ဆီဆိုင် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းဌာနအသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) က သူပေးထားတဲ့ စစ်သင်တန်းတွေမှာ တက်ရောက်ထားသူအားလုံး စစ်မှုထမ်းရမယ်လို့ မနေ့က အထူးဒေသ (၆) သတင်းစာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် မသိမ်းပိုက်မီကတည်းက ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ဟာ မဲနယ်တောင်တကြောနဲ့ ဒေသတချို့မှာ ဒေသခံအရပ်သားပြည်သူတွေကို စစ်သားစုဆောင်းနေခဲ့တာပါ။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဝန်းကျင်မှာလည်း ဆင်းရဲနွမ်းပါးတဲ့ ပအိုဝ်းပြည်သူတွေဆီကနေ စစ်အသုံးစရိတ်အကြောင်းပြပြီး ဆက်ကြေးတွေ မထည့်မနေရလည်း ကောက်ခံခဲ့ပါသေးတယ်။
မနေ့က ပအိုဝ်းပြည်သူ့စစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မျိုးချစ်စိတ်ဓါတ်ရှိတဲ့သူတွေဖြစ်ဖို့၊ မိမိဒေသကို ကာကွယ်ဖို့နဲ့ ရန်သူကိုတိုက်ထုတ်ဖို့ဆိုပြီး အသက် ၁၈ ကနေ ၃၅ နှစ်ထိ လူငယ်၊ လူရွယ်အကုန်လုံး စစ်ထဲဝင်ရမယ်လို့ ပြောဆိုထားပါပြီ။
ရှမ်းပြည်တောင်ပိုင်းမှာ နေထိုင်တဲ့ပအိုဝ်းလူမျိုးတွေဟာ တောင်ကြီး၊ ဟိုပုံး၊ ဆိုက်ခေါင်၊ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်စတဲ့ ဒေသတွေမှာ နေထိုင်ကြပြီး အများစုဟာ ဆင်းရဲကြသလို ဘိန်းစိုက်တောင်သူတွေနဲ့ စိုက်ပျိုးရေးကိုလုပ်ကိုင်ကြသူတွေလည်းဖြစ်ကြပါတယ်။
မော်ကွန်းကနေ ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ မဲနယ်တောင်တကြောက ဒေသခံတချို့ကို မေးမြန်းကြည့်တဲ့အခါ ပအိုဝ်းပြည်သူ့စစ်(PNO) က စစ်ထဲဝင်ဖို့ ငါးဦးတောင်းတယ်လို့ ပြောပါတယ်။
ဒေသခံတစ်ဦးက ” မသွားမနေရ၊ ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး တစ်ရွာကို ငါးဦးခေါ်တယ်၊ ကျွန်တော်တို့ မဲနယ်တောင်ဒေသတင်မဟုတ်ဘူး၊ တခြားနေရာတွေလည်းပါတယ်၊ ဒေသခံတွေမသွားချင်ကြဘူး”လို့ မော်ကွန်းကိုပြောပါတယ်။
လက်ရှိ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ဟာ အာဏာသိမ်းစစ်တပ်ပေးထားတဲ့ လက်နက် ၁,၁၀၀ ကို ပအိုဝ်းပြည်သူတွေကို စစ်သင်တန်းပေးကာ တပ်ဆင်ထားပြီး PNO ဩဇာခံတဲ့ ဘုန်းကြီးတွေလည်း ပါဝင်ကာ စစ်ထဲဝင်ဖို့ စည်းရုံးပေးနေတယ်လို့ ဒေသခံကပြောပါတယ်။
တကယ်တော့ PNO ဟာ တချိန်က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ခဲ့တဲ့ တော်လှန်ရေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ လက်ရှိ PNO နာယက ဦးအောင်ခမ်းထီဟာ စစ်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးယူပြီး ပအိုဝ်းဒေသတချို့နဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေကို PNO ခေါင်းဆောင်တွေ ရယူခဲ့ကာ နောက်ဆုံး အသွင်ပြောင်းပြည်သူ့စစ်အဖြစ်ပါ အဖွဲ့အစည်းကိုပြောင်းလဲခဲ့တာပါ။
လက်ရှိ PNO ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ခမ်းထီလို၊ ဦးနေဝင်းထွန်းတို့လို အပါအဝင် အခြားခေါင်းဆောင်တွေဟာ ကျောက်မျက်ရတနာလုပ်ငန်းတွေ၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့ ကြွယ်ဝချမ်းသာလာကြပေမယ့် မော်ကွန်းက ပအိုဝ်းဒေသထဲ ကွင်းဆင်းခဲ့ချိန်မှာတော့ ဒေသခံအများစုဟာ သားသမီးတွေကို ရပ်ဝေးက ဘုန်းကြီးသင်ကျောင်းတွေကို စေလွှတ်ကာ ပညာသင်ခိုင်းရတဲ့အထိ ဆင်းရဲနွမ်းပါးကြပါတယ်။
လက်ရှိ ပအိုဝ်းပြည်သူ့စစ်(PNO) နဲ့ စစ်ရေးတင်းမာနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကလည်း ငြိမ်းချမ်ရေးလက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းကာလမှာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေရှိခဲ့ကာ နွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှားပါဝင်တာမတွေ့ခဲ့ရပါဘူး။
ဒါပေမယ့် မကြာသေးခင်က ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသထဲမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေနောက် ဆီဆိုင်မြို့ကို PNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးကို ဆက်လုပ်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကိုပါ PNLA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ပုံစာ – စစ်ပြင်နေတဲ့ PNO တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – အထူးဒေသ ၆ (PNO/PNA ဌာနေအသွင်ပြောင်းပြည်သူ့စစ်)

