ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၆ရက် (မော်ကွန်း)
ဒီကနေ့ ဒီဇင်ဘာ ၆ ရက်ည ၈နာရီ ရန်ကုန်မြို့ ရဲ့နေရာတော်တော်များများ မှာ သံပုံးတီးသံတွေ ပြန်လည်အရှိန်မြင့်လာပါတယ်။
“မိုးရွာတာလားမသိဘူးဆိုပြီးထွက်ကြည့်တာ။ သံပုံးတွေတီးနေကြတာ။ အဲ့လိုနဲ့ကျွန်တော်တို့လည်း ထွက်တီးကြတာ” လို့ သုဝဏ္ဏမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
မနေ့က ကြည်မြင့်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက ပျောက်ကြားသပိတ်ကို စစ်ကောင်စီတပ်တွေ ကားနဲ့တိုက်ပြီး အနည်းဆုံး လူငယ်လေးဦးကျဆုံးသွားပြီး အများအပြားဖမ်းခံခဲ့ရပြီးနောက် ညပိုင်း သံပုံတီးသံတွေ ပြန်လည်မြင့်တက်လာတာပါ။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ တို့နဲ့ ထောင်ဒဏ်လေးနှစ်စီ၊ နောက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဌဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ၅၀၅(ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် အသီးသီး ဒီကနေ့ ချမှတ်ခဲ့ပါတယ်။
#Dailynews

