အညာဒေသ ဒုတိယအီသီယိုးပီးယားဖြစ်လာမလား

FEATURE (အောက်ဖော်ပြပါဆောင်းပါးမှာ ဧပြီ ပထမပတ်တွင် ဖြန့်ချိမည့် မော်ကွန်းအမှတ် ၂၂ (ဧပြီလထုတ်)မှဖြစ်ပါသည်။)

(အပူပိုင်းဒေသပြန်လည်ထူထောင်ရေး အရေးတကြီးလုပ်ဆောင်ကြရန် သတိပေးတပ်လှန့်သည့်အနေဖြင့် ကျွန်ုပ်တို့မော်ကွန်းက ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။)

သက်ဦးမွန် ရေးသည်။

ပေါက်ချောင်းအထက်စု (ဧပြီ၊ ၂၀၁၅)

တစ်ခေါင်းလုံး သွပ်မိုးထားသလို ဆံပင်တွေဖြူဖွေးနေပြီး ကြေးနီရောင်အသားအရေကို ပိုင်ဆိုင်ထားတဲ့ အညာသားကြီး ဦးတင်စိန်ဟာ သူတို့မိသားစုပိုင်ဆိုင်ထားတဲ့ ခိုင်းနွားတစ်ကောင်ကို ရောင်းဖို့ စိုင်းပြင်းနေပါတယ်။

ကျပ်သုံးသိန်းခွဲလောက်ဈေးခေါ်ထားပေမယ့် ပိန်လှီလှတဲ့ သူ့ရဲ့ နွားဝါကို ဝယ်မယ့်သူက အခုအထိပေါ်မလာသေးပါဘူး။ အဲဒီနွားရောင်းစွံသွားရင်တော့ သူတို့မိသားစုခြောက်ယောက်ရဲ့ စားရေးသောက်တာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်း နိုင်လိမ့်မယ် လို့ ဦးတင်စိန်က ယူဆထားပါတယ်။

အဓိက ကြုံတွေ့ရတဲ့ပြဿ      နာက မိုးမမှန်တာပဲ။ မိုးက မမှန် တော့ စိုက်သမျှသီးနှံအားလုံး ပျက်စီးပြီး အရှုံးပေါ်ခဲ့ရတယ်လို့ အသက် ၆၀ ကျော် ဦးတင်စိန်က ဆိုတယ်။

ဦးတင်စိန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ ထဲမှာ ပါဝင်တဲ့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ပေါက် ချောင်း အထက်စုကျေးရွာမှာနေထိုင်တဲ့ တောင်သူတစ်ဦးဖြစ်ပါ တယ်။ အဲဒီဒေသတစ်ဝိုက်က တောင်သူအများစုဟာလည်း သူ့ လိုပဲ ရာသီဥတုမကောင်းတဲ့အတွက် သီးနှံတွေ ပျက်စီးဆုံးရှုံးကြ ပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပါတယ်။

“နှမ်းမျိုးတောင်မှ ဆုံးတဲ့အထိ ရွာကတောင်သူတွေမှာ ရင်ဆိုင်ခဲ့ရတယ်။ ပဲတွေ၊ ပြောင်းတွေဆိုလို့ရှိရင်လည်း အနှံတောင် မထွက်နိုင်တဲ့အထိ အပင်ငုတ်တုတ်နဲ့ သေခဲ့ရတယ်။ မြေ ပဲတွေဆိုရင်လည်း အပင်ပေါက်ရုံပဲ။ ဥကို မဥနိုင်တဲ့အထိ”လို့      ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရင်း ဦးတင်စိန်က ပြောပြပါတယ်။

စားရေးသောက်တာကိစ္စက နွားရောင်းလိုက်ရင် ကာလ တစ်ခုအထိအဆင်ပြေနိုင်ပေမယ့် သူ့ပခုံးပေါ်ကို တက်ဖိထားတဲ့ နောက်ထပ်ဝန်ထုပ်ဝန်ပိုးကြီးကတော့ သူ့အဖို့ဖြေရှင်းရလွယ်ကူမှာမဟုတ်ပါဘူး။ အဲဒီဝန်ထုပ်ဝန်ပိုးကတော့ အကြွေးတင် နေတဲ့ကိစ္စပဲဖြစ်ပါတယ်။ လက်ရှိ သူ့မှာ စားကြွေးရော၊ စိုက်ပျိုး စရိတ်ကြွေးရော ငါးသိန်းလောက်တင်နေတယ်လို့ ဦးတင်စိန်က ပြောပြပါတယ်။

 တကယ်တော့ ဦးတင်စိန်တို့ ဒေသတစ်ဝိုက်ပဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံဧရိယာရဲ့ ၁၃ ရာခိုင်နှုန်းလောက်ရှိတဲ့ အပူပိုင်းဇုန် ထဲက နေရာတော်တော်များများမှာ မိုးရေရရှိမှုဟာ တစ်နှစ်ထက် တစ်နှစ်နည်းပါးလာခြင်း၊ မိုးခေါင်ခြင်းနှင့် မိုးရွာရက်နောက်ကျ ခြင်းတို့ကြောင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုနည်းပါးလာပြီး နောက်ဆက်တွဲအဖြစ် ဒေသခံတွေဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

သစ်တောပြုန်းတီးမှု၊ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့် တက်လာမှုနဲ့ ဆိုးရွားလာတဲ့ ရာသီဥတုတွေကြောင့် မြေဆီလွှာ တွေ ပြုန်းတီးလာသလို အချို့ယာခင်းတွေဆိုရင်လည်း မြေဆီ လွှာကုန်ခန်းသွားပြီး သဲနဲ့ ကျောက်စရစ်တွေသာ ပေါ်လာတာ ကြောင့် စိုက်ပျိုးမြေအဖြစ် သုံးလို့မရတော့အောင် ဖြစ်သွားတယ် လို့ ဒေသခံတွေနဲ့ ပညာရှင်တွေက ပြောပြကြပါတယ်။

 မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း(Renewable Energy Association of Myanmar – REAM) က အထွေ ထွေအတွင်းရေးမှူးဦးအောင်မြင့်ကတော့ ဒီအခြင်းအရာ လက္ခဏာ တွေကိုကြည့်ပြီး  အပူပိုင်းဇုန်ဟာ “သဲကန္တာရဖြစ်မယ့်ဘက်ကို ရောက်လာတာ”လို့ ဆိုပါတယ်။ သူက အခုလိုလည်း သတိပေး ပြောဆိုပါတယ်။

 “သစ်ပင်သစ်တောဆုတ်လို့ တအားပူလာတာတစ်မျိုး၊ နောက်တစ်ခုက မြေအောက်ရေအောက်ကိုဆင်းတယ်။ အဲဒါ အန္တရာယ်ပဲ။ နောက်ဆို ရွာတောင်ပြောင်းပြေးရမယ့်သဘော”

အခုလိုဆိုးရွားလာနေတဲ့ အခြေအနေကို မဟန့်တားနိုင်ရင် နောက်ပိုင်းမှာ အပူပိုင်းဒေသဧရိယာဟာ တစ်နှစ်ထက်တစ်နှစ် ကျယ်ပြန့်လာမှာဖြစ်သလို ရာသီဥတုဟာလည်း ဆိုးရွားသထက် ဆိုးရွားလာနိုင်ပြီး အကျိုးဆက်အဖြစ် ဒီဒေသမှာ မှီတင်းနေ ထိုင်နေတဲ့ဒေသခံတွေ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေ က သတိပေးထားကြပါတယ်။

 ကောက်ပဲသီးနှံက မှန်းလို့မရ

အပူပိုင်းဇုန်မှာ ဆည်ရေသောက်ရတဲ့နေရာအချို့နဲ့  ဧရာ ဝတီမြစ်အနီးအနားမှာ စပါးစိုက်ပျိုးကြတာရှိပေမယ့် တောင်သူ အများစုက ရေနည်းနည်းရရုံနဲ့ ဖြစ်ထွန်းနိုင်တဲ့ နှမ်း၊ နေကြာ၊ ပြောင်း၊ ဝါ၊ ငရုတ်နဲ့ ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးကြပါတယ်။

ဆီထွက်သီးနှံတွေအများဆုံးထွက်တဲ့ဒေသဖြစ်လို့ အပူပိုင်းဒေသ ကို “မြန်မာပြည်ရဲ့ ဆီအိုး”အဖြစ်တောင် တင်စားခေါ်ဝေါ်ကြပါ တယ်။ သို့သော်လည်း အဲဒီ “ဆီအိုး”ဟာ ရာသီဥတုမကောင်း တော့တဲ့အတွက်ကြောင့် ဆီခမ်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေ ရပါတယ်။

နိုင်ငံလူဦးရေ ၅၁ သန်းကျော်ရှိတဲ့အထဲက သုံးပုံတစ်ပုံ မှီတင်းနေထိုင်နေတဲ့ ဒီအပူပိုင်းဇုန်ဟာ သေးငယ်တဲ့ဧရိယာတော့ မဟုတ်ပါဘူး။ ဒီဇုန်ထဲမှာ မ္တနလေးတိုင်းဒေသကြီးဧရိယာထဲက ၆၈ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးထဲက ၅၆ ရာခိုင်နှုန်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဲဒီ ဇုန်ထဲမှာ ခရိုင်အားဖြင့် ၁၃ ခရိုင်၊ မြို့နယ်အားဖြင့် ၅၄ မြို့နယ် ပါ ဝင်တယ်လို့ အပူပိုင်းဇုန်စိမ်းလန်းစိုပြေရေး(စိမ်းစို)ဌာနက စာရင်းဇယားတွေက ဆိုပါတယ်။

အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင် ၂၆,၁၃၉ ကျယ်ဝန်းတဲ့ ဒီဒေသရဲ့ ပထဝီမြေမျက်နှာသွင်ပြင်ကို အကြမ်း ဖျင်းပြောရရင် အရှေ့၊ အနောက်နဲ့ မြောက်ဘက်မှာ တောင်တန်း တွေနဲ့ ဝန်းရံထားပြီး တောင်ဘက်မှာတော့ မြေနိမ့်ဖြစ်ပါတယ်။

မြောက်မှတောင်သို့တည်ရှိနေတဲ့ တောင်တန်းတွေဟာ နွေရာသီမှာ အနောက်တောင်လေတိုက်ခတ်ခြင်းကို ထိရောက် စွာ တားဆီးကြသလို ဆောင်းရာသီမှာလည်း အရှေ့တောင်မုတ် သုန် လေတိုက်ခတ်ခြင်းကို ထိရောက်စွာ တားဆီးကြပါတယ်။ အကျိုးဆက်အနေနဲ့ အပူပိုင်းဒေသဟာ မိုးကွယ်ဒေသဖြစ်သွားပါတယ်။

 အပူပိုင်းဇုန်မှာ တစ်နိုင်ငံလုံး စိုက်ပျိုးမြေအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းရှိပေမယ့် မိုးရေရရှိမှုက တစ်နိုင်ငံလုံး မိုးရွာသွန်းမှုရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။

 Farmer Vulnerability Amidst Climate Variability: A Case-study of Dry Zone of Myanmar စာတမ်းမှာ ဖော်ပြထားတာကတော့ အပူပိုင်းဒေသမှာ နှစ်စဉ် မိုးရေချိန်ရရှိမှုဟာ ၂၉ ဒသမ ၅ လက်မလောက်ပဲရှိပြီး မိုးရွာ ရက်ကလည်း ၆၂ ရက်နဲ့ ၄၁ ရက်ကြားမှာပဲ ရှိတယ်လို့ဆိုပါတယ်။

ဒီဒေသရဲ့ အချို့နေရာတွေဟာ နှစ်စဉ်နီးပါး မိုးခေါင်တာကို ကြုံ တွေ့ရပြီး အချို့နေရာတွေကတော့ လေး၊ ငါးနှစ်မှာ တစ်ကြိမ် နှုန်းလောက် မိုးခေါင်လေ့ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီနှစ်မိုးမကောင်းလို့ ဒုက္ခရောက်ရတဲ့ တောင်သူတွေထဲမှာ ဦးတင်စိန်တို့နေထိုင်တဲ့ရွာကနေ ဆိုင်ကယ်ဆယ်မိနစ်လောက် စီးရင်ရောက်တဲ့ ပေါက်ချောင်းအလယ်စုကျေးရွာက တောင်သူဦး သန်းထွန်းလည်း ပါဝင်ပါတယ်။

သူက နှမ်း၊ မြေပဲနဲ့ ပြောင်းကို အဓိကထား စိုက်ပျိုးတဲ့ တောင်သူဖြစ်ပါတယ်။ ဒီနှစ်မိုးဦးကျမှာ စိုက်မိုးတော့ ရွာပါရဲ့။ (စိုက်မိုးဆိုတာက သီးနှံစိုက်ပျိုးဖို့ မြေအစိုဓာတ်ရရှိစေတဲ့ မိုးကို ဆိုလိုတာဖြစ်ပါတယ်။) စိုက်မိုးရွာလို့ သီးနှံစိုက်ပျိုးခဲ့ပေမယ့် နောက်မိုးမလိုက်လာတဲ့အခါကျတော့ အဲဒီမှာတင် သီးနှံတွေ ပျက်စီးကုန်တယ်လို့ ဦးသန်းထွန်းက ရှင်းပြပါတယ်။

“နှမ်းများကြဲတစ်ဝက်နဲ့ အကုန်ကိုသေကုန်တော့တာ အပင်ပေါက်ရုံပဲ။ နှမ်းမျိုးဆုံးတယ်”လို့ သူက စိတ်ပျက်လက်ပျက် နဲ့ ပြောပြပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းအနီးက တောင်ဘီရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဦးအောင်ကြည်ရဲ့ စိုက်ခင်းတွေ ဟာလည်း ဒီနှစ်မှာတော့ မိုးခေါင်လို့ ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

စုစုပေါင်းစိုက်ပျိုးစရိတ်နဲ့ အလုပ်သမားစရိတ် ကျပ် ၁၅ သိန်းလောက် အရှုံးပေါ်ခဲ့တယ်လို့လည်း အသက် ၆၅ နှစ်အရွယ်ရှိ တဲ့ ဦးအောင်ကြည်ကဆိုပါတယ်။ “စိတ်ကို ကုန်နေပြီ။ လုပ်ကို မလုပ်ချင်တော့ဘူး”လို့ သူက ရင်ဖွင့်လာပါတယ်။

သူတို့ငယ်ငယ်တုန်းကဆိုရင်ဖြင့် မိုးလေဝသမှန်တာ ကြောင့် စိုက်ပျိုးသမျှ ဖြစ်ထွန်းကာ အရှုံးပေါ်တာ နည်းတယ်လို့ ပြန်ပြောင်းပြောပြပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်က တောင်သူတွေလည်း ဒီနှစ်မိုးခေါင်တဲ့ဒဏ်ကို တော်တော်ခံကြရတယ်လို့ဆိုပါတယ်။

 “ဒီနှစ်ကတော့ ထူးထူးခြားခြား မိုးခေါင်နှစ်နဲ့ ကြုံတယ်ဗျာ”လို့ အသက် ၃၂ နှစ်အရွယ် မြိုင်မြို့နယ်၊ သာယာကုန်းကျေး ရွာက တောင်သူ ကိုဇော်မင်းလှိုင်က ညည်းတွားပါတယ်။

ကိုဇော်မင်းလှိုင်ဆိုရင်လည်း ခါတိုင်း မိုးဦးမှာ နှမ်း၊ မိုး လယ်မှာ စပါး၊ မိုးနှောင်းမှာ မြေပဲစိုက်ပျိုးသူဖြစ်ပေမယ့် ဒီနှစ်တော့ သုံးသီးလုံး မစားရပါဘူးတဲ့။ ပုံမှန်ဆိုရင် သုံးသီးမှာ တစ်သီး တော့ အောင်မြင်တတ်တယ်လို့ အသက် ၃၂ နှစ်ရှိတဲ့ ကိုဇော်မင်း လှိုင်က ရှင်းပြပါတယ်။

BBB

 အာဟာရတွေက ချို့တဲ့

ကိုဇော်မင်းလှိုင်တို့ တောင်သူတွေဟာ တစ်နှစ်ကောင်းလာ နိုး၊ ကောင်းလာနိုးနဲ့ မျှော်လင့်စိုက်ပျိုးခဲ့ကြပေမယ့် ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာတာနဲ့အမျှ ကောက်ပဲသီးနှံအောင်မြင်ဖြစ်ထွန်းမှုဆိုတာ မျှော်မှန်းလို့မရ ဖြစ်နေကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ စားရေးသောက်တာ အခက်အခဲ ဖြစ်လာတာပါပဲ။

 ပြီးခဲ့တဲ့နှစ်အစောပိုင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program – WFP)၊ Save the Children နဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအဆိုအရ အပူပိုင်းဒေသမှာ အိမ် ထောင်စုငါးစုမှာ တစ်စုနှုန်းဟာ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်စုအားလုံးရဲ့ သုံးပုံတစ်ပုံဟာ တစ်နှစ် မှာ အနည်းဆုံးတစ်လလောက်တော့ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတာက ဆန်ပြတ်လပ် တတ်တဲ့ ဇွန်နဲ့ ဇူလိုင်အတွင်းမှာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာပြတ်လပ်တဲ့နောက်ဆက်တွဲက အာဟာရ ပြတ်လပ်မှုပါပဲ။ အထက်ပါစစ်တမ်းအရ အပူပိုင်းဇုန်မှာ ငါးနှစ် အောက် ကလေးတွေရဲ့ ၁၂ ဒသမ ၃ ရာခိုင်နှုန်းဟာ အာဟာရ အလွန်ချို့တဲ့နေကြတယ်လို့ဆိုပါတယ်။ အာဟာရ အလွန်အမင်း ချို့တဲ့မှုဟာ ၁၅ ရာခိုင်နှုန်းကျော်လာမယ်ဆိုရင်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO)က ဒါကို “စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေ”အဖြစ် သတ်မှတ်မှာပါ။

 တောင်သူတွေဒုက္ခရောက်တော့ သူတို့အပေါ်မှီခိုပြီး အလုပ် လုပ်ကြတဲ့ နေ့စားတွေလည်း ဒုက္ခရောက်ကြတော့တာပေါ့။ အထက်ပါစစ်တမ်းအဆိုအရ အပူပိုင်းဒေသမှာရှိတဲ့ အိမ်ထောင်စု ဆယ်စုမှာ ခြောက်စုက လယ်ပိုင်၊ ယာပိုင်တွေဖြစ်ကြပြီး ကျန် လေးစုကတော့ လယ်မဲ့၊ ယာမဲ့တွေဖြစ်ကြပါတယ်။ အဲဒီတော့ အကြွေးကင်းတဲ့အိမ်ထောင်စုဟာ မရှိသလောက်ဖြစ်သွားတယ် လို့ ဒေသခံတွေကဆိုပါတယ်။

 တချို့ဆို ကိုယ့်အရပ်ဒေသမှာ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့တဲ့အတွက် တနယ်တကျေးကို အလုပ်သွား လုပ်တဲ့သူတွေကလည်း မနည်းမနောပါပဲ။ တချို့က ပြည်တွင်း၊ တချို့က ပြည်ပ။ ရန်ကုန်မှာကိုပဲ အညာအပူပိုင်းဒေသဘက်က အလုပ်လာလုပ်တဲ့လူတွေ တော်တော်များများရှိကြပါတယ်။ ရန်ကုန်မှာ ရတဲ့အလုပ်ခြစ်ကုပ်လုပ်ရင်း အညာမှာကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့နေကြတဲ့သူတွေ တော်တော်များများ ရှိပါတယ်။

ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့အထဲမှာ လယ်ယာရှိ တဲ့သူတွေလည်း ပါပါတယ်။ သူတို့လည်း ရာသီဥတု မကောင်း တော့ နေရပ်စွန့်ခွာပြီး အပြင်ထွက်အလုပ်လုပ်ကြပါတယ်။

မြိုင်မြို့နယ်က တောင်သူကိုဇော်မင်းလှိုင်ဆိုရင်လည်း သူ့ မိသားစုစားဝတ်နေရေးအတွက် တနယ်တကျေးထွက်ပြီး အလုပ် လုပ်ဖို့ကို စဉ်းစားထားတယ်လို့ဆိုပါတယ်။

“ဖားကန့်တို့၊ ခန္တီးတို့ကို ကျွန်တော်တို့ဆီက အတန်တန် သွားကြတယ်လေ။ ပြည်ပထွက်အလုပ်လုပ်တဲ့သူတွေလည်း ပေါ တယ်” လို့ ကိုဇော်မင်းလှိုင်က ပြောပြပါတယ်။ သူရေတွက်ကြည့် တာ သူတု့ိရွာက ဖားကန့်ဘက်ကိုသွားတာက သုံးဆယ်ကျော်၊ ထိုင်းဘက်ကို လေးဆယ်ကျော်တဲ့။

မိုးလေဝသက ဖောက်လာပြီဆိုရင် တောင်သူတွေဟာ လူ စာအတွက်ပဲပူနေရတာမဟုတ်ပါဘူး။ နွားစာအတွက်ပါ ပူကြရ ပြန်တယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခြေဆင်းကျေးရွာ က တောင်သူ ဦးတင်အောင်ဆိုရင် နွားစာအတွက်ပါ ခေါင်းကိုက် နေရပါတယ်။ နွားစာက ခါတိုင်း ကိုယ့်ယာကထွက်တဲ့ နွားစာတွေ နဲ့ လုံလောက်ပေမယ့် သီးနှံမအောင်မမြင်ဖြစ်တဲ့အခါမှာတော့ အခြားရွာတွေက ဝယ်ရပါတယ်။

၂၀၀၉ ခုနှစ်တုန်းက မိုးအကြီးအကျယ်ခေါင်လို့ နွားစာ အခက်ကြုံရတဲ့အဖြစ်ကို တောင်သူတွေ မှတ်မိနေဆဲပါ။ အဲဒီ တုန်းက ဘယ်လောက်တောင်ရှားပါးခဲ့သလဲဆိုရင် တချို့နယ်တွေ မှာ နွားကိုကျွေးဖို့အတွက် ထန်းပင်ကြီးတွေကို ခုတ်လဲှ၊ အလယ် အူတိုင်ကို နုတ်နုတ်စင်း၊ ရေစိမ်ကာ ကျွေးခဲ့ရတဲ့အထိပါပဲ။

“လူစာချေးတာကလွယ်တယ်။ နွားစာမရှိရင် ဘယ်မှ ချေး လို့မရဘူး”လို့ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဦးတင်အောင်က ပြော ပြပါတယ်။

လူစာအနေနဲ့ကတော့ “ပဲဟင်း၊ ငါးပိကျော်၊ ခရမ်းချဉ်သီးနဲ့ ပြီးရတာပေါ့။ ပဲဟင်းကတော့ ဇာတ်လိုက်ပေါ့”လို့ နေ့စဉ် စား သောက်ရတဲ့ ဟင်းလျာစာရင်းကို အမှားအယွင်းမရှိ သူက ရွတ် ပြပါတယ်။

တကယ်တော့ စားနပ်ရိက္ခာတစ်ခုတည်း အကျပ်အတည်း ကြုံရတာတော့မဟုတ်ပါဘူး။ သောက်ရေရရှိရေးဟာလည်း အပူ ပိုင်းဒေသအတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။ အပူပိုင်းဇုန်က ရွာတွေကို သွားရောက်လေ့လာတဲ့အခါ လမ်းတစ်လျှောက်မှာ ရေပုံးတွေ၊ ရေအိုးတွေကို ပခုံးမှာ ထမ်းသူထမ်း၊ ခေါင်းမှာ ရွက်သူ ရွက်ပြီး ရေတွင်းရေကန်တွေကို ရေသွားခပ်နေကြတဲ့ မြင်ကွင်း တွေကို မြင်တွေ့ရတတ်ပါတယ်။

အခုလိုခြောက်သွေ့ရာသီရောက်ပြီဆိုရင် အညာဘက်မှာ သောက်ရေရှားပါးတာက ထုံးစံလိုဖြစ်နေတယ်။ အခုနောက်ပိုင်း ပိုလို့တောင်ဆိုးရွားလာနေတယ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုယ်စား ပြုအဖွဲ့ (Eco Dev) မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဆိုပါတယ်။

“အညာမှာ ရေပြဿ      နာကို အရမ်းကိုစိတ်ပူတာ။ မြေ အောက်ရေတူးဖို့ကလည်း မလွယ်ဘူးလေ။ သူရဲ့ ဘူမိဗေဒ အနေ အထားအရ ပေတစ်ထောင်ကျော်လောက်မှ မြေအောက်ရေရ တာကိုး။ တစ်ခါတလေရတဲ့ မြေအောက်ရေကလည်း ကောင်း ချင်မှကောင်းမယ်”

 တောတွေလည်း ပြုန်း

လက်ရှိအချိန်မှာတော့ အပူပိုင်းဇုန်ဒေသဟာ မိုးဆက် တိုက်ခေါင်လာတာကြောင့် မြေဆီလွှာတွေ ခန်းခြောက်လာနေပါ တယ်။ အရင်က မိုးခေါင်ခြင်းဒဏ်ကို မြေအောက်ရေနဲ့ အန်တု ကာ ရှင်သန်ကြတဲ့ သစ်ပင်ကြီးအများစုဟာလည်း မိုးခေါင်ခြင်း ကာလကြာရှည်လာတဲ့အခါမှာတော့ မြေအောက်ရေကျဆင်း လာမှုကြောင့် တောင့်မခံနိုင်တော့ပါဘူး။

map_0

တချို့နေရာတွေမှာဆိုရင် သစ်ပင်ကြီးတွေ ခြောက်သွေ့ပြီး သေကုန်ကြတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ထိုသို့ ရာသီဥတုဆိုးရွားလာမှုကို ဖြစ်စေတဲ့အကြောင်းရင်း များစွာထဲမှာ သစ်တောသစ်ပင်ပြုန်းတီးခြင်းက အဓိက အခန်း ကဏ္ဍမှ ပါဝင်တယ်လို့ REAM က ဦးအောင်မြင့်က ထောက်ပြပါတယ်။

အပူပိုင်းဇုန်ဒေသဟာ မိုးနည်းဒေသဖြစ်ပေမယ့် ယခင်က သစ်ပင်ကြီးတွေနှင့် ထူထပ်တဲ့ သစ်တောတွေရှိခဲ့တဲ့ဒေသဖြစ်ပါ တယ်။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ လူဦးရေတိုးပွားလာမှု၊ ယာမြေချဲ့ထွင်လာမှု၊ မွေးမြူရေးတိရစ ္ဆာန်များ တိုး၍မွေးမြူလာမှု နှင့် ထင်းလောင်စာလိုအပ်ချက် များပြားလာခြင်းတို့ကြောင့် အပူပိုင်းဇုန်သစ်တောတွေ ပြုန်းတီးလာရတာ ဖြစ်တယ်လို့ “မြန် မာနိုင်ငံရဲ့ သဘာဝဘေးအ္တနရာယ်များ”အစီရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီအစီရင်ခံကို အာရှဒေသ သဘာဝဘေးကြိုတင်ပြင် ဆင်ရေးဌာန (Asia Disaster Preparedness Center – ADPC) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းတွေဖြစ်ကြတဲ့ မီးသွေးဖုတ် တဲ့လုပ်ငန်း၊ ဆေးရွက်ကြီးပေါင်းတဲ့လုပ်ငန်းနဲ့ အုတ်ဖုတ်တဲ့ လုပ် ငန်းတွေမှာ ထင်းအသုံးပြုနေတာဟာ အပူပိုင်းဇုန်မှာ ရှိတဲ့ သစ် တောတွေကို ခြိမ်းခြောက်နေပါတယ်။ ဦးအောင်မြင့် ကတော့ အဲဒီစီးပွားရေးလုပ်ငန်းတွေကို “ထင်းဘီလူးတွေ”လို့ ခိုင်းနှိုင်းပါတယ်။

အစိုးရက ကျေးရွာတိုင်းကို လျှပ်စစ်ဓာတ်အားလိုင်း သွယ် မပေးနိုင်တဲ့အနေအထားမှာ အညာဒေသဘက်မှာက အများ သောအားဖြင့် ထင်းကိုပဲ လောင်စာအဖြစ် အသုံးပြုကြရတာပါ။ ဒီအတွက် ထင်းလောင်စာလိုအပ်မှုဟာ ကြီးမားလှပါတယ်။ ဒါ့အပြင် စားဝတ်နေရေးကလည်း ခက်ခဲလာတဲ့အခြေအနေမှာ အချို့လက်လုပ်လက်စားတွေဟာ ငွေရပေါက်ရှာဖွေတဲ့ အနေနဲ့ ထင်းတစ်စီးရရ၊ နှစ်စီးရရ ရှာဖွေကြပါတယ်။

သစ်တောတွေပြုန်းတီးရတဲ့အထဲ အပင်နဲ့ အပင်ကြီးထွားမှု ကို ပျက်စီးစေတာက တိရစ ္ဆာန်အများအပြားမွေးမြူမှုကြောင့် လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

အညာဘက်မှာက အများအပြားမွေးမြူကြတဲ့ ဆိတ်၊ သိုး၊ နွားတွေဟာ စားစရာမြက်ရှာမရတော့တဲ့အခါ စိမ်းစိမ်းမြင်ရာကို လိုက်လံရှာဖွေစားသောက်ကြရင်းနဲ့ သစ်ပင်ငယ်တွေကို ဖျက်ဆီး နေသလိုဖြစ်တဲ့အပြင် အပင်ကြီးထွားမှုကိုပါ ထိခိုက်စေတယ်လို့ ပညာရှင်တွေကဆိုပါတယ်။

ADPC ရဲ့ အစီရင်ခံစာအရ ဆိုရင်တော့ အပူပိုင်းဇုန်မှာ တစ်နိုင်ငံလုံး သိုးမွေးမြူ  မှုရဲ့ ၉၉ ဒသမ ၆ ရာခိုင်နှုန်း၊ ဆိတ်မွေးမြူ မှုရဲ့ ၇၁ ရာခိုင်နှုန်းနဲ့ ကျွဲ၊ နွားမွေးမြူမှုရဲ့ ၄၀ ရာခိုင်နှုန်းရှိတယ် လို့ဆိုပါတယ်။

ထိုသို့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာမှုနဲ့ လူနေအိမ် ယာမြေများတိုးချဲ့မှုတို့ကြောင့် နဂိုက အတွဲလိုက်ရှိနေတဲ့ သစ် တောတွေဟာ အပိုင်းပိုင်းပြတ်ကုန်ပြီး အပူပိုင်းဇုန်သစ်တော ဂေဟစနစ်တွေဟာ ပျက်စီးလာနေတယ်လို့ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး(စိမ်းစို) ဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

သစ်တောတွေပြုန်းတီးရတဲ့အထဲမှာ အကြီးစားစီမံကိန်း တွေဖြစ်တဲ့ သတ္တုတွင်းစီမံကိန်းတွေကြောင့် သစ်တောပြုန်းတီး မှုဟာ အဆိုးဆုံးလို့ အဆိုပါတာဝန်ရှိသူက ထောက်ပြပါတယ်။ ဥပမာအားဖြင့် အပူပိုင်းဇုန်မှာပါဝင်တဲ့ မုံရွာမြို့နယ်မှာဆိုရင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်စီမံကိန်း တွေဟာ မြေကိုလှန်ပြီး သတ္တုတူးဖော်နေကြပါတယ်။

အဲဒီစီမံကိန်းတွေနေရာမှာ နဂိုက သစ်ပင်ကြီးတွေနဲ့ တော ကောင်ပေါင်းများစွာ ရှင်သန်ကျက်စားခဲ့ကြတဲ့ စိမ်းညို့ညို့သစ် တောတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကွင်းပြောင်ပြောင်ဖြစ်တဲ့ နေရာက ဖြစ်၊ မြေကျင်းကြီးတွေ ဖြစ်တဲ့နေရာက ဖြစ်နဲ့ပါ။

“ဒီစံပယ်၊ လက်ပံတောင်းဆိုတာက အပူပိုင်းဇုန်ဒေသထဲ မှာပါတဲ့ဟာ။ နဂိုကမှ အပူပိုင်းဒေသပူရတဲ့အထဲ ဒီလိုမျိုးဟာတွေ ကိုယ့်ဒေသမှာ ဖြစ်လာတယ်ဆိုတော့ Ecosystem တွေ ပြတ် ကုန်ပြီပေါ့။ ဒါတွေက ဒေသခံ ပြည်သူလူထုကြောင့် မဟုတ်ဘူး”လို့ မန္တလးမြို့စွန်မှာ ရုံးစိုက်ထားတဲ့ စိမ်းစိုဌာနက အရာရှိက ဆို ပါတယ်။

ဒုတိယ အီသီယိုးပီးယားဖြစ်လာမလား

CCC

တဖြည်းဖြည်းနဲ့ သဲက္တနာရဆန်လာတဲ့ အပူပိုင်းဒေသကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ရာမှာ အလွန်ခက်ခဲတဲ့အခြေအနေ ကို ရောက်ရှိနေတယ်လို့ ပညာရှင်အချို့က သတိပေးကြပါတယ်။

သစ်ပင်၊ သစ်တောတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ငွေကြေး များစွာ လိုအပ်တာကြောင့် နိုင်ငံတကာ အကူအညီများစွာ လို အပ်မှာဖြစ်သလို ဒေသခံလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာလည်း မဖြစ် မနေလိုအပ်လိ့မ်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အပူပိုင်းဇုန်ဒေသ ကို ပြန်လည်စိမ်းလန်းလာစေဖို့ ရာသီဥတုတွေ ကောင်းမွန်လာပြီး သီးနှံအထွက်နှုန်းတွေ မြင့်မားလာစေဖို့အတွက်ကတော့ အလွန် ကိုကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ရေတို ရေရှည်ဖြေရှင်း နည်းတွေနဲ့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

 လက်ရှိအချိန်မှာတော့ ရေတိုဖြေရှင်းနည်းတွေအနေနဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO တွေအနေနဲ့ စားနပ် ရိက္ခာ ထောက်ပံ့မှုတွေကို တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေကြပြီး ဒီလိုအစီအစဉ်တွေကို ရေရှည် တစ်သက်လုံး ဆောင်ရွက်နိုင်ဖို့ မလွယ်လှပါဘူး။

ဦးဝင်းမျိုးသူကလည်း လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်း များမှာ လိုအပ်ချက်များစွာရှိသေးတယ်လို့ ဆိုပါတယ်။

“ပြောရရင် နှလုံးရောဂါဖြစ်သွားတာကို လောလောဆယ် အောက်ဆီဂျင်လေးပေးသလိုပေါ့။ ဒါက ရေရှည်လုပ်ရမှာကိုး။ အညာမှာ ရေငတ်သွားရင်တော့ ရတဲ့နေရာကနေ ရေပံ့ပိုးပေးတာ ပေါ့လေ။ ရေအလှူခံတာတွေလည်း တွေ့တယ်။ ဒါပေမဲ့ တစ်နယ် လုံး(အပူပိုင်းဇုန်တစ်ခုလုံး)ဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး”

 နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေကလည်း အကန့်အသတ်နဲ့တည်ရှိနေပြီး ဒီနေ့ စာချုပ်သက်တမ်းကုန်၊  နောက်နေ့ရပ်ဆိုင်းရမယ့် အနေအထားဖြစ်နေပါတယ်။

 ရေရှည်ဆောင်ရွက်မှုများအနေနဲ့ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်း၊ လက်ရှိကျန်ရှိနေသေးတဲ့ သစ်တောများကို ထိန်း သိမ်းခြင်း၊ သစ်ပင်များကို စီးပွားဖြစ်ရောင်းချမှုများကို ဥပဒေ အရ အရေးယူခြင်းနှင့် အပူပိုင်းဇုန်ဒေသကို ပြန်လည်ထိန်းသိမ်း ရေး ဆောင်ရွက်ဖို့လိုအပ်မယ်လို့ စိမ်းစိုဌာနက တာဝန်ရှိသူတစ်ဦး က သူ့အမြင်ကို ပြောပြပါတယ်။

သစ်တောဝန်ကြီးဌာနအောက်မှာရှိတဲ့ စိမ်းစိုဌာနဟာ ၁၉၉၇ ခုနှစ်တည်းက အစိုးရဌာနတစ်ခုအဖြစ် သီးသန့်ဖွင့်လှစ်ပြီး အပူူပိုင်းဇုန်ဒေသ သဲက္တနာရဖြစ်မှုကို ကာကွယ်နိုင်ဖို့ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်း သိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာ အသုံးချရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနဲ့ ရေရရှိရေး အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုတဲ့ အဓိကလုပ်ငန်းတာဝန်လေးရပ်ရှိပါတယ်။

ဌာနအနေနဲ့ ဒီနှစ်ဆို သစ်တောဧက ငါးထောင်စိုက်ပျိုး ထားပြီး အပင်အမျိုးအစားတွေကတော့  အပူပိုင်းဒေသမှာ ပေါက်ရောက်ရှင်သန်နိုင်တဲ့ ရှား၊ ယူကလစ်၊ ထနောင်း၊ တမာပင် များကို စိုက်ပျိုးကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

CCC၎င်းက အပူပိုင်းဇုန်ဒေသ ပြန်လည်စိမ်းလန်းလာစေဖို့ အတွက် အစိုးရဌာနကဆောင်ရွက်နေသလို  ပြည်သူတွေက လည်း ကိုယ့်ဒေသ သဲက္တနာရမဖြစ်အောင် ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှိတဲ့ လူအင်အား၊ ရှိတဲ့ ဘတ်ဂျက်ထဲကနေ အကောင်းဆုံးလုပ်နိုင်တဲ့ အတွက် ကျေနပ်မိပေမယ့် တစ်ခါတစ်ရံတော့ “အားမလို အား မရ”ဖြစ်ရတယ်လို့ စိမ်းစိုဌာနက အရာရှိက ဆိုပါတယ်။

 လောလောဆယ်အချိန်မှာတော့ အပူပိုင်းဇုန်ဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုထက် ပျက်စီးမှုက ပိုများနေကာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်ရှိနေပြီး အစိုးရပိုင်းက ဗျူဟာ မြောက် ကာကွယ်ထိန်းသိမ်းမှုတွေ ဆထက်ထမ်းပိုးလုပ်ဆောင် ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ ဦးအောင်မြင့်က သတိပေးပါတယ်။

“ဒီအချိန်မလုပ်နိုင်ရင်တော့ နောက်ထပ်ဆယ်နှစ် မစဉ်း စားနဲ့။ လုပ်ဖို့မလွယ်တော့ဘူး။ သဲကန္တာရဖြစ်ပြီးသွားမှ အပင် ပြန်စိုက်ရင် အရမ်းခက်ခဲသွားပြီ”လို့ သူက ဆိုပါတယ်။

 နောက်ပြီးတော့ ဦးအောင်မြင့်က ထပ်သတိပေးလိုက်ပါ သေးတယ်။ အဲဒါကဘာလဲဆိုတော့ ၁၉၈၄ ခုနှစ်မှာဖြစ်ခဲ့တဲ့ လေး နှစ်ဆက်တိုက် မိုးခေါင်သွားတဲ့ အာဖရိကတိုက်က အီသီယိုးပီး ယားနိုင်ငံရဲ့ အခြေအနေလိုမျိုး ရောက်လာနိုင်ပါတယ်တဲ့။

“လူတွေ တစ်ယောက်နဲ့ တစ်ယောက်နောက်ရင် အီသီယိုး ပီးယားပုံစံဆိုတာ မျက်တွင်းဟောက်ပြီး အရိုးခေါက်နဲ့။ အခု မြန်မာပြည်မှာ အဲဒီလို ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး”

Eco Dev က ဦးဝင်းမျိုးသူကတော့ အပူပိုင်းဇုန်မှာဖြစ် နေတဲ့ လက်ရှိပြဿ      နာကို ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းလို တဲ့ ဆန္ဒမရှိတော့ကြောင်းနှင့် တိုက်တွန်းလည်း ဘာမှ လုပ်ပေး လိမ့်မယ်လို့ မထင်တဲ့အတွက် ပြည်သူတွေ မျှော်လင့်ချက်မထား ဖို့ သူက ယခုလို ခပ်ပြတ်ပြတ်ပြောပါတယ်။

“အဲဒီတော့ သရဏဂုံသာတင်လိုက်ပါတော့။ ဒါပဲရှိ တော့တယ်”။         ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."