ရန်ကုန် – ၂၀၂၅ မတ် ၂၈ (မော်ကွန်း)
ဒီနေ့မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့ အလွန်အင်အားပြင်းတဲ့မြေငလျင်ကြောင့် မန္တလေးမြို့အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ရွာတွေမှာ အဆောက်အအုံပြိုကျတာ၊ လမ်းတံတားတွေကျိုးပျက်တာနဲ့ ရေကာတာဆည်တချို့ကွဲအက်တာတွေ ဖြစ်ပေါ်ခဲ့ ပြီး စစ်ကောင်စီကတော့ အရေးအပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ၁၂ နာရီ ၅၁ မိနစ်ဝန်းကျင်မှာ မန္တလေးမြို့မြေငလျင်စခန်းရဲ့ အရှေ့မြောက် ၁၂ မိုင်ကျော်အကွာ၊ မြေအောက်အနက် ၆ မိုင်လောက်မှာ ဗဟိုပြုလှုပ်ခတ်တဲ့ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ငလျင်ကြောင့် မန္တလေးမြို့က အထပ်မြင့် အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ လမ်းတံတားတွေ ပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိပေမယ့် အသေးစိတ်ကို စစ်ကောင်စီက မထုတ်ပြန်သေးပါဘူး။
ဒီငလျင်ကြီးလှုပ်ခတ်အပြီးနောက် နောက်ဆက်တွဲငလျင် သုံးကြိမ်ထပ်လှုပ်ခတ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ငလျင်ရဲ့အရှိန်ကြောင့် မန္တလေးမဟာမြတ်မုနိဘုရားတန်းဆောင်တွေပြိုကျခဲ့သလို ရွှေစာရံဘုရားထီးတော်လည်း ပြိုကျ မြေခခဲ့ပါတယ်။ ဒါအပြင် မြို့ရဲ့အထင်ကရ မစိုးရိမ်စာသင်တိုက် ပြိုကျခဲ့သလို နန်းမြို့ရိုးတွေ၊ ဟိုတယ်ကြီးတွေလည်း ပြိုကျတာကို တွေ့ရပါတယ်။
ပြိုကျနေတဲ့ အဆောက်အအုံတွေထဲကနေကယ်ဆယ်ပေးဖို့ အကူအညီတောင်းတဲ့ရုပ်သံတွေလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ ငလျင်ရဲ့နောက်ဆက်တွဲအဖြစ် မြို့ပေါ်ရပ်ကွက်တချို့မှာ မီးလောင်တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဥပုသ်ကာလရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ကျောင်းတော်တချို့လည်း မြို့တွင်းမှာ ပြိုကျခဲ့တာကို တွေ့ရပါတယ်။
ဒါအပြင် မန္တလေး-စစ်ကိုင်း၊ ဧရာဝတီမြစ်ကူးတံတားဟောင်း(စစ်ကိုင်းတံတားဟောင်း)ဟာလည်း မြစ်အတွင်းကို ပြိုကျခဲ့သလို စစ်ကိုင်းမြို့အဆောက်အအုံတွေ၊ စေတီပုထိုးတွေလည်း ပြိုကျသွားတာကိုတွေ့ရပါတယ်။
မန္တလေးနဲ့ ဆက်စပ်ဒေသတွေဖြစ်တဲ့ ကျောက်ဆည်မှာလည်း ငလျင်အရှိန်ကြောင့် အဆောက်အအုံပြိုကျမှုတွေ၊ လမ်းတံတား ပျက်စီးမှုတွေ ဖြစ်ခဲ့တာတွေ့ရပြီး လူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက လူမှုကွန်ယက်မှာရေးကြပါတယ်။
ငလျင်အရှိန်ကြောင့် နေပြည်တော်က စစ်ရုံးအဆောက်အအုံတချို့အပါအဝင်၊ အိမ်တွေ၊ ဈေးတွေ၊ ကျောက်မြတ်ရတာပြခန်းတွေ၊ ဝန်ကြီးရုံးတချို့နဲ့ လမ်းမတွေအက်ကွဲပျက်စီးခဲ့တာကိုလည်း တွေ့ရပါတယ်။
ဆွာဆည်နဲ့ ပေါင်းလောင်းဆည် အက်ကွဲပျက်စီးတယ်လို့ လူမှုကွန်ယက်မှာ ရေးသားနေကြပေမယ့် သီးခြားအတည်မပြု နိုင်ပါဘူး။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ငလျင်အရှိန်ကြောင့် တိမ်းမှောက်နေကြတဲ့ကုန်ကားတွေကို တွေ့ရသလို လမ်းပိုင်းလည်း ဆိုးဆိုးရွားရွားပျက်စီးသွားတာကို ရမည်းသင်းမြို့အနီးမှာ တွေ့ရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှာတော့ အများစုပျက်စီးသွားပြီး လမ်းပိုင်းကို အသုံးပြုလို့ မရတော့ပါဘူး။ လမ်းတွေအက်ကွဲတာ၊ တံတားတွေကျိုးတာ အဲဒီလမ်းပိုင်းမှာဖြစ်ပေါ်ခဲ့ပြီး အိမ်စီးကားတချို့လည်း ငလျင်အရှိန်ကြောင့် တိမ်းမှောက်တာကို တွေ့ရပါတယ်။
ဒီငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်းက အောင်ပန်းမြို့မှာ ဟိုတယ်တစ်လုံး ပြိုကျသွားသလို ပိမိသွားတဲ့သူတွေကို ကယ်ထုတ်နေတယ်လို့ ဒေသခံတွေက ရုပ်သံနဲ့တကွ ဖော်ပြကြပါတယ်။ သေဆုံးထိခိုက်မှုကို မသိရသေးပါ။ ဒါအပြင် အင်းလေး ဒေသမှာလည်း နေအိမ်တွေ ပြိုကျခဲ့ရသလို ဖောင်တော်ဦးဘုရားရင်ပြင်လည်း ပြိုကျပျက်စီးခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နေပြည်တော်အနီးတစ်ဝိုက်က အပျက်အစီးတွေကို လိုက်လံ ကြည့်ရှု့နေတဲ့ ရုပ်ပုံတွေကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်အကောင့်တွေမှာ ဖော်ပြပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီတွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါပေမယ့် အသေးစိတ် မဖော်ပြသေးပါဘူး။
မြန်မာပြည်တွင်းကို ဗဟိုပြုတဲ့ အင်အားပြင်းငလျင်ကြောင့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာလည်း ငလျင်လှုပ်တာကို ကြုံခဲ့ရပြီး ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ အထပ်မြင့် အဆောက်အအုံတွေ ပြိုကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီပြိုကျမှုတွေအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်ထိခိုက်ခဲ့ရပြီး သေဆုံး၊ ဒဏ်ရာရစာရင်း အသေးစိတ်ကို မသိရသေးပါဘူး။
ထိုင်းအစိုးရကတော့ သဘာဝဘေးဆိုင်ရာအရေးပေါ်အခြေအနေကြေညာပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အကြီးဆုံးစစ်ကိုင်းပြတ်ရွေ့ငလျင်ကြောပေါ်မှာ မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနဲ့ ပဲခူးမြို့တွေ တည်ရှိတာဖြစ်ပြီး ဒီနေ့လှုပ်ခတ်တဲ့ အလွန်အင်အားပြင်းတဲ့ ငလျင်ကြောင့် အဲဒီမြို့ရွာတွေမှာ ထိခိုက်ပျက်စီးမှု တွေ ရှိခဲ့တာပါ။
၁၈၃၉ မှာ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရဲ့ လှုပ်ခတ်မှုကြောင့် အင်းဝမြို့တစ်ခုလုံး ပျက်စီးခဲ့ရဖူးသလို ၁၉၅၆ က လှုပ်တဲ့ စစ်ကိုင်းငလျင်ကြောင့် လူ ၃၈ ဦးအထိသေခဲ့ရကာ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ဖူးပါတယ်။

ပုံစာ- ငလျင်ဒဏ်ခံ မန္တလေးမြို့ မြင်ကွင်းတချို့
ဓါတ်ပုံ- MFP ၊ သူရဇော်

