ကျောက်မဲ-၂၀၂၄ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ကြံခင်းတစ်ခုမှာ မနေ့က ညနေပိုင်းက ကြံခင်းလုပ်သားတွေအလုပ်လုပ်နေရင်း မပေါက်ကွဲသေးတဲ့ဗုံးသီးတစ်ခုကိုထိမိပြီး ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖြစ်စဉ်က ကျွန်တော်တို့ကို ဂဃနဏမသိရဘူး။ နင်းမိတာလား၊ သွားဆွဲနှုတ်တာလားမသိဘူး။ သေဆုံးတစ်ယောက်၊ ဒဏ်ရာရတာသုံးယောက်။ ထိခိုက်ဒဏ်ရာတွေကများတယ်၊ မိုင်းစဆိုတော့လေ၊ ဗိုက်တွေကော၊ အစတွေဆိုတော့ ဟိုအပေါက်၊ ဒီအပေါက်တွေ အဲဒီလိုဖြစ်နေတာ” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက နှစ်ယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကို ညတွင်းချင်းပို့လိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သူဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားသုံးဦးရဲ့ အမည်နဲ့လိပ်စာတွေကိုတော့ မသိရသေးဘူးလို့ ကမ်းလင့်လက်များအသင်းက ဆိုပါတယ်။
အခုလ ၂ ရက်တုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ပေါက်ကွဲပြီး ကလေးငယ်သုံးဦး သေဆုံးခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မနှစ်က အောက်တိုဘာလကုန်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်၊ ဗုံး စတဲ့စစ်ကျန်ပစ္စည်းတွေကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေကဆိုကြပါတယ်။
ပုံစာ-လက်နက်ကြီးကျည်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ ကြံခင်းလုပ်သားတွေကို ကယ်ဆယ်နေစဉ်။
ဓာတ်ပုံ-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း