မင်းကင်း – ၂၀၂၃ ဧပြီ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို မနေ့ကနဲ့ဒီနေ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း၊မင်းကင်းက တာဝန်ရှိသူကပြောပါတယ်။
မအူရွာက အာဏာသိမ်းစစ်တပ်စခန်းကို မနေ့မနက် ၉:၀၀ နာရီမှာ ၆၀ မမတစ်လုံးပစ်ခတ်ခဲ့ပြီး ၁၁:၀၀ နာရီမှာ ဒရုန်းနဲ့ အီနာဂါ လေးလုံးချတိုက်ခိုက်ခဲ့ကာ ညနေ ပိုင်းမှာ ၆၀မမ သုံးလုံး၊ ၄၀မမ နှစ်လုံးနဲ့လက်နက်ငယ်တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
“ပျူရွာပါ၊ သူတို့ဘက်ကလည်း ၆၀ မမ ၊ လက်နက်ငယ်တွေနဲ့ပြန်ပီးပစ်ခတ်မှုတွေရှိပါတယ်၊ မီတာ ၃၀၀အတွင်းလောက်ဆိုတော့ အနီးကပ်ဖြစ်တယ်၊ သူတို့အထိခိုက်များနိုင်မယ်လို့ယူဆရတယ်”လို့ ကလေးခရိုင်အမှတ် ၁၁ တပ်ရင်း (မင်းကင်း)တာဝန်ရှိသူက ဆိုပါတယ်။
မအူရွာအာဏာသိမ်းစစ်တပ်စခန်းကို ဒီနေ့မှာလည်း မနက် ၁၀း၀၀ နာရီကစတင်ပြီး ၆၀မမ ခုနစ်လုံး၊ ၄၀မမ သုံးလုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စနိုက်ပါနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ထိခိုက်မှုများရင် အရပ်သားတွေကိုဖမ်းဆီးတတ်တဲ့အပြင် တိုက်ပွဲအချိန်မရွေးထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့အသွားအလာသတိထားဖို့ ကလေးခရိုင်အမှတ် ၁၁ တပ်ရင်း (မင်းကင်း)တာဝန်ရှိသူက သတိပေးပါတယ်။
#Dailynews

