ဆားလင်းကြီး – ၂၀၂၃ ဇူလိုင် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်နဲ့ ဟုမ္မလင်းမြို့တွေကို ရေလမ်းကနေ ရိက္ခာပို့မယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်တွေဟာ ချင်းတွင်းမြစ်အတိုင်းခုတ်မောင်းလာပြီး ဆားလင်းကြီးမြို့နယ်အရောက်မှာတော့ ကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီ ရေယာဉ်တွေထဲမှာ အရပ်သားသုံးသင်္ဘောနှစ်စီးနဲ့ စစ်ဘက်သုံး ကမ်းတက်စစ်သင်္ဘောတစ်စီးတို့ပါဝင်ပါတယ်။
ဒီနေ့ နံနက်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားကနေ အဆိုပါ ရေယာဉ်တွေဟာ ထွက်ခွာလာပြီး ချောင်းဦးကို ရောက်ရှိနေတာ တစ်ပတ်လောက်ရှိပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီသင်္ဘောအုပ်စုမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ လူအင်အားအပြည့်ပါဝင်ပြီး ဧရာဝတီမြစ်ကြောင်းကနေ ချင်းတွင်းမြစ်ကို တက်လာတာလို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“အတိအကျတော့ မပြောနိုင်ဘူး၊ အဲဒီအောက်ဘက်ကနေ တက်လာတာကြာပြီ၊ ဧရာဝတီမြစ်ကနေ”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ဒီနေ့ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာတော့ ဆားလင်းကြီးမြို့နယ်ကိုရောက်ရှိလာပြီး ခွန်သာရွာနားကနေ စတင်ကာ ကမ်းနံဘေးဝဲယာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
ဒီလိုပစ်ခတ်မှုတွေကြောင့် ဆားလင်းကြီးက ခွန်သာ၊ သရက်ကိုင်း၊ ဝဲကြီး၊ ဝဲကွဲ၊ လက်ပံတောင်း၊ တုံရွာမ၊ ညောင်ပင်ကြိီးရွာအုပ်စု၊ ပလောင်၊ ရွှေလှေ၊ ဝက်မှေးရွာသစ်စတဲ့ရွာတွေက ပြည်သူ ၁၀,၀၀၀
ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ခုနောက်ဆုံးမေးမြန်းချက်အရ “ဆားလင်းကြီး၊ ပလောင်ရွာနဲ့ ညောင်ပင်ကြီးရွာကြားမှာပဲ သောင်တင်နေတာလားတော့မသိဘူး၊ မြစ်ထဲမှာ မတက်တာတွေ့ရတယ်”လို့ ဒေသခံကပြောပါတယ်။
ဒီရေယာဉ်အုပ်စုဟာ ကုန်းလမ်းကနေ သွားဖို့မလွယ်ကူတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက မော်လိုက်မြို့နဲ့ ဟုမ္မလင်းမြို့တွေဆီကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဖို့ ဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ သတင်းထောက်လှမ်းမှုတွေအရ သိရပါတယ်။
မော်လိုက်မြို့ဟာ ချင်းတွင်းမြစ်နံဘေးက မြို့တစ်မြို့ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ ချင်းတောင်တန်းနယ်စပ် ကလေးမြို့၊ တမူးမြို့တွေနဲ့ နယ်မြေထိစပ်မှုတွေရှိပါတယ်။
ဟုမ္မလင်းမြို့ဟာလည်း ချင်းတွင်းမြစ်ကမ်းနံဘေးမြို့ဖြစ်ကာ ရှမ်းနီလူမျိုးတွေအများစုနေထိုင်ကြပြီး အာဏာသိမ်းစစ်တပ်ဘက်က တိုက်ခိုက်ပေးနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်အခြေစိုက်လှုပ်ရှားရာ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ပုံစာ – ယနေ့ ချင်းတွင်းမြစ်ကြောင်းကနေ တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်အုပ်စုနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံများ
ဓါတ်ပုံ – Supplied
#Dailynews

