ရန်ကုန်-၂၀၂၄ မေ ၃ (မော်ကွန်း)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း နေအိမ်ပေါင်း လေးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ဧပြီတစ်လအတွင်းမီးရှို့ခံရတဲ့ နေအိမ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက အိမ်ခြေ ၁,၅၀၀၊ မန္တလေးတိုင်းအတွင်းက ၁,၂၂၀၊ စစ်ကိုင်းတိုင်းက ၉၉၇လုံးနဲ့ မကွေးတိုင်းက ၂၂၉ လုံး စုစုပေါင်း အိမ်ခြေ ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က ဆိုပါတယ်။
စစ်ကိုင်းမြို့အနီးက ကျေးရွာတစ်ရွာဖြစ်တဲ့ ညောင်ပင်ဇင်ရွာကိုလည်း ဧပြီလပထမပတ်တုန်းက စစ်ကောင်စီတပ်သားတွေက စီးနင်းမီးရှို့ခဲ့သေးတယ်လို့ ရွာခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“သူတို့(စစ်ကောင်စီတပ်သားတွေ)က ရွာထဲမှာ ထောက်ပို့အိမ်ရှိတယ်ဆိုပြီး ညနေပိုင်း ဝင်စီးတာ၊ စစ်သားတွေအများကြီးပါတယ်။ အဲဒီအိမ်တွေက လူတွေကတော့ လွတ်သွားတယ်။ အိမ်တွေကိုမီးရှို့သွားတာ။ ငါးအိမ်လောက်မီးရှို့ခံလိုက်ရလို့ ပျက်သွားတယ်။ ရွေးပြီးရှို့သွားတာ” လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဧပြီလကုန်အထိ နိုင်ငံအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ အိမ်ခြေပေါင်း ကိုးသောင်းနီးပါး(၈၈,၃၇၃)လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေနဲ့ သူတို့ကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နိုင်ငံအနှံ့မှာရှိတဲ့ ကျေးရွာတွေ၊ မြို့နယ်တွေက နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတိုင်း သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ ငြင်းဆိုတာတွေတွေ့ရပါတယ်။
ပုံစာ-အခုနှစ် မတ်လတုန်းက စစ်ကောင်စီတပ်တွေမီးရှို့လို့ တစ်ရွာလုံးနီးပါးပြာကျသွားတဲ့ မုံရွာမြို့နယ်ထဲက သက္ကယ်ကျင်းရွာ။
ဓာတ်ပုံ-5/commando force

