ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၄ (မော်ကွန်း)
ဧရာဝတီမြစ်ရေတက်လာလို့ ကမ်းပြိုပြီး ရေဘေးရှောင်နေရတဲ့ ဟင်္သာတမြို့နယ်က ရေဘေးသင့်ဒေသခံတစ်ထောင်ကျော်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။
“ကမ်းပြိုပြီး ရေကခေါင်မိုးထိတက်လာတော့ နေအိမ်တွေဖျက်ပြီးရွှေ့ခဲ့ရတာ။ တစ်ချို့ဆို နေအိမ်အလုံးလိုက်ရေတွေဝင်ကုန်လို့ ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်းထားခဲ့ရတာ။ အခု တာရိုးပေါ်ကယာယီတဲလေးတွေမှာနေနေရတာ။ အဓိကကတော့ အိမ်သုံးဆေးဝါးတွေ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေလိုအပ်နေတယ်” လို့ သူကပြောပါတယ်။
စိုးရိမ်ရေအမှတ်ကျော်နေတဲ့ ဧရာဝတီမြစ်ရေရဲ့တိုက်စားမှုကြောင့် ဩဂုတ်လဆန်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုမှာ ကမ်းပြိုမှုဖြစ်ပွါးခဲ့တဲ့အပြင် အခုလဆန်းပိုင်းမှာလည်း တာကျိုးပေါက်မှုကြောင့် ရွာလေးရွာက နေအိမ်အလုံးနှစ်ရာဝန်းကျင်ရေမြုပ်ခဲ့ပြီး လူဦးရေ တစ်ထောင်ကျော်ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါတယ်။
လက်ရှိမှာဧရာဝတီမြစ်ရေဟာ တစ်ဖြည်းဖြည်းတက်လာနေလို့ ဒေသခံတွေဟာ ဘေးလွတ်ရာကိုအကြိမ်ကြိမ်ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံမှသိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ ပြန်မကျသေးဘူးလို့ပြီးခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ဟင်္သာတနဲ့ ဇလွန်မြို့နယ် အပြင် ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ဖြစ်တဲ့ ငဝန်မြစ်ဟာလည်း ရေကြည်မြို့နယ်၊ ငပိဆိပ်ကျေးရွာမှာ စိုးရိမ်ရေအမှတ်အထက်ကျော်နေဆဲပါ။
လက်ရှိ ငပိဆိပ်ကျေးရွာမှာ မြစ်ကမ်းနဘေးက နေအိမ်တွေရေမြုပ်နေပြီး ဒေသခံတွေဟာ မြေအမြင့်ပိုင်းကို တိမ်းရှောင်နေရတယ်လို့ဒေသခံတွေက ဒီနေ့နေ့လယ်က ပြောပါတယ်။
အခုလ ဟာ မြန်မာနိုင်ငံရဲ့ တတိယအပတ် ရေကြီးကာလ ဖြစ်တာကြောင့် ဧရာဝတီမြစ်အောက်ပိုင်းက ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့ တွေ မှာ မြစ်ရေ ထပ်တက်လာနိုင်တာကြောင့် သတိပြုကြဖို့ မိုးဇလ ညွှန်ကြားရေးမှူးဦးလှထွန်းကပြောထားပါတယ်။
ဩဂုတ်လဆန်းပိုင်းကနေ စက်တင်ဘာလအထိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ဘီးလင်းမြစ်တွေမြစ်ရေတက်လာမှုကြောင့် မြို့ပေါင်း ၁၅ မြို့ကျော်မှာရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ ပြုစုထားတဲ့စာရင်းတွေအရ မုတ်သုန်ရာသီ၊ မိုးရက်ဆက်မပြတ်ရွာသွန်းတာ၊ မြစ်ရေတက်လာတာကြောင့် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသက လူဦးရေ ၁၂၀,၀၀၀ ဟာ ရေဘေးကြုံခဲ့ရတယ်လို့ စက်တင်ဘာ ၈ ရက်မှာထုတ်ပြန်ထားပါတယ်။
ပုံစာ- စက်တင်ဘာ ၉ ရက်က ဟင်္သာတမြို့နယ်မှာ ရေဘေးတိမ်းရှောင်နေသည့်မြင်ကွင်း။
ဓာတ်ပုံ- ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေး နှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်
#Dailynews

