ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧည့်မထဆန်တစ်ပြည်ကို ၃,၃၀၀ ကျပ်နဲ့ ရန်ကုန်မြို့က ဆန်ဆိုင်အချို့မှာ ဒီနေ့စတင်ရောင်းချပေးနေပေမယ့် ပြင်ပဈေးနှုန်းနဲ့ သိပ်မကွာတာကြောင့် စိတ်ဝင်စားမှုနည်းပါးတယ်လို့ ဆန်ဆိုင်ပိုင်ရှင်တွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စားသုံးသူတွေ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ဖို့အတွက်ဆိုကာ ဧည့်မထဆန်တစ်ပြည် ၃,၃၀၀ ကျပ်နှုန်းနဲ့ ရန်ကုန်မြို့က ဆန်လက်လီဆိုင် ၅၈ ဆိုင်မှာ ဒီနေ့ စတင်ရောင်းချပေးနေတာပါ။
ရောင်းချပေးနေတဲ့ ဈေးနှုန်းက အပြင်ဈေးနှုန်းနဲ့ သိပ်မကွာသလို အခုလို ရောင်းချပေးနေတာကိုလည်း ပြည်သူလူထု သိရှိမှုနည်းတာကြောင့် လာရောက်ဝယ်ယူသူ သိပ်မရှိဘူးလို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဆန်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။
“လူသိပ်မသိသေးတာလည်း ပါတယ်၊ လာတော့မေးတယ်။ အပြင်ဈေးနဲ့လည်း အရမ်းမကွာတော့ သိပ်တော့ စိတ်မဝင်စားကြဘူး။ သိတဲ့သူလောက်ပဲ ဝင်ဝယ်သွားတာတော့ရှိတယ်” လို့ ၎င်းဆန်လက်လီဆိုင်ပိုင်ရှင်က ပြောပါတယ်။
သူတို့ရောင်းချပေးတာ ဧည့်မထဆန်အမျိုးအစားဟာ ပြင်ပဈေးကွက်မှာ ၂၄ ပြည်တစ်အိတ်ကို ကျပ် ရှစ်သောင်းကျော်ရှိနေပြီး တစ်ပြည်ကို ၃,၄၀၀၊ ၃,၅၀၀ ကျပ် ဝန်းကျင်ရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးကတော့ “ဧည့်မထက အပြင်မှာလည်း ဒီအတိုင်းဝယ်ရင် တစ်ပြည်ကို အဲဒီလောက်ပဲရှိတာပဲ။ သူတို့ရောင်းဈေးနဲ့ဆို ၁၀၀၊ ၂၀၀ လောက်ပဲ ကွာတာပါ။ ၁၀၀ လောက်သက်သာဖို့ တန်းစီရမယ်ဆိုတော့ စိတ်မဝင်စားပါဘူး။ အရင်အတိုင်းပဲ အိမ်နားကဆိုင်မှာပဲ ဝယ်ဖြစ်တယ်” လို့ ပြောပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံနဲ့ အင်းစိန် စတဲ့ မြို့နယ် ၁၈ ခုက ဆန်လက်လီဆိုင် ၅၈ ဆိုင်မှာ ရောင်းချပေးနေတာဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ယခုလကုန်ထိ ဖြန့်ဖြူးပေးသွားမှာလို့ ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်ရုံအလုပ်ရုံတွေ၊ ဌာနဆိုင်ရာတွေအနေနဲ့ ဒီဈေးနှုန်းနဲ့ အိတ်လိုက်မှာယူချင်တယ်ဆိုရင်တော့ ဝါးတန်းလမ်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆီ ဆက်သွယ်မှာယူနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်ထားတဲ့ လက်လီဆိုင်တွေကို တစ်ရက်ကို ဆန် ၁၀ အိတ်နှုန်းနဲ့ ချပေးနေတာဖြစ်ပြီး အဲဒီဆန်တွေကို တစ်ပြည်ကို ၃,၃၀၀ နှုန်းနဲ့ ပြန်ရောင်းပေးရမှာလို့ ဆန်လက်လီရောင်းချသူတွေက ပြောပါတယ်။
လက်ရှိပြည်တွင်းမှာ စားသုံးနေတဲ့ ပေါ်ဆန်းမွှေးဆန် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ကျော်၊ ဧည့်မထဆန် တစ်အိတ်ကို ကျပ် ၈၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် မေလပိုင်းမှာ မြန်မာနိုင်ငံကို မိုခါဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ပြည်တွင်းဆန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြည်ပကိုတင်ပို့မယ့်ဆန်တွေထဲက အရန်ဆန်အဖြစ် ဈေးကွက်ထဲ ပြန်လည်ရောင်းချပြီး ဆန်ဈေးနှုန်းကို ဝင်ရောက်ထိန်းညှိခဲ့ပါသေးတယ်။
အဲဒီနောက်ပိုင်းမှာ ဆန်ဈေးနှုန်း အနည်းငယ်တည်ငြိမ်သွားပေမယ့် ဈေးနှုန်းတော့ သိသိသာသာကျဆင်းခဲ့တာ မရှိသေးပါဘူး။
ပုံစာ – ရန်ကုန်မြို့က ဆန်ဆိုင်တစ်မှာ ဧည့်မထတန်းစီနေကြသူများ
ဓာတ်ပုံ – Win Win

