ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း)
နှစ်ရက်ကြာလာပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီ တော်လှန်ရေးမဟာမိတ်တွေဘက်က နှစ်ဦးကျဆုံးပြီးဖြစ်ကာ အရပ်သားသုံးဦးလည်း စစ်ကောင်စီလေကြောင်းပစ်ကူကြောင့် သေဆုံးခဲ့တယ်လို့ အဲဒီတိုက်ပွဲထဲက တော်လှန်ရေးရဲဘော်တချို့က ပြောပါတယ်။
” တိုက်ပွဲက နှစ်ရက်ရှိပြီ။ စစ်ကောင်စီက လေကြောင်းနဲ့လာပစ်တာ ၁၀ကြိမ်ထက် မနည်းဘူး။ လျှပ်စစ်ဝန်ထမ်းရုံးထဲ ကျတာက လင်မယားနှစ်ယောက်ထိတယ်။ အမျိုးသားဖြစ်သူ ဦးကျော်ဆန်းသေဆုံးပြီး သူ့မိန်းမတော့ ဆေးရုံတင်ထား ရတယ်။ ရဲစခန်း အနောက်ဘက် သုံးထပ်ဝန်ထမ်းဆောင်မှာနေတဲ့ ထွေအုပ် Non-CDM ကိုဇင်မောင်ရဲ့မိသားစုလည်း (စစ်ကောင်စီ ဗုံးကြဲလို့) ပေါင် ၅၀၀ ဗုံးစ ထိမှန်တယ်။ သူ့မိန်းမနဲ့ ကလေးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ကိုဇင်မောင်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ တိုက်ပွဲဝင်နေတဲ့ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တယ်” လို့ ပုလဲမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေး(ပအဖ) အဖွဲ့ဝင်တစ်ဦးက ဒီနေ့လယ်မှာ မော်ကွန်းကိုဲ ပြောပါတယ်။
မနေ့က မနက်ပိုင်းကတည်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ဦးဆောင်တဲ့ မဟာမိတ်တွေက ပုလဲမြို့က စစ်ကောင်စီစခန်းတွေကို စတင်တိုက်ခိုက်နေတာဖြစ်ပြီး မြို့တွင်းမှာပိတ်မိနေတဲ့ အရပ်သားတွေ ရှိနေသလို စစ်ကောင်စီကလည်း လေကြောင်းကနေ မြို့ကို ဗုံးကြဲတိုက်ခိုက် စစ်ကူပေးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် ပုလဲမြို့ဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး တိုက်ပွဲဟာ ဒီနေ့အထိ ဆက်ရှိနေတယ်လို့ ပအဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပုလဲမြို့နဲ့ ၁၁ မိုင်ကျော်ဝေးတဲ့ ခရိုင်မြို့ ယင်းမာပင်မှာတော့ စစ်ကောင်စီဟာ ခံစစ်ပြင်နေပြီး မြို့အထွက်လမ်းတွေမှာ နင်းမိုင်တွေ ထွက်ထောင်တာ တွေ့ရပေမယ့် ပုလဲမြို့ကိုတော့ မြေပြင်စစ်ကူစစ်ကြောင်းစေလွှတ်တာ ဒီနေ့အထိ မတွေ့ရသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
“ဒီနေ့မနက်မှာ ယင်းမာပင်ကနေ ပုလဲဘက်ကို စစ်ကောင်စီတပ်သား ၅၀ လောက် ထွက်သွားတာ တွေ့ရတယ်။ ဒါပေမဲ့ ပုလဲအထိ မရောက်ဘူး။ မြို့ပြင်နားကနေ လှည့်ပြန်လာတာ တွေ့ရတယ်။ မိုင်းသွားထောင်တာလို့ တချို့ကလည်း ပြောကြတယ်” လို့ ယင်းမာပင်မြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
အဲဒီမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်တုန်းကလည်း တော်လှန်ရေးတပ်တွေ ဝင်းသိမ်းဖူးပြီ နှစ်နာရီလောက် ကြာပြီးနောက် စစ်ကောင်စီထံ ပြန်ပေးခဲ့ရဖူးပါတယ်။
BNRA တပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယခင်က မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ရဲ့ ဦးဆောင်သူ ဗိုလ်နဂါးဦးစီးတဲ့တပ်ဖွဲ့ ဖြစ်ကာ မဟာမိတ်တပ်တွေနဲ့ ပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
BNRA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားပြီး နာမည်ကျော် ‘၁၀၂၇-စစ်ဆင်ရေး’အတွင်း ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ဖူးကာ လက်ရှိမှာ သူတို့တပ်ရင်း နှစ်ခုဟာ ကိုးကန့်တပ် (MNDAA) သိမ်းထားတဲ့ လားရှိုးမှာရှိနေတယ်လို့ ပဋိပက္ခစောင့်ကြည့်တဲ့ ISP Myanmar က ဖော်ပြပါတယ်။
ပုံစာ- ပုလဲတိုက်ပွဲမှာ ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဉ်။
ဓါတ်ပုံ- တော်လှန်ရေးရဲဘော်တစ်ဦး။

