တန့်ဆည်-၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကံထူးမရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ကံထူးမရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာကျော်က ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“နေ့ခင်းကလည်း စခန်းနားရှိတဲ့နေအိမ်တွေလိုက်ရှို့နေတာ။ ဈေးတန်းထဲက ဆိုင်ခန်းတွေကိုလည်း သူတို့(စစ်ကောင်စီတပ်)တွေ ဖောက်ထွင်းထားတာ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်။ ကံထူးမတင်မကဘူး။လူဦးရေသောင်းကျော်တယ်။ ရွာပေါင်းက ၁၄ ရွာ၊ ၁၅ ရွာလောက်ရှိတယ်” လို့ သူကပြောပါတယ်။
ကံထူးမရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံရဲစခန်းကို အခုလ ၂၁ ရက် မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက မြေပြင်ကော ဝေဟင်ကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က သေဆုံးမှုများခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ တန့်ဆည် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့လို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးလည်း ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီး ရွာထဲကနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက ကံထူးမရွာထဲက အထပ်မြင့်နေအိမ်တွေ၊ တိုက်တွေမှာ တပ်စွဲထားတယ်လို့ တန့်ဆည် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ ကံထူးမရွာရဲစခန်းကို PDF တပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းထဲမှာရှိတဲ့ ဘန်ကာခြောက်ခုထဲက လေးခုဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကံထူးမရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် အဲဒီရွာကဒေသခံတွေအပါအဝင် ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ အိုင်ယားရှည်၊ ကြက်ဆူကန်၊ လယ်မ စတဲ့ရွာတွေက ဒေသခံအများအပြား နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်ဒေသခံတွေကပြောကြပါတယ်။
အခုလ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်တွေက ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ပြီး မြေပြင်ကပါ စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံငါးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုလ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းနီးပါးရှိလာနေပြီလို့ ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ လေကြောင်းကတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ တန့်ဆည်မြို့နယ်အတွင်းက ဒေသခံတွေရဲ့ နေအိမ်တချို့။
ဓာတ်ပုံ-CAF Medic Team

