အန္တရယ်ရှိ အဆောက်အအုံတွေထဲက အသက်ရှုသံများ အပိုင်း(၂)

Photo: Kaung Pyae San

၂၀၁၄၊မေလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။

ဘာကြောင့် ကြန့်ကြာ

ယခင်က အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးကြေညာချက်ချိတ်ပြီး ပြန်ဆောက်ဖို့ ဆောက်လုပ်ရေး ကန်ထရိုက်နဲ့ မြို့တော်စည်ပင်က ညှိနှိုင်းပေးလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ အဲဒီလို မလုပ်ပေးတော့ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူက ဆိုပါတယ်။”အခု နည်းပြောင်းသွားပြီ။ ငါတို့က သတ်မှတ်ပေးရုံပဲ။ပြန်ဆောက်တာ၊ မဆောက်တာက သူတို့အပိုင်းပဲ။ ဒီကိစ္စတွေကတော်တော်ခေါင်းရှုပ်တာ”လို့ သူက လေသံခပ်ပြတ်ပြတ်နဲ့ ပြောပါတယ်။အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်မယ်ဆိုရင်တော့ မြေရှင်၊ အခန်းရှင်တွေနဲ့ ကန်ထရိုက် သုံးဖက်သဘောတူညီမှ မြို့တော်စည်ပင်က ဆောက်လုပ်ခွင့်ချပေးပါတယ်။အခုလက်ရှိ မြို့တော်စည်ပင်က အ္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားပြီး ပြန်မတည်ဆောက်နိုင်သေးတဲ့အဆောက်အအုံအရေအတွက် ၁ဝ၇ လုံးအထိ ရှိနေတယ်လို့ မြို့တော်စည်ပင် အင်ဂျင်နီယာဌာနက ဆိုပါတယ်။

လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ပြီးရင် သုံးလကနေ ခြောက်လအတွင်း ကန်ထရိုက်နဲ့ ညှိနှိုင်းပြီး နေထိုင်ရာ အိမ်မှ ဖယ်ရှားပေးရမှာဖြစ်ပြီးကန်ထရိုက်ကိုလည်း နှစ်နှစ်အတွင်း အသစ်ပြန်ပြီး တည်ဆောက်ပေးရမှာဖြစ်တယ်လို့ ညွှန်ကြားထားပါတယ်။ဒါပေမဲ့ အမှန်တကယ်တော့ နှစ်နဲ့ချီကြာတဲ့အထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိတဲ့ အဆောက်အအုံတွေ အများအပြားရှိနေပါတယ်။

ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အတွက် စည်ပင်သာယာရေးကော်မတီက ဘယ်လို တာဝန်ယူဖြေရှင်းပေးနေတယ်ဆိုတာကို မေးမြန်းရာမှာတော့ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက အခုလို တုံ့ပြန်ပြောဆိုပါတယ်။”အန္တရာယ်ရှိ အဆောက်အအုံလို့ ဆိုင်းဘုတ်တပ်ထားတယ်။ မနေထိုင်ဖို့ ညွှန်ကြားတယ်။ သူ့ဘာသာ နေလို့ သေရင် သူ့ကိစ္စပဲ။ သူ့အသက်အန္တရာယ်ကို မကြောက်လို့ နေရင် သူ့ကိစ္စပဲ။ငါတို့က သတ်မှတ်ရုံပဲ သတ်မှတ်တာ။ မနေပါနဲ့လို့ ပြောလို့မရဘူး။”ပြန်ဆောက်ဖို့ဆိုတာ နေထိုင်သူရယ်၊ မြေရှင်ရယ်၊ကန်ထရိုက်ရယ် ပြေလည်မှ ဆောက်လို့ရတာ။မပြေလည်တဲ့ဟာတွေဆောက်လို့မရဘူး”အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ပြီးနောက်ပိုင်းနေထိုင်သူများက အခန်းပိုင်ရှင်နဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာများအကြားအဆောက်အအုံသစ်ဆောက်လုပ်ရေးအတွက် ညှိနှိုင်းရတာ အဆင်မပြေဖြစ်ကြတဲ့အခါ ၎င်းအဆောက်အအုံတွေမှာပဲ ဆက်လက်နေထိုင်ရတယ်လို့ နေထိုင်တဲ့သူတွေကပြောကြပါတယ်။

ကန်ထရိုက်တွေနဲ့ အခန်းရှင်တွေအကြား အဆင်မပြေတဲ့အဓိကအကြောင်းကတော့ အခန်းတွေများတဲ့အတွက် ပြောင်းရွှေ့ဖို့ ငွေကြေးတောင်းယူမှုတွေ၊ ကန်ထရိုက်က ဆောက်လုပ်ပြီးအခန်းပြန်ပေးတဲ့အပိုင်းမှာအငြင်းပွားဖွယ်ရာတွေ ရှိတာကြောင့် ရယ်၊နောြက်ပီး ဆောက်လုပ်ချိန်ကြာမြင့်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

မူလမြေရှင်၊ လက်ရှိအခန်းပိုင်ရှင်၊ စည်ပင်နဲ့ ကန်ထရိုက်တွေကြားမှာ အဆင်ပြေအောင် ညှိနှိုင်းနေရတဲ့အတွက် အချိန်ကြန့်ကြာနေရတာဖြစ်တယ်လို့ Modern Key Technique(M.K.T) ဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာဒေါ်လှလှဌေးက ပြောပြပါတယ်။M.K.T ဟာ ၂ဝဝ၄ ခုနှစ်ကတည်းက အန္တရာယ်ရှိအဆောက်အအုံတွေကို ပြန်ပြီး တည်ဆောက်ပေးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအထဲက တစ်ခုဖြစ်ပါတယ်။အဓိကကန်ထရိုက်တာနဲ့အခန်း ပိုင်ရှင်တွေကြားညှိုနှိုင်းရခက်စေတဲ့ အချက်တွေကတော့ မူလနေထိုင်တဲ့ အခန်းတွေကိုပြန်ရလိုခြင်း၊ ပြောင်းရွှေ့စရိတ် စတာတွေပဲဖြစ်တယ်လို့ ဒေါ်လှလှဌေးက အခုလို ရှင်းပြခဲ့ပါတယ်။

”မဆောက်ဘဲ အချိန်တွေကြာတယ်ဆိုတာကတော့ ရန်သူမျိုးငါးပါးကြောင့် ဖြစ်ရတာတွေ များပါတယ်။ ဥပမာ-နာဂစ်(မုန်တိုင်း)လို ဖြစ်တုန်းက လုပ်ငန်းခွင်တွေကို တော်တော် ရပ်လိုက်ရတယ်လေ။ နောက်တစ်ခုက ဆောက်တဲ့ မြေနေရာအရှုပ်အရှင်းတွေကြောင့် စာရွက်စာတမ်းကိစ္စတွေ ကြန့်ကြာတာတွေလည်း ဖြစ်တတ်ပါတယ်”ကန်ထရိုက်တာတွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုလုပ်ဆောင်ချိန်မှာနှစ်ကာလအပိုင်းအခြားနဲ့ အပြီးတည်ဆောက်ရမယ်လို့ စာချုပ်ထဲမှာပါတဲ့အတွက် သတ်မှတ်ချိန်အတွင်း မပြီးဆုံးပါက စည်ပင်ကို ဒဏ်ငွေ ပေးဆောင်ရတယ်လို့ဒေါ်လှလှဌေးက ရှင်းပြပါသေးတယ်။

ရန်ကုန်မြို့လယ်မှ အန္တရယ်ရှိ အဆောက်အအုံတစ်လုံး

အန္တရာယ်ကြားက ဘဝများ

အန္တရာယ်ရှိ အဆောက်အအုံတွေ ဖြိုချပြီး သုံး၊ လေး၊ ငါးနှစ်ကြာတဲ့အထိ ပြန်မဆောက်နိုင်သေးတဲ့ နေရာတော်တော်များများကိုလည်း ရန်ကုန်မြို့မှာ တွေ့မြင်နေရပါတယ်။ဒီလို အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ပြီး သုံးနှစ်နီးပါးကြာမြင့်ခဲ့ပေမယ့် အခုအချိန်ထိ လက်ရှိအဆောက်အအုံမှာပဲ ဆက်လက်နေထိုင်နေတဲ့ ဦးအောင်သန်း အသက် ၇၂ နှစ်ကတော့ အခုလိုပြောပါတယ်။”(အန္တရာယ်ရှိအဆောက်အအုံ)ဆိုင်းဘုတ်ကို စည်ပင်ကချိတ်ထားတာ သုံးနှစ်တောင် ရှိနေပြီ။ ညှိလို့မရလို့ ဒီအတိုင်းပဲ နေနေရတာ။ နေထိုင်သူတွေက တောင်းဆိုတာနဲ့ ကန်ထရိုက်ကမလိုက်လျောတဲ့ အပိုင်းတွေမှာ ဖြစ်နေတာ”ဦးအောင်သန်း နေထိုင်နေတာကတော့ ဗိုလ်ဆွန်ပက်လမ်းထဲက သုံးထပ်တိုက်ရဲ့ မြေညီထပ်မှာ ဖြစ်ပါတယ်။ သားသမီးတွေက တစ်ခါတလေမှ လာရောက်ကြလေ့ရှိတယ ်လို့ဆိုပါတယ်။ ဒါကြောင့်ဒီမှာ သူတစ်ယောက်တည်း အချိန်ပြည့်နီးပါး နေထိုင်နေ ရတာဖြစ်ပါတယ်။

”နေလာတာ နှစ်ငါးဆယ်ဆိုတော့ သံယောဇဉ်တော့ ဖြစ်ပေမယ့် အခုထက်စာရင် ခိုင်ခိုင်မာမာလေး ပြန်ဆောက်ပြီး နေရရင်တော့ ကောင်းတာပေါ့။ အခုကတော့ စိုးရိမ်စိတ်တွေ ရှိနေတယ်”လို့ ဦးအောင်သန်းက ပြောပါတယ်။တိုက်အဟောင်းကနေ ပြောင်းရွှေ့ဖို့ ကန်ထရိုက်တာကပေးတဲ့ စရိတ်ဟာ နှစ်နှစ်နီးပါလောက် အခန်းငှားနေထိုင်ဖို့သာအဆင်ပြေပြီး ဒီထက်ကြာမြင့်ခဲ့ရင် အဆင်မပြေနိုင်ဘူးလို့ဦးအောင်သန်းကဖွင့်ဟပါတယ်။

”ကျွန်တော်လိုက်ကြည့်နေတယ်။၂၈ လမ်းဘက်မှာရောနေရာတော်တော်များများမှာ တွေ့နေရတယ်။ နေလှန်းခံနေကြရတယ်။ ကျွန်တော်တို့ကျရင်လည်း ဒီလိုဖြစ်မှာတော့ စိုးရိမ်တယ်”လို့ သူက ဆက်ပြောပါတယ်။တိုက်အသစ်ပြန်မဆောက်သေးဘဲ ဒီအတိုင်းပစ်ထားတာကို နေလှန်းခံနေရတယ်လို့ သူက ပြောတာပါ။

တခြားတိုက်တွေ မတော်တဆ ဖြစ်နေတာတွေရှိတဲ့အတွက် ဦးအောင်သန်းဟာ ကြိုတင်ပြင်ဆင်ထားတာတွေ လုပ်ထားပါတယ်။ သူရှာဖွေထားတဲ့ ဥစ္စာပစ္စည်းတွေကို အထုပ်တစ်ထုပ်နဲ့ ထုပ်ထားပြီး အန္တရာယ်ကြုံလာချိန်မှာ ထွက်ပြေး လွတ်မြောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။”လူ့အသက်လောက် ဘာမှ တန်ဖိုးမရှိဘူးလေ။ တစ်ခုခုဖြစ်လာရင် အထုပ်ပိုက်ပြီးပြေးမယ်။ အိပ်ချိန်ကိုလည်း စောစောအိပ်တယ်၊ ၉ နာရီလောက်ပေါ့။ ဒါမှ အားအင်တွေ ရှိနေပြီး တစ်စုံတစ်ခုဖြစ်လာရင် အသင့်ဖြစ်နေမှာပေါ့”လို့ ရှင်းပြပါတယ်။ဦးအောင်သန်းလိုပဲ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ပြီး နှစ်နှစ်ခွဲကြာတဲ့အထိ အသစ်ပြန်ပြီး မတည်ဆောက်နိုင်သေးတဲ့ ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းထဲက လေးခန်းတွဲ သုံးထပ်တိုက်ရဲ့ မြေညီထပ်မှာ နေထိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ်ဦးသန်းတင်အောင်တို့ မိသားစုတွေလည်း အန္တရာယ်ကင်းရှင်းစွာနဲ့ပဲ အထပ်မြင့်တိုက်အသစ်လေးမှာ နေထိုင်ဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောပြပါတယ်။”စိုးရိမ်နေလို့လည်း ကျွန်တော်တို့မှာ ဘာမှလုပ်လို့ရတဲ့အခြေအနေမှ မရှိတာ။ ဒါကြီးကို ပိတ်ပြီး တခြားနေရာမှာ သွားနေဖို့ကလည်း အဆင်မပြေဘူး လေ။ မြန်မြန်တော့အန္တရယ်ကင်းကင်းနဲ့ တိုက်သစ်လေးမှာ နေချင်တာပေါ့ဗျာ”လို့ မိသားစု ခုနစ်ယောက်န့ဲ နေထိုင်နေရတ့ဲ ဥးီသန်းတင်အောင်က ဖွင့်ဟပါတယ။်

သူူတ့ို တိုက်ရဲ့အပေါ်ဆးုံ ထပ် တွေကတော့လူတွေ လးုံ ဝနေမရအောင် ပျက်စီးနေပါပြီ။ မြေညီထပ်နဲ့ ပထမထပ်မှာပဲ လူတွေနေထိုင်လို့ ရပါတော့တယ်။ ဒီလိုဖြစ်နေတဲ့ တိုက်လေးမှာ ကလေးငယ်တွေရှိတဲ့ သူ့မိသားစုတွေကတော့ စိုးရိမ်မှုတွေ ဖြစ်နေ ပါတယ်။သူကိုယ်တိုင်ကလည်း အပေါ်ထပ်မှာ နေထိုင်လို့မရတော့ တဲ့အတွက် အခုလက်ရှိနေထိုင်နေတဲ့ မြေညီထပ်လေးမှာ ပြန် ငှားရမ်းနေထိုင်နေရတာပါ။ ဒီမှာပဲ ဖိတ်စာ၊ ယပ်တောင်ရိုက်နှိပ်တဲ့ လုပ်ငန်းလေးကို လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် လောလောဆယ် ဒီနေရာကနေ မစွန့်ခွာနိုင်သေးတာ ဖြစ်ပါတယ်။

လက်ရှိနေနေတဲ့ မြေညီထပ်ရဲ့ အိမ်နောက်ဖေးကလည်း ယိုယွင်းလာနေပါပြီ။ အိမ်တွေမှာ နောက်ဘက်ပိုင်းက ရေအသုံး ပြုတာများတဲ့အတွက် နောက်ဖေးအုတ်နံရံတွေဟာ အပျက်အစီး မြန်လာတတ်ပါတယ်။ နောက်ဖေးပိုက်တွေ ကွဲအက်လာပြီဆိုရင် တော့ နံရံတစ်လျှောက် အထက်ကနေ အောက်အထိ ရေစီး ကြောင်းတွေကို မြင်တွေ့ရတတ်ပါတယ်။ဒီလို ရေအစီးများတဲ့နေရာမှာ ပျက်စီးနေတာတွေ ပြင် လိုက်၊ အခြားလိုအပ်တဲ့ နေရာလေးတွေမှာ ကွန်ကရစ် ပြန်ဖြည့် လိုက်နဲ့ လိုအပ်သလို ပြင်ဆင်ပြီး ဦးသန်းတင်အောင်တို့ နေထိုင် နေတာပဲဖြစ်ပါတယ်။

သူကတော့ စိုးရိမ်စိတ်တွေကို တတ်နိုင်သလောက်ဖျောက် ထားပါတယ်။ လမ်းမကြီးပေါ်မှာ ကားအသွားအလာများတဲ့၊ တုန် ခါမှုများတဲ့နေရာက တိုက်အိုတိုက်ဟောင်းတွေနဲ့ ယှဉ်ရင်တော့ သူနေတဲ့တိုက်က ပိုပြီးကြံ့ခိုင်နိုင်တယ်လို့ နားလည်သလိုသုံးသပ် ပြီး နေထိုင်နေတယ်လို့ သူက ဆိုပါတယ်။တိုက်သစ်ဆောက်ပြီးရင် ဘယ်လောက်အမြင့်ကိုပဲ ပြန်ရရ နေချင်တယ်လို့လည်း သူက ဆက်ပြီးပြောပါတယ်။”ဘယ်နှထပ်ပဲရောက်ရောက် ပိုတက်လိုက်ရတာပဲရှိ တယ်။ စိတ်တော့ ချရတာပေါ့။ ကလေးတွေလည်း ရှိတော့ အသစ် လေးမှာ နေချင်နေပြီ”

အကြောင်းကြောင်းကြောင့် အဆောက်အအုံသစ် မဆောက်နိုင်သေးတဲ့ အနေအထားမှာ ကျွန်တော်တို့မိသားစုလို အိမ်ထောင်စုတွေအနေနဲ့ကတော့ ဘယ်တော့ တိုက်ပြိုကျမလဲကို သာ စိုးထိတ်နေကြရဦးမှာပါ။အန္တရာယ်တွေကြားမှာ လူပေါင်းများစွာ နေထိုင်နေရပေ မယ့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကတော့ သတိပေးရုံ သာ ပေးနိုင်ပြီး တစ်စုံတစ်ရာ မဖြေရှင်းပေးနိုင်တာကို အားမလို အားမရဖြစ်နေကြပါတယ်။

ကံကောင်းလို့ အသက်ရှင်နေတယ်လို့ ခံယူထားတဲ့ အမေ ကတော့ ဒီလိုပြောပါတယ်။”ဒီအိမ်မှာမနေရင် ဘယ်မှာ သွားနေမလဲ။ ဘယ်သူ့မှလည်း သွားပြောလို့ရတာမဟုတ်တော့ အမေ ဘုရားရှိခိုးတိုင်း ဆုပဲ တောင်းနေတယ်။ အန္တရာယ်ကင်းကင်း နေထိုင်သွားပါရစေလို့” ။         ။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."