်သည်ကို သူဇာသတိပြုမိသည်။
ကိုယ့်အိမ် ဘယ်နားရှိမည်ကို စမ်း တဝါးဝါးဖြစ်နေသည်နှင့် လမ်းထဲမှာတွေ့ သည့် အိမ်တစ်အိမ်မှကလေးတစ်ယောက် ကို အိမ်လိုက်ပြပေးဖို့ သူဇာ အကူအညီ တောင်းသည်။ ထိုကလေးကလည်း လိုက် ပို့သည်။ အိမ်ရောက်ခါနီးမှ အဲဒီကလေးက သူဇာ့ကို ပြောလိုက်သည်က ”အစ်မကြီး အဖေက ဆုံးသွားပြီလေ”တဲ့။
အထုပ်ကလေးကို ဘုတ်ခနဲ ပစ်ချ လိုက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။ ဘေးပတ်ဝန်းကျင်တွေက လည်း သူ့အဖေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း၊ ၂ဝဝ၈ ခုနှစ်အတွင်းလေဖြတ်ပြီးဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြသည်။ နေ့လာနိုး၊ ညလာနိုး မျှော်နေရှာမည့် အဖေ ဖြစ်သူကို သူ့ဘဝဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်မည် ဟု တစ်လမ်းလုံးအားခဲထားသမျှ အခု တော့ သဲထဲရေသွန်ဖြစ်ရပြီ။အဖေကိုတွေ့ချင်လို့ ဒုက္ခမျိုးစုံကို ကျော်လွှားလာခဲ့ပြီးပါမှ အိမ်ရောက်တော့ အဖေက မရှိတော့လေရာ သူဇာတစ် ယောက် ယူကျုံးမရ ငိုချလိုက်မိသည်။
အရင်ကဆိုလျှင် ခြံအပြင်ကနေ အဖေဟုခေါ်လိုက်လျှင် အိမ်ထဲက ထူးမည့် သူရှိသည်။ ဒီကနေ့ ထူးမည့်သူလည်း မရှိ တော့သလို ထိုခြံသည်လည်း သူများလက် ထဲသို့ရောက်သွားသည်။ သူ့အဖေက မသေ ခင်အပ်ခဲ့သည်တဲ့။ မည်သို့မည်ပုံ အပ်သွား ခဲ့သည်၊ ပြန်ရနိုင်မည်၊ မရနိုင်မည် မသိ။
ပြီးတော့ မောင်နှစ်ယောက်။ မောင် နှစ်ယောက်မှာ အငယ်ဆုံးတစ်ယောက်ကို တော့ ပြန်တွေ့သည်။ အိမ်တစ်အိမ်က ခေါ် ယူမွေးစားပြီးကျောင်းထားပေးထားသည်။အခု လေးတန်းရောက်နေပြီ။နောက်တစ်ယောက် ကတော့ ဘယ်ကိုရောက်သွားသည် မသိ။
စိတ်ညစ်ညစ်နှင့် အိမ်ထောင်ကျနေ သည့် အစ်ကိုဆီသွားသည်။ အစ်ကိုဖြစ်သူ မှာလည်း နေမကောင်းဖြစ်နေသည်။ကွယ်လွန်သွားရှာသူ မိဘများအ တွက် အလှူဒါနတစ်ခုခုပြုဖို့ သူဇာပြင်ဆင် သည်။ သင်္ကန်း၊ ထီး၊ ဖိနပ်နှင့် ယပ်ဝယ် ကာ မိဘများအတွက် ဘုန်းကြီးကျောင်း သွားပြီး အလှူဒါနလုပ်သည်။မျှော်လင့်ထားသမျှ ဘာတစ်ခုမှ ဖြစ်မလာသည့်အခါ စိတ်ဓာတ်အကျကြီး ကျနေသည်။သို့သော်လည်း သူဇာတစ်ယောက် တရုတ်ပြည်ဘက်မှာ ကျန်နေခဲ့သည့် ကလေး နှစ်ယောက်ကိုတော့ တစ်ရံတစ်ခါမှမမေ့။ သူတို့ကိုတွေ့ချင်စိတ်တွေ ပြင်းပြလို့ နေသည်။
သားနှင့်သမီးကိုလည်းဘယ်လိုမှမမေ့နိုင်ဖြစ်နေရာတရုတ်ပြည်ဘက် ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ယောက်ျား ဖြစ်သူ၏အိမ်ကို ပြန်သွားဖို့တော့ မဟုတ်။ ထိုရွာနှင့်အနီးအနားတွင် အလုပ်လုပ်ရင်း သားနှင့်သမီးကို လွမ်းဆွတ်တိုင်း သွား ကြည့်မည်ဟု စိတ်ကူးပြီး တရုတ်ပြည်ဘက် သို့တက်သွားသည်။သို့သော် သားသမီးများရှိရာသို့ သူဇာရောက်ခွင့်မသာခဲ့ပေ။ အကြောင်း မှာ တရုတ်ပြည်ဘက်ခြမ်း ဂျယ်ဂေါင်အ ရောက်၊ ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်း အလုခံလိုက်ရသောကြောင့် ဖြစ်သည်။ သူဇာ ၏ဘဝကား နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း အဖြစ်တည်း။
သားသမီးများကို မည်မျှပင် လွမ်းလှသော်လည်း လက်ထဲမှာ ငွေတစ်ပြားမှ မရှိတော့သည့်အခါ မြန်မာပြည်ဘက် ပြန် ကူးလာပြီး ရန်ကုန်ကိုပြန်ဖို့ ရဲစခန်းကိုပဲ သွားကာ အကူအညီတောင်းရတော့သည်။ ပထမရဲစခန်းတစ်ခုမှာ အဆင်မပြေ။ နောက်ရဲစခန်းကျတော့ စခန်းမှူးကိုယ် တိုင် ငွေထုတ်ပေးပြီး ပြန်ဖို့စီစဉ်ပေးသည် ဟု ဆိုသည်။ရန်ကုန်ရောက်တော့ အသိတစ် ယောက်အိမ်မှာ ခဏဝင်ခိုရင်း လူကုန်ကူး မှု တိုက်ဖျက်ရေးအပါအဝင် လူမှုထောက် ပံ့ရေးများ လုပ်နေသော World Vision အဖွဲ့နှင့် အချိတ်အဆက်ရသည်။ ယခုအခါ ထိုအဖွဲ့၏စီစဉ်ပေးမှုဖြင့် နေရေး၊ စားရေး အတွက်တော့ ပူပန်စရာမလိုဟု ဆိုသည်။
သူဇာ နားလည်ထားတာ တစ်ခု တော့ရှိသည်။ အခုနေခါသာ World Vision မှ ထောက်ပံ့မှုဖြင့် တစ်ကိုယ်ရေ တစ်ကာယ အဆင်ပြေနေသေးသည်။ ဒီ အတိုင်း ရေရှည်နေလို့မဖြစ်။ ဘဝတစ်ခု တည်ဆောက်ဖို့ စဉ်းစားနေရသည်။ သူ့ မောင်လေးတွေနှင့် ပြန်နေချင်သည်။ သူ များလက်ထဲရောက်နေသည့်ခြံကိုလည်း ပြန်ယူရမည်။ သူဇာစဉ်းစားနေသည်။ ဘာ လုပ်ရရင်ကောင်းမလဲ။ထိုသို့ ဘဝသစ်တစ်ခု တည်ဆောက် ဖို့ စဉ်းစားနေစဉ်မှာ တရုတ်ပြည်ဘက်မှာ ကျန်နေခဲ့သည့် သားနှင့်သမီးတို့ကိုကား အစဉ်ထာဝရ သတိရလို့နေသည်။ ရေစက် ကဘယ်တော့များမှ ပြန်ဆုံကြပါ့မလဲ။မရေရာ၊ မသေချာသော အနာဂတ် ကို မဝံ့မရဲမျှော်တွေးရင်း သူဇာ တောင့်တ မိသည့်ဆန္ဒတစ်ခုက . . .
”ကလေးတွေနဲ့တွေ့ချင်သေးတယ်၊ နောက်ဆုံးအနေနဲ့ အဲဒီအခွင့်အရေး လေးပေးရင် အရမ်းကျေနပ်မှာပဲ။” ။
၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁)မှ သတင်းဆောင်းပါးဖြစ်သည်။
ဉာဏ်လင်း ရေးသည်။

