သင်္ဃန်းညီနောင်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ဒေသခံတွေစစ်ရှောင်နေရ

ရန်ကုန် – ၂၀၂၄ မတ် ၁၁ (မော်ကွန်း)

မြဝတီမြို့အဝင်က သင်္ဃန်းညီနောင်ရွာကို စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းအပါအဝင် လေးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသတစ်ခုလုံးစစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ယခုလ ၇ ရက်က ကော့ကရိတ်-မြဝတီ ကားလမ်းအနီးက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီစခန်း ခမရ ၃၅၅ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် တစ်ဆက်တည်းရှိနေတဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာစခန်း၊ ခမရ-၃၅၇၊ မြဝတီကုန်သွယ်ရေးဇုန်ဂိတ်၊ ခလရ-၂၇ စတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို ယခုလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း အဲဒီစခန်းတွေမကျရေးအတွက် လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ သင်္ဃန်းညီနောင်ဒေသကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ ပစ်ခတ်မှုတွေကြောင့် သင်္ဃန်းညီနောင်မြို့သစ်က လူနေရပ်ကွက်တွေထဲ ဗုံးဆန်တွေ အများအပြားကျရောက်ခဲ့ကာ နေအိမ်တွေလည်း အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သင်္ဃန်းညီနောင်တစ်ခုလုံးက ရစရာမရှိအောင်ဖြစ်သွားတယ်။ နေအိမ်တွေလည်း မီးလောင်ကုန်တယ်လေ။ ဗုံးကြဲတာလည်း အခုနဲ့ဆို လေးရက်ဆက်တိုက်ပေါ့။ နည်းနည်းနားလိုက်၊ လာကြဲလိုက်နဲ့ ဗုံးသံတွေတောင် နည်းနည်းရိုးသွားသလိုဖြစ်သွားတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြဝတီမြို့က လက်ခတ်တောင်နဲ့ သင်္ဃန်းညီနောင်ရွာကို တိုက်လေယာဉ်တွေ အတွဲလိုက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ ခမရ ၃၅၅ နဲ့ ရဲစခန်းကို ဒီနေ့နေ့လယ်ပိုင်းအထိ ဆက်လက် စီးနင်းနေရာယူထားပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သင်္ဃန်းညီနောင် ဒေသခံတစ်ဦးက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

“စစ်တပ်ဘက်က မြေပြင်ထိုးစစ်တော့ တက်မလာသေးဘူး။ လေကြောင်းကနေပဲ ဆက်တိုက်ပစ်နေတာပေါ့။ ဟိုဘက်ကလည်း နေရာယူပြီးစောင့်နေတဲ့ အခြေအနေပါ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် သင်္ဃန်းညီနောင်မြို့သစ်အပါအဝင် အနီးပတ်ဝင်းကျင်က ကျေးရွာတွေက အရပ်သားဒေသခံ သုံးထောင်နီးပါးဟာ မြဝတီမြို့ထဲက ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။

ယခုလ ၇ ရက်နဲ့ ၈ ရက်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် သင်္ဃန်းညီနောင်၊ ရွာသစ်ရွာရှိ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး မြဝတီသဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာကိုလည်း လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ဂေဟာမှာရှိတဲ့ အဘိုးနှစ်ဦးသေဆုံးခဲ့ကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပုံစာ – မြဝတီမြို့က စာသင်ကျောင်းတစ်ခုမှာ စစ်ရှောင်နေရတဲ့ သင်္ဃန်းညီနောင်ဒေသခံများ

ဓာတ်ပုံ – Thet Oo Naing

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."