တန့်ဆည်-၂၀၂၄ မတ် ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲကရွာတွေကနေ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားလို့ စစ်ဘေးရှောင်နေရတဲ့ ထောင်ချီတဲ့ဒေသခံတွေ နေရပ်ပြန်ကြပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲက ကံထူးမရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့လ ၂၁ ရက်ကတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ် အနောက်တောင်ပိုင်းက ကျေးရွာအများအပြားကို ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေဝင်ခဲ့တဲ့ရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီးနောက်မှာ ဒေသခံတွေကို ပြန်ဝင်ခွင့်ပြုလိုက်တာလို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။
“ကံထူးမရွာကလွဲလို့ ကျန်တဲ့ဒေသခံတွေကတော့ အကုန်လုံးရွာပြန်ရောက်ကြပြီ။ ကံထူးမရွာကို (ဒီနေ့)မနက်ပိုင်းက (ကာကွယ်ရေးတပ်ဖွဲ့တွေ) ရှင်းလင်းရေးဝင်ခဲ့တယ်။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ဘာတွေ့ရလဲဆိုတော့ အနံတစ်ထောင်းထောင်းနဲ့(အလောင်းတချို့)ပေါ့ဗျာ။ ပြီးတော့ မိုင်းထောင်ထားခဲ့တာတွေရှိတယ်။ စစ်ကျန်ပစ္စည်းတွေပေါ့ဗျာ။ ပြီးကျရင်လေယာဉ်ဖိုက်တာကနေကြဲသွားတဲ့ ပေါင် ၅၀၀ ဗုံးတွေ မကွဲတာရှိတယ်။ အဲတာကြောင့် ကံထူးမရွာပဲ ပြန်မဝင်ရသေးတာ” လို့ သူကဆိုပါတယ်။
ကံထူးမရွာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကံထူးမရွာနဲ့ အနီးကကျေးရွာပေါင်း ၁၅ ရွာကျော်ကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့သလို ရပ်ရွာ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကို အပိုင်းပိုင်းခုတ်သတ်ဖြတ်ခဲ့တယ်လို့ တန့်ဆည်ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“သတ်တာတော်တော်လေးရက်စက်တယ်။ ကန်တော့ပါရဲ့ဗျာ၊ အမျိုးသားငယ်ပါတွေဖြတ်ထားတာရှိတယ်၊ ပြီးရင် ခြေထောက် လက်ထောက်တွေဖြတ်ပြီး မြေကြီးတွေမှာ စိုက်ထားခဲ့တာ။ ခေါင်းတွေဖြတ်ပြီးတော့ မျက်နှာကို သနပ်ခါးလူး မျက်မှန်တပ်ပြီးတော့ ပဲရိုးပုံ၊ ကောက်ရိုးပုံတွေပေါ်မှာ တင်ထားခဲ့တာတွေလုပ်ထားခဲ့တာ။ (သတ်ဖြတ်ခံရသူ)အကုန်လုံးက အမျိုးသားတွေချည်းပဲ” လို့ သူကပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးဝင်စဉ်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆိုပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ဇီးပေါက်၊ ကံကြီးကုန်၊ ဝါးရငယ်၊ အင်ပင်အိုင်၊ တောင်ကျောင်း၊ ပုတိန်ကုန်း၊ ရွာသစ်ကုန်းနဲ့ ကျီးကန်စတဲ့ကျေးရွာတွေက ဒေသခံတွေဖြစ်ပြီး အသက် ၂၀ ဝန်းကျင်ကနေ ၆၀ ကျော်အရွယ်တွေအထိပါတယ်လို့ သူကဆိုပါတယ်။
ကံထူးမရွာရဲစခန်းစတင်တိုက်ခိုက်ခံရတဲ့နေ့နဲ့ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားတွေဘက်ကတော့ ၃၀ ကျော် သေဆုံးတာ မျက်မြင်တွေ့ခဲ့ရတယ်လို့ တန့်ဆည်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ကံထူးမရွာတိုက်ပွဲကြောင့် တန့်ဆည်မြို့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ အိုင်ယားရှည်၊ ကြက်ဆူကန်၊ လယ်မ စတဲ့ရွာတွေအပါအဝင်ကျေးရွာပေါင်း ၁၅ ရွာကျော်က ဒေသခံတွေ ၁၀ ရက်ကျော်ကြာထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကံထူးမရွာဟာ ရေဦး-တန့်ဆည်-မင်းကင်းစတဲ့နယ်တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းမအနီးမှာရှိပြီး လူဦးရေထောင်ချီနေထိုင်တဲ့ စံပြကျေးရွာကြီးတစ်ရွာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက တန့်ဆည်လမ်းဆုံအနီးက တနယ်ကျေးရွာကို ဒီနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားတယ်လို့ တန့်ဆည်ဒေသခံတွေက ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ကံထူးမရွာရဲစခန်းနဲ့ ရွာမီးရှို့ဖျက်စီးခံရစဉ်။
ဓာတ်ပုံ-Taze Local PDF, အမှတ်-၁ စစ်ဒေသ။