ကျိုက်ဒုံ – ၂၀၂၄ မတ် ၁၅ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ကျိုက်ဒုံမြို့က အာဏာသိမ်းစစ်တပ်ရဲ့ဗျူဟာကုန်းစစ်စခန်းဟာ မနေ့က ကျသွားပြီလို့ မြေပြင်မှာရှိတဲ့ သတင်းထောက်ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။
တဆက်တည်းမှာလည်း အာဏာသိမ်းစစ်တပ်လက်ကနေ ကျိုက်ဒုံမြို့ကို ကေအဲန်ယူဟာ ပြန်လည်ရယူထိန်းချုပ်နိုင်လိုက်ပြီလို့လည်း သိရပါတယ်။
ဗျူဟာကုန်းတိုက်ပွဲကတော့ အခုလ ၁၃ ရက်ကစတင်တာဖြစ်ပြီး မနေ့က နောက်ဆုံး စခန်းသိမ်းရရှိခဲ့တာဖြစ်ပါတယ်။
နှစ်ရက်တာတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ပြုလုပ်ခဲ့ပြီး သူတို့စခန်းတွေပေါ်ပါ ဗုံးတွေကြဲချတာတွေလည်းပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦး လက်နက်ချပြီး ၁၀ ဦးသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စည်းရုံးပြောဆိုမှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ဗျူဟာမှူးဦးဆောင်တဲ့စစ်သားတွေဟာ လက်နက်ချခဲ့တာလို့ သိရပါတယ်။
လတ်တလော ကျိုက်ဒုံနဲ့ကော့ကရိတ်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်မှာ စစ်ရှောင်အနည်းဆုံး ၃၅,၀၀၀ နဲ့အထက်ရှိနေပြီး မြဝတီ၊ သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ အရေအတွက်မပါသေးပါဘူး။
ပုံစာ – စခန်းသိမ်းမြင်ကွင်းနဲ့ လေကြောင်းတိုက်ခိုက်မှု
ဓါတ်ပုံ – Taw Naw FM