ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၆ (မော်ကွန်း)
မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျဉ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာပြီးနောက် မတ္တရာ-သပိတ်ကျဉ်းလမ်းပိုင်းကို ဒီနေ့စပြီး အသွားအလာကန့်သတ်လိုက်တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မတ္တရာ-သပိတ်ကျဉ်း-စဉ့်ကူး လမ်းပိုင်းကို လက်တလော စစ်ရေးအခြေအနေတွေကြောင့် သွားလာမှုတွေကို ယာယီကန့်သတ်သွားမယ်လို့ MDY-PDF တပ်ဖွဲ့က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်နဲ့ သပိတ်ကျဉ်းလမ်းပိုင်းတစ်လျှောက်က ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ဒေသတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒီလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။
“တိုက်ပွဲတွေက အခုက ခပ်စိပ်စိပ်ပိုဖြစ်လာတယ်။ မတ္တရာမြို့ပေါ်မှာလည်း စစ်သားတွေ အများကြီးရောက်နေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ အနောက်ခြမ်းက ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတချို့ကို ဝင်ရောက်စစ်ကြောင်းထိုး စီးနင်းခဲ့သလို ဒေသကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဒေသတွင်းခရီးသွားလာရေးက အရင်ထက်ခက်ခဲလာနိုင်ပြီး စစ်ဘေးရှောင်တွေလည်း တိုးလာနိုင်တယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။
“မတ္တရာကနေ အထက်ကိုသွားတဲ့လမ်းက PDF တွေကြီးပဲလေ။ သူ့ဟာသူတို့ ရှိနေပေမယ့် ဒီလမ်းတွေက သွားတော့ သွားနေကြတာပဲ။ အခု စစ်ဘေးရှောင်တွေလည်း အများကြီးရောက်နေတယ်။ သူတို့ရွာတွေမှာ တိုက်ပွဲဖြစ်တော့ မတ္တရာမြို့ပေါ် တက်လာကြတဲ့သူတွေ တိုးလာတယ်” လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေဟာ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်း မြို့နယ်တွေက စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူထားနိုင်ခဲ့ပြီး မတ္တရာ-သပိတ်ကျဉ်း ကားလမ်းတစ်လျှောက်ကို နယ်မြေစိုးမိုးထားနိုင်ခဲ့တာပါ။
လက်ရှိမှာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး ဒီနေရာတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာတာကြောင့် မတ္တရာမြို့အနောက်ခြမ်းက တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့နေရာတချို့ကို လက်လွှတ်လိုက်ရတယ်လို့ MDY-PDF က ထုတ်ပြောထားပါသေးတယ်။
ဒီလ ၁၇ ရက်ကလည်း မတ္တရာမြို့ ဆောက်ခြုံပေါက်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန- MoD လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် အခုလ ၂၂ ရက်ကလည်း မတ္တရာမြို့နယ် အနောက်တောင်ဘက်မှာရှိတဲ့ တောပုရွာနဲ့ စိန်ပန်းကုန်းရွာတို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ မတ္တရာမြို့နယ်ထဲက (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
ပုံစာ – သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီ ခြေလျင်တပ်ရင်းကို သိမ်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – MDY-PDF

