ရန်ကုန်- ၂၀၂၃၊ မေ ၁၉ (မော်ကွန်း)
မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ သောက်သုံးရေပြတ်နေပြီး ဆားငံရေရောနေတဲ့ရေတွေကို အသုံးပြုနေရတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ တစ်ချို့ရွာတွေမှာ ချောင်းတွေထဲကို ဆားငံရေတွေဝင်ကုန်တော့ ဘယ်လိုမှသောက်လို့ အဆင်မပြေဘူး။ အခု အဲဒီရေတွေပဲ သောက်နေကြတာ။လောလောဆယ်တော့ ဝမ်းရောဂါတွေတော့မဖြစ်သေးဘူး။ ဖြစ်လာနိုင်မယ့် အခြေအနေတွေရှိနေတယ်” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူကခန့်မှန်းပါတယ်။
မြို့ခံတွေဟာ မြို့အနီးမှာရှိတဲ့ လက်ဆည်ကန်က သွယ်တန်းထားတဲ့ အနော်မာလို့ ခေါ်တဲ့ တူးမြောင်းကရေကို သောက်သုံးနေရပြီး အဲဒီတူးမြောင်းဟာ ယခင်ကတော့ ဘုရားဖူးခရီးသွားတွေ၊ ဒေသခံတွေ ရေချိုး၊ ရေကူး၊ အဝတ်လျှော်လုပ်တဲ့ရေမြောင်းလို့ သူကပြောပါတယ်။
သူတို့ဆီကို အကူအညီပေးမယ့် အဖွဲ့အစည်းတွေ ဒီနေ့အထိရောက်မလာကြသေးဘူးလို့ ဒီနေ့လယ်ပိုင်းမှာ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ကတော့
ရခိုင်ပြည်နယ်မှာ သန့်စင်တဲ့သောက်သုံးရေ အလွန်နည်းပါးနေပြီး ဆေးဝါးနဲ့ အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေဆဲဖြစ်တယ်လို့ မေ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
မြောက်ဦးမြို့ပေါ်မှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်အသုံးပြုလို့ရနေပြီး လျှပ်စစ်မီးကတော့ အခုအချိန်ထိ ပြတ်တောက်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၃၀၀ နီးပါးရှိပြီး လူဦးရေ ၃၀,၀၀၀ ကျော် နေထိုင်ကြပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်က အဆောက် အအုံတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ပျက်စီးသွားခဲ့ပြီး ကျန်တာတွေက တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။
ပုံစာ – မြောက်ဦးမြို့နယ်သို့လေဘေးရှောင်လာကြသူများ
Photo – k mg san
#Dailynews

