ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း)
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၃၇ သိန်း ကျပ်ဝန်းကျင်မှာပဲ ရှိနေရာက တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး ဒီနေ့မှာတော့ တစ်ကျပ်သားကို ၃၈ သိန်းကျော်သွားပြီလို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ရွှေဈေးကွက်မှာ ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၈ သိန်းနဲ့ဈေးဖွင့်ခဲ့ပြီး ညနေ ၄း၀၀ နာရီမှာတော့ ၃,၈၂၅,၀၀၀ ထိရောက်ခဲ့ပါတယ်။ ၁၅ ပဲရည် ကတော့တစ်ကျပ်သားကို ၃,၅၅၀,၀၀၀ ကျပ်မှာရှိနေပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ စက်တင်ဘာလတွေမှာ တစ်ကျပ်သားကို ၃၄ သိန်း၊ ၃၅ သိန်းဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်နေရာက နည်းနည်းချင်းစီ မြင့်တက်လာတာလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“အခုရွှေဈေးက အတက်မှာပဲ ရှိပါတယ်။ ဟိုတုန်းကလိုတော့ ကောလဟာလကြောင့် ဝုန်းဆို တက်တာမျိုးတော့မဟုတ်ဘူး။ တစ်ရက်ကို ငါးထောင်တက်လိုက် တစ်သောင်းလောက်တက်သွားလိုက်နဲ့ တဖြည်းဖြည်းနဲ့ တက်လာတာ။” လို့ အဲ့ဒီရွှေလုပ်ငန်းရှင်က ပြောပါတယ်။
ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးကတော့ ရွှေဈေးနှုန်းမြင့်တက်မှုတွေကို စစ်ကောင်စီက စောင့်ကြည့်လာတာကြောင့် ပြည်တွင်းရွှေဈေးဟာ ရုတ်တရတ်မြင့်တက်ခြင်းမရှိပေမယ့် အခုလို နည်းနည်းချင်း တက်နေတဲ့ ပုံစံနဲ့ သွားနေတာလို့ ပြောပါတယ်။
“ရွှေဈေးက ဒေါ်လာဈေးလိုပဲ သူတို့လည်း စောင့်ကြည့်နေတော့ ဈေးက ခုန်မတက်ရဲကြတာ။ ဘာလို့လဲဆိုရင် အခုက ကမ္ဘာ့ရွှေဈေးက ကျနေတာ။ ကမ္ဘာ့ရွှေဈေးကျနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ နည်းနည်းချင်းကို တက်နေတယ်။ မသိမသာပုံစံနဲ့ တက်နေတယ်လို့ ပြောရမှာပေါ့” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လက်ရှိဈေးကွက်ထဲမှာ ရွှေဈေးမြင့်တက်လာတာကြောင့် ရွှေရောင်းချသူတွေများလာတယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုရက်ပိုင်းကတော့ ဝယ်တဲ့သူထက် ရောင်းတဲ့သူပိုများတယ်” လို့ အဲ့ဒီ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းကတော့ ဒေါ်လာဈေးကွက် မငြိမ်မသက်မှုကြောင့် တစ်ကျပ်သားကို သိန်း ၄၀ ခန့်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပေမယ့် သီတင်းပတ်တစ်ပတ်အတွင်းမှာပဲ ပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင်ထိ အနိမ့်ဆုံးကို ပြန်လည်ကျဆင်းခဲ့ပါတယ်။
အဲ့ဒီနောက် အောက်တိုဘာလကစပြီး တစ်ကျပ်သားကို ၃၄ သိန်း၊ ၃၅ သိန်းဝန်းကျင်ကို ပြန်လည်ရောက်ရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဈေးနှုန်းက အတက်မှာပဲ ရှိနေခဲ့ပါတယ်။
ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်နေပြီဖြစ်ပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ ဒီနေ့မနက်ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးအရတော့ တစ်ကျပ်သားကို ၃၆ သိန်းကျော်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို နှုန်းရှင်အဖြစ် သတ်မှတ်ပေးလိုက်ပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ချက်ကာ ရည်ညွှန်းရွှေဈေးနှုန်းကို ထုတ်ပြန်ပေးနေတာဖြစ်ပေမယ့် ပြင်ပဈေးကွက်နဲ့တော့ အနည်းငယ်ကွာဟနေသေးတာပါ။
ပုံစာ – အကယ်ဒမီမီးလင်းအခေါက်ရွှေတုံး
ဓာတ်ပုံ – YGEA

