သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

အပိုင်း ၃

ဇေယျာလှိုင်  ရေးသည်။

ဒီနေ့စမ်းသပ်မှုက မွန်းလွဲ ၁ နာရီမှ လုပ်ရမှာဆိုတော့ မနက်ပိုင်းကို GOLDEN MOUNT လို့ခေါ်တဲ့ တောင်ပေါ်ရွှေစေတီနဲ့ ဘန်ကောက်က နာမည်ကြီး မြဘုရားကို သွားဖို့ မနက် ၈း၃၀ လောက် အဆောင်ကနေ ထွက်လာခဲ့ကြတယ်။ ဈေးသက်သာပြီးယာဉ်ကျောပိတ်တာရှောင်ရှားနိုင်တဲ့ ရေဆိုးမြောင်းထဲကလှေကိုပဲ စီးဖို့ ဆုံးဖြတ်လိုက်တယ်။

      ဘန်ကောက်ကို အရှေ့အနောက် ဖောက်ထားတဲ့ ဒီရေဆိုး မြောင်းထဲက လှေတွေဟာ ၁၈ ကီလိုမီတာရှည်လျားတဲ့ ခရီးစဉ် ကို မနက် ၅း၃၀ ကနေ ည ၈း၃၀ အထိ ပြေးဆွဲပါတယ်။ ခရီးစဉ် နှစ်ပိုင်း ရှိပြီး တစ်ပိုင်းကတော့ ဘန်ကောက်အရှေ့ဘက် WATSRIBOONREUNG လှေဆိပ်ကနေ ဘန်ကောက်မြို့လယ်ဖြစ်တဲ့ PRATUNAM ကိုတစ်ဖြတ်ဖြတ်ပြီး PRATUNAM ကနေ အနောက် ဘက် မြဘုရားနားက GOLDEN MOUNT လို့ခေါ်တဲ့ တောင်ပေါ် ဘုရားနားမှာ ဂိတ်ဆုံးပါတယ်။ လှေစီးခကတော့ ၁၀ ဘတ်ကနေ စလို့ အကွာအဝေးပေါ် မူတည်ပြီး ဘတ် ၂၀ ထိပေးရပါတယ်။ မိုးပျံရထားစီးရင် အနည်းဆုံး ၁၅ ဘတ်က စပြီး ခရီးအကွာအဝေး ပေါ် မူတည်ကာ ဘတ် ၆၀ လောက်အထိ ရှိတာကြောင့် လှေစီးခ ဟာ တော်တော် ချိုသာတဲ့ ဈေးနှုန်းလို့ ပြောရမှာပါ။

      လှေနှစ်ဆင့်ပြောင်းစီးပြီးတဲ့နောက်မှာတော့ ရွှေစေတီနား က လှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်ကနေ ငါးမိနစ်လောက် လမ်းလျှောက်လိုက်တယ်ဆိုရင်ပဲ စေတီဝင်းအတွင်းကို ရောက်ပါ တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ထိ တောင်ပေါ်ကို အခမဲ့ တက်ခွင့်ရခဲ့ပေမယ့် အခုချိန်မှာတော့ နိုင်ငံခြားသားတစ်ဦးကို ဘတ် ၂၀ ပေးရပါတယ်။ ကံဆိုးချင်တော့ အယောက် ၂၀ လောက် ပါတဲ့ တရုတ်ခရီးသွားအဖွဲ့တစ်ဖွဲ့နဲ့ ဆုံပြီး လက်ပံပင် ဆက်ရက်ကျ တဲ့အောက် ရောက်သွားသလိုပါပဲ။ ကလေးတွေကိုလည်း မညှာ၊ အတင်းတွန်းတိုက်ပြီး လုတက်ကြတယ်။ သူများတွေ ဓာတ်ပုံရိုက် နေတဲ့ ရှေ့တည့်တည့်ရပ်ပြီး သူတို့လည်း ဓာတ်ပုံရိုက်နေတာမျိုး တွေပါ တွေ့ရတယ်။

      တောင်ထိပ်ပေါ်က စေတီအဆောက်အုံထဲမှာ ဘုရား ဆင်းတုတော်ကို ဖူးမြော်တဲ့နေရာမှာလည်း အတင်းတိုးဝှေ့ ဖူးကြ ရတယ်။ အရင်ကဆို တောင်ထိပ်အဆောက်အအုံထဲဝင်ဖို့ ဖိနပ် ချွတ်ရပါတယ်။ အခုတော့ ဟိုးခေါင်မိုးထိပ်က စေတီတော်ရင်ပြင် အထိ ဖိနပ်စီးခွင့်ပြုထားပါတယ်။ တချို့ ထိုင်းလူမျိုးတွေက သင်္ကန်းဗန်းကို လက်က ကိုင်ပြီး ကပ်လှူပူဇော်နေတာလည်း တွေ့ရတယ်။ တောင်ထိပ်ပေါ်မှာ နေပူနေပေမယ့် လေက တဖြူး ဖြူးတိုက်နေတယ်။ ဘန်ကောက်မြို့ရဲ့ အပေါ်စီးမြင်ကွင်းနဲ့ ကွေ့ ကောက်စီးဆင်းနေတဲ့ ကျောက်ဖယားမြစ်ရဲ့မြင်ကွင်းကလည်း လွမ်းမောစရာကောင်းသလိုလို။ ဘုရားအနီးတစ်ဝိုက်က ရှေး ခေတ်အဆောက်အအုံ ခေါင်မိုးနီနီတွေကလည်း အတိတ်ကို ပြန် လွမ်းမိစေသလိုလို။

      တောင်ပေါ်ဘုရားက ဆင်းတော့ မြဘုရားကို သွားဖို့ တက်္ကစီတစ်စီးငှားတယ်။ ဘာမှ သိပ်ပြောစရာမလိုလိုက်ဘဲ မီတာ ချိုးပေးတယ်။ မြဘုရားက ထိုင်းတော်ဝင်နန်းတော်ဝင်းထဲရှိတာပါ။ နန်းတော်နားရောက်တယ်ဆိုရင်ပဲ အနက်ရောင်အဝတ်အစား တွေ ဝတ်ထားကြတဲ့ ထိုင်းလူမျိုး အများအပြားကို တွေ့ရပါတယ်။ နတ်ရွာစံ ထိုင်းဘုရင်ဘူမိဘောကို လာရောက်ဂါရ၀ ပြုနေကြတာ ဖြစ်ပါတယ်။ ထိုင်းတွေဟာ ဘုရင်ဘူမိဘောကို အရမ်းချစ်ခင် မြတ်နိုးကြတယ်ဆိုတာ အရမ်းကို ပေါ်လွင်လှပါတယ်။ ကျွန် တော်တို့နိုင်ငံမှာရော ဘယ်ခေါင်းဆောင်ကို လူထုက အချစ်ဆုံး ဖြစ်မလဲဆိုတာကို ဆက်စပ် တွေးလိုက်မိပါတယ်။ အဖြေမပေါ် ပါဘူး။

လွမ်းမပြေသေးတဲ့ ဘုရင်ကြီးရဲ့ ဈာပန

      နန်းတော်ထဲဝင်တဲ့ ဂိတ်ဝရှေ့ရောက်တော့ အစောင့်တွေက နိုင်ငံခြားသားဆို ပေးမဝင်ပါဘူးတဲ့။ အခုကာလက နတ်ရွာစံ ဘုရင်ကြီးအတွက် နိုင်ငံသားတွေရဲ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် နှစ်ပတ်လည်ဆုတောင်းပွဲတွေ လုပ်နေတာ ကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၉ ရက်အထိ ထိုင်းနိုင်ငံ သားတွေကိုပဲ ပေးဝင်ပါတယ်တဲ့။ အစောင့်ကလည်း အနက် ရောင်ဝမ်းဆက်ပါပဲ။ ဘယ်ကလာလဲလို့ ကျွန်တော်တို့ကို မေး တယ်။ မြန်မာက လာတာပါ၊ ရန်ကုန်ကပါဆိုတော့ ““ဖမား””လို့ ပြောပြီး ““အောင်ဆန်းစုကြည်””လို့ ပြုံးပြီး ပြောတယ်။ ဖမားဆို တာ ဗမာလို့ ထိုင်းသံနဲ့ ပြောတာပါ။ သူက ဆက်ပြီး  I Like Aung San Suu Kyi လို့ ပြောပြီး မြဘုရားနားက WAT PHO ဘုရားကို သွားဖို့ လမ်းဩန်လိုက်ပါတော့တယ်။

      နန်းတော်တံတိုင်းကိုပတ်ပြီး WAT PHO ဘုရားကို ထွက် လာခဲ့ကြတယ်။ WAT PHO ဆိုတာ ရန်ကုန်က ခြောက်ထပ်ကြီး ဘုရားလို လျောင်းတော်မူဆင်းတုတော်ကြီးပါပဲ။ ၁၀ မိနစ် လောက် လျှောက်တယ်ဆိုရင်ပဲ ရောက်ပါတယ်။ မြဘုရားက ပိတ် တာကြောင့် နိုင်ငံခြားသားခရီးသွားတွေ WAT PHO မှာ စုပြုံ တိုးနေကြပါတော့တယ်။ အရင်က အခမဲ့ ပေးဝင်ခဲ့ပေမယ့် အခု အချိန်မှာတော့ လူတစ်ဦး ဘတ် ၅၀ ကောက်ခံပါတယ်။ သား ပူတူးအတွက် မယူဘဲ သုံးယောက်စာပဲ ပေးရပါတယ်။ ဘန် ကောက်က ဘုရားတွေရဲ့ ဝင်ငွေက မသေးလောက်ဘူးလို့ ခန့် မှန်းမိတယ်။

      လျောင်းတော်မူဆင်းတုရှိရာ တန်ဆောင်းထဲ မဝင်ခင် ဖိနပ်ချွတ်ရပါတယ်။ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်တွေကို ပလတ် စတစ်ပုံးတစ်လုံးထဲ ထည့်ထားတယ်။ အခမဲ့ယူရုံပါပဲ။ တန် ဆောင်းထဲမှာ စိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ အလှူ ခံ သပိတ်အသေးလေးတွေပဲ ဖြစ်ပါတယ်။ သံသပိတ်လေးတွေထဲ ကို ထိုင်းဘတ်ငွေအကြွေစေ့လေးတွေ ထည့်လိုက်တဲ့အခါ ထွက် လာတဲ့ အသံတဂျောက်ဂျောက်က တန်ဆောင်းတစ်ခုလုံး ပျံ့လွင့် နေတယ်။ ထိုင်းဘတ်ငွေ ၂၀ လှူလိုက်ရင် အကြွေစေ့အသေးလေး တွေ လက်တစ်ဝါးစာဖလားတစ်လုံး အပြည့်ရပါတယ်။ ကျွန် တော်လည်း ဖလားတစ်လုံးစာဝယ်ပြီး ကလေးတွေကို ပေးလိုက် တဲ့အခါ သားပူတူးနဲ့ တုန်တုန်ချစ်တို့နှစ်ယောက် အလုအယက်ပဲ သံသပိတ်လေးတွေထဲကို လိုက်ထည့်ကြပါတော့တယ်။

      တန်ဆောင်းအဝင်ဝမှာရော လျောင်းတော်မူပတ်လည်မှာ ပါ ခါးပိုက်နှိုက်သတိပြုဖို့ စာတန်းတွေ ရေးထားပေးတာလည်း တွေ့ရပါတယ်။ အရင်ကတော့ ဒါမျိုး သတိပေးထားတာ မတွေ့မိ သလို အခုလိုလည်း လူမများလှပါဘူး။

      အဲဒီကနေပြန်အထွက်မှာတော့ ကျောက်ဖယားမြစ်ကို ဖြတ်ကူးလို့ရတဲ့ ကူးတို့ဆိပ်ရှိပါတယ်။ ဟိုဘက်ကမ်းမှာ WAT ARUN ဆိုတဲ့ အဆင့်အထပ်ထပ်နဲ့ စေတီတစ်ဆူကို သွားဖူးလို့ ရပါတယ်။ ကျောက်ဖယားမြစ်ကို ဟိုဘက်ဒီဘက်ကူးတဲ့ ကူးတို့ ခက တစ်ဦးကို လေးဘတ်ပေးရပါတယ်။ငါးမိနစ်လောက် ဖြတ် ကူးတယ်ဆိုရင်ပဲ ဟိုဘက်ကမ်းကို ရောက်ပါတယ်။

      ကမ်းပေါ်တက်လိုက်တယ်ဆိုရင်ပဲ  WAT ARUN နဲ့ ကျောက် ဖယားမြစ်ကြားထဲက ရင်ပြင်ကွက်လပ်နေရာမှာ နတ်ရွာစံထိုင်းဘုရင်ကြီးရဲ့ဓာတ်ပုံနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဘန်ကောက်ရဲ့ နေရာအနှံ့မှာ တွေ့ရတဲ့ ပုံစံလိုပါပဲ။ ဝင်ကြေး တစ်ယောက်ကို ဘတ် ၅၀ ပေးရပါတယ်။ သားပူတူးအတွက်မယူဘဲ သုံးယောက်စာပဲ ပေးရပါတယ်။ ဘုရား အဝင်ဝမုခ်ဦးမှာကတည်းက ခါးပိုက်နှိုက်သတိထားဖို့ စာတန်း တွေ တွေ့ရတယ်။

      WAT ARUN ဘုရားကတော့ စေတီပုံစံပါပဲ။ အရင်က စေတီ ဟိုးအထက်နားထိ တက်ခွင့်ပေးပေမယ့် လက်ရှိအခြေအနေမှာ တော့ အောက်ထစ်တစ်ဝိုက်နားပဲတက်ခွင့်ပေးပြီး အပေါ်တက် တဲ့လှေကားထိပ်တွေကို တန်းတွေ ကာရံပိတ်ဆို့ထားပါတယ်။ ခရီးသွားဧည့်သည်တွေ ပြည့်ကျပ်နေတာကြောင့် တစ်ပတ်ပြည့် အောင် မနည်းပတ်ရပါတယ်။ သားပူတူး ဆေးရုံပြဖို့အချိန်လည်း နီးလာတာကြောင့် ခပ်မြန်မြန်ပဲ လှည့်ပတ်ဖူးမြော်ပြီး လှေဆိပ် ကို တန်းဆင်းသွားလိုက်ပါတယ်။ ဟိုဘက်ကမ်းကိုပြန်ကူးဖို့လည်း လူတစ်ဦးကို လေးဘတ်ပေးရပါတယ်။

      WAT PHO နားကပဲ ကားငှားဖို့ ကြိုးစားပါတယ်။ ထုံးစံ အတိုင်းပဲ ဘတ် ၂၀၀ တောင်းတယ်။ အဲဒီနားကနေ ဘန်ကောက် ဆေးရုံကြီးအထိဆို နည်းနည်းလှမ်းတာကြောင့် ဈေးဆစ်မနေ တော့ဘူး၊ တက်လိုက်တယ်။ ကားပေါ်ရောက်တော့မှ ကားဆရာ က ဝေးတယ်ဘာညာလုပ်ပြီး ဘတ် ၃၀၀ တောင်းပါတယ်။ အဲဒါနဲ့ ဂူးဂဲလ်မြေပုံပြပြီး ရှင်းပြတော့မှ ငြိမ်ကျသွားတယ်။ ကားလမ်းက အတော်ပိတ်ပါတယ်။ တစ်နာရီကျော်ကျော် စီးလိုက်ရတယ်။

 

ကာတွန်းကားနဲ့ အူကြွက်သား

      ဆေးရုံရောက်ရောက်ချင်း စစ်ဆေးရမယ့်ဌာနဖြစ်တဲ့ GI MOTILITY UNIT ကိုတန်းသွားလိုက်ပါတယ်။ ခဏကြာတော့ KRITICA ဆိုတဲ့ စကားပြန်အမျိုးသမီးရောက်လာတယ်။ စစ်ဆေး ဖို့ လိုအပ်တာတွေ ပြင်ဆင်တယ်။ ထုံးစံအတိုင်းပဲ၊ ငွေသွင်း ကောင်တာမှာ ငွေအရင်သွင်းခိုင်းပါတယ်။ အဲဒီဌာနရဲ့ ငွေသွင်း ကောင်တာက မြေညီထပ်မှာရှိတယ်။ ကောင်တာရှေ့မှာ စန်္ဒရားနဲ့ တယောတီးနေတဲ့သူတွေ ရှိတယ်။ သာယာငြိမ့်ညောင်းတဲ့ တေး သံက လွင့်ပျံ့နေတယ်။ တီးဝိုင်းဘေးနားမှာ ထန်းပင်အတုလေး တွေ၊ မြက်ခင်းအတုလေးတွေ ဖန်တီးထားပြီး အလှဆင်ထား တယ်။ လူနာရှင်တွေ ငွေပေးချေတဲ့အခါ ရင်ပူစရာတွေ မဖြစ် အောင်များ တေးသံနဲ့ နှစ်သိမ့်နေတာများလားလို့ တွေးမိတယ်။

      ငွေသွင်းပြီးပြန်တက်လာတော့ သားပူတူးက စစ်ဆေးစမ်း သပ်ခန်းထဲကို ရောက်နေပါပြီ။ အပြင်မှာ ထိုင်စောင့်မယ်လို့ ကြံ ကာရှိသေး စကားပြန်အမျိုးသမီး ထွက်လာပြီး ကလေးအဖေကို ပါ အခန်းထဲ ဝင်စေချင်ပါတယ်တဲ့။ စမ်းသပ်ခန်းထဲ ဝင်လိုက်တော့ သားပူတူးက သူ့အမေပေါ်မှာ မှောက်လျက် ကွေးကွေးလေး။ ဘေးနားမှာ နာ့စ်သုံးယောက်။ စအိုထဲကို မစင်အတုဘောလုံး ထည့်ဖို့ ပြင်ဆင်နေကြတယ်။ ခဏနေတော့ ခေါင်းပေါင်းဖြူ၊ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေနဲ့ ပန်ချာပီ ဆရာဝန်ရောက် လာပြီး စအိုဝကို စမ်းတော့ ကလေးက ငယ်သံပါအောင် အော် တော့တာပဲ။

      သိပ်မကြာဘူး ဆရာဝန်က အဖြေသိသွားပြီ ပြောတယ်လို့ စကားပြန်က ပြောပြတယ်။ ဒါပေမဲ့ သေချာအောင် စစ်ဆေး လိုက်ပါလို့ ပြောသွားတယ် ဆိုပါတယ်။ နောက်တော့ ပိုက် ကလေးထိပ်မှာ လေမသွင်းရသေးတဲ့ ဘောလုံးလေးတပ်ပြီး ဆေး ရည်တချို့ သုတ်လိမ်းကာ ထည့်ဖို့ပြင်ဆင်ပါတယ်။ ကလေးက ကြောက်ပြီး စအိုကို တအားညှစ်ထားတယ်။ နောက်တော့ ခန်္ဓာ ကိုယ်အနေထား အနည်းငယ်ပြောင်းပြီး ပိုက်ထည့်လိုက်တော့ ဝင်သွားတယ်။ နောက်တော့ လေမှုတ်သွင်းရတဲ့ ပူဖောင်းလေး တွေ ပေးတယ်။ ကလေးငြိမ်အောင် မှုတ်ပေးရမယ် ထင်ပြီး တစ် လုံး မှုတ်ပေးလိုက်တယ်။ နောက်တော့မှ ကလေးစအိုညှစ်အားကို သိချင်လို့ ကလေးကိုမှုတ်ခိုင်းရမှာတဲ့။ လွဲတဲ့အခါလည်း လွဲပေ မပေါ့လေ။

      ကလေးက ဂျီကျနေပြီ၊ ချေးပါချင်တယ်ပဲ ပြောနေတယ်။ နာ့စ်တွေက ပါချင်တဲ့ ချေးကို အောင့်ခိုင်းထားတယ်။ နောက် တော့ အားနဲ့ ညှစ်ခိုင်းတယ်။ ပိုက်နဲ့ ချိတ်ဆက်ထားတဲ့ စက်တွေ ပေါ်က မော်နီတာမျက်နှာပြင်မှာ အူမကြီးထဲက လှုပ်ရှားမှုတွေကို မြင်နေရတယ်။ ညှစ်လိုက်တာနဲ့ အနီရောင်စက်ဝိုင်းပုံ ပေါ်လာ တယ်။ များများညှစ်ရင် အဝိုင်းကြီးကြီးပေါ်တယ်။

      ကလေးကတော့ အဲကွန်းခန်းထဲမှာတောင် ချွေးစေးတွေ ပြန်နေပြီ။ နာ့စ်တွေက အောင့်ခိုင်းထားတဲ့အခါလည်း ရှိသလို၊ တစ်ခါတည်း အကြာကြီး ညှစ်ခိုင်းတာလည်းရှိတယ်။ နောက် တော့ နာ့စ်တစ်ယောက် ထလာပြီး သူ့အိုင်ဖုန်းလေးထဲက ကာ တွန်းကားလေးတစ်ကား ကလေးမျက်နှာရှေ့နား လာဖွင့်ပြတယ်။ ကလေးက စိတ်ဝင်စားပြီး ငြိမ်သွားတယ်။ အဲဒီအချိန်မှာ သွင်း ထားတဲ့ ပိုက်ထိပ်က ဘောလုံးထဲကို ဆေးထိုးပြွန်နဲ့ လေထိုးသွင်း တယ်။ သူတို့အတိုင်းအဆအတိုင်း လေထိုးသွင်းလိုက်၊ ကလေးကို ချေးပါချင်လား မေးလိုက်နဲ့ စစ်ဆေးနေကြတယ်။ တော်တော် လေးကြာတော့ ကာတွန်းကား ဆက်ကြည့်မလား၊ ချေးပါချင် လား မေးလိုက်နဲ့ စမ်းသပ်ကြတယ်။ နောက်ဆုံးတော့ သားပူတူး က မရတော့ဘူး ချေးထွက်တော့မယ်လို့ ပြောတယ်။ အဲဒီအချိန် မှာ ရပ်လိုက်တယ်။

      အမှန်က လေဘောလုံးက စအိုဝမှာ မစင်အတုပုံစံဖန်တီးပြီး ဘယ်လိုအနေထားဆိုရင် မစင်စွန့်ချင်လာသလဲဆိုတာကို စမ်း သပ်မှုပဲဖြစ်တယ်ဆိုတာ နောက်တော့ ရှင်းပြတယ်။ စိတ်ဝင်စား စရာ တစ်ခုခုရှိနေရင် ချေးပါချင်တာကို အောင့်ထားတာလို့ ရှင်းပြတယ်။ မိနစ် ၂၀ လောက် ကြာပြီးတဲ့အခါမှာတော့ ပိုက်ပြန် ထုတ်လိုက်ပြီး ကလေးကို အိမ်သာတက်ခိုင်းတယ်။ ဝမ်းမာမာ အတုံးကြီးတွေ သွားပါတော့တယ်။

      ခဏလောက် စောင့်ဆိုင်းပြီးတဲ့အခါမှာတော့ ပန်ချာပီ ဆရာဝန်ကြီးဆီကို စကားပြန်နဲ့တူတူ ဝင်သွားလိုက်ကြတယ်။ ဒီ တစ်ခါစကားပြန်က အမျိုးသားတစ်ဦး ဖြစ်သွားပြီး မင်းသက်စံလို့ ဝန်ထမ်းကတ်မှာ ရေးထားတာ တွေ့ရတယ်။ ဆရာဝန်ရှေ့က ကွန်ပျူတာဖန်သားပြင်ပေါ်မှာ စစ်ဆေးထားတဲ့အဖြေတွေရောက် နေပါပြီ။ ရန်ကုန်ကတည်းက ပို့လိုက်တဲ့ ဆေးစစ်ချက်အဖြေ စာရွက် မိတ်္တူတွေလည်း တွေ့ရတယ်။ လက်ရှိစမ်းသပ်တွေ့ရှိ ချက်ကို ဆရာဝန်ကြီးက တစ်ချက်ချင်းပြောပြတယ်။

      စကားပြန်က ပြန်ပြောပြနေတဲ့အချိန် လူနာဆေးမှတ်တမ်း မှာ တစ်ကြောင်းချင်း ရေးမှတ်နေတာလည်း တွေ့ရတယ်။ ကလေးက အငြိမ်မနေတာရယ်၊ လူကြီးတွေပြောသလို လိုက် မလုပ်နိုင်တာရယ်ကြောင့် စစ်ဆေးမှုကို လူကြီးတွေလို အတိ အကျ လုပ်လို့မရခဲ့ပေမယ့် ရန်ကုန်မှာ စစ်ဆေးထားသလို မဟုတ် တာ သေချာတယ်ဆိုတဲ့အကြောင်း စပြောပါတယ်။ ရန်ကုန်မှာ စစ်ဆေးတုန်းက ရတဲ့ အဖြေကို စအို၀ အူအစိတ်အပိုင်းတချို့မှာ အာရုံကြောတွေ မွေးကတည်းက ပါမလာဘူးဆိုတာ မဟုတ်ပါဘူး တဲ့။ အူမှာ အာရုံ ကြောတွေရှိနေပါတယ်။ အူကြွက်သားတွေကို အလုပ်မလုပ်တတ်သေးတာ ဖြစ်ပြီး လေ့ကျင့်ပေးလိုက်ရင် ရနိုင် တယ်လို့ဆိုပါတယ်။ ညှစ်လို့ပြောတဲ့အချိန် ကလေးက အောင့် ထားပြီး အောင့်ထားပါလို့ပြောတဲ့အချိန်မှာ ညှစ်နေတာမျိုးကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

      နောက်တော့ဖုန်းတစ်လုံးနဲ့ စကားပြောနေတာ တွေ့ရ တယ်။ ပထမနေ့က ပြခဲ့တဲ့ ဆရာဝန်ကို စစ်ဆေးတွေ့ရှိချက်တွေ လှမ်းပြောပြနေတာပါလို့ စကားပြန်က ရှင်းပြတယ်။ မိဘတွေ အနေနဲ့ ဘာသိချင်တာရှိသေးလဲဆိုပြီး ဆရာဝန်ကြီးက မေး တယ်။ ရန်ကုန်မှာကတည်းက စိုးရိမ်နေခဲ့ရတဲ့ မေးခွန်းဖြစ်တဲ့ ခွဲ စိတ်ဖို့မလိုတော့ဘူးပေါ့လို့ ကိုယ်လိုချင်တဲ့အဖြေကို မေးခွန်းထဲ ထည့်မေးလိုက်တော့ မလိုပါဘူးတဲ့၊ အချိန်ယူပြီး လေ့ကျင့်ခန်း လုပ်လိုက်ရင် အဆင်ပြေသွားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ပဲ ကျေးဇူးတင်ကြောင်းပြောပြီးထွက်ခဲ့ကြပါတယ်။

      အပြင်မှာ ခဏစောင့်ပြီးတဲ့အခါ နာ့စ်တစ်ယောက်က အဖြေစာရွက်တွေ လာပေးပါတယ်။ ကလေးယူနစ်ကို ပြန်သွား ဖို့လည်းပြောပါတယ်။ ညနေ ၄း၀၀ နာရီကျော်နေပြီဖြစ်တာ ကြောင့် ဆရာဝန်ရှိပါဦးမလားဆိုတော့ သူလှမ်းမေးပေးမယ်ဆိုပြီး ဖုန်းလှမ်းဆက်ပါတယ်။ ဆရာဝန်မက စောင့်နေမယ်၊ ဒီနေ့အပြီး ဖြတ်ပေးမယ်ဆိုတာကြောင့် ကလေးယူနစ်ကို ပြန်လာခဲ့ပါတယ်။

ရန်ကုန်က အဖြေ မိုးနဲ့ မြေ

      ကလေးယူနစ်မှာ စကားပြန်ကို ခဏစောင့်ပြီး ဆရာဝန်မနဲ့ ဝင်တွေ့ပါတယ်။ ဒီတစ်ခါ စကားပြန်က NAN PIN TIP ဆိုတဲ့ အမျိုးသမီးပါ။ ကလေးရဲ့ အိမ်သာတက်ပုံ၊ ဝမ်းသွားလေ့သွားထ ရှိတဲ့ အချိန်တွေကို စမေးပါတယ်။ တစ်ရက်မှာ အချိန်တစ်ခုကို ပုံမှန်သတ်မှတ်ပြီး ပုံမှန်တည်ပေးဖို့ ရှင်းပြပါတယ်။ အိမ်သာတက် တဲ့အခါ ကလေးထိုင်လား၊ ဘိုထိုင်လား၊ ဆောင့်ကြောင့်ထိုင်လား မေးပါတယ်။ ဘိုထိုင်ဆိုတော့ ခြေထောက်က အောက်ခြေက ကြမ်းပြင်နဲ့ ထိနေလား၊ ကလေးထိုင်လို့ရတဲ့ အဝိုင်းသေးရှိလား စသဖြင့် မေးပါတယ်။ လူကြီးဘိုထိုင်မှာ ကလေးအဝိုင်း ခံထား ပေးပေမယ့် ခြေထောက်ကတော့ ကြမ်းပြင်နဲ့ လွတ်နေတယ်လို့ ပြောပြတဲ့အခါ ခြေထောက်ကို ထိနေအောင် လုပ်ပေးဖို့လို ကြောင်းနဲ့ အဲဒီလိုထိနေမှသာ ညှစ်အားရှိမယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။

      နှစ်ရက်လောက်မှ ဝမ်းမသွားရင် ချူပေးဖို့ မှာတယ်။ အိမ် သာတက်ချင်တာကို အောင့်ထားတဲ့အခါ မစင်တွေက အူထဲက တစ်နေရာရာကို ပြန်ရောက်သွားပြီး မာတောင့်လာတယ်လို့ ဆို ပါတယ်။ မာတဲ့ မစင်ကို စွန့်ဖို့ ကြိုးစားတဲ့အခါ စအိုဝကြွက်သား တွေ နာကျင်လာတာကြောင့် ပါဖို့ မကြိုးစားတော့ဘဲ အောင့်ထား တာအကျင့်ပါပြီး ဝမ်းချုပ်ခြင်း စတင်လာတာလို့ ဆိုပါတယ်။ ဒါ ကြောင့် မစင်တွေ အူထဲမှာ မာတောင့်မသွားအောင် အချိန်မီ ချူပေးခြင်းက သက်သာစေတယ်လို့ ရှင်းပြတယ်။

      အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ များများစားဖို့နဲ့ အိမ် သာကို ပုံမှန်တက်ပေးပြီး လေ့ကျင့်ပေးလိုက်ရင် ရတယ်လို့ သေချာရှင်းပြတယ်။ မိဘတွေ ဘာမေးချင်သေးလဲလို့ မေးပါ တယ်။ ဘာဆေးတွေ ပေးဦးမှာလဲလို့မေးတော့ မလိုပါဘူးတဲ့။ အစားအသောက်နဲ့ လေ့ကျင့်တာ အကောင်းဆုံးပဲလို့ ပြန် ဖြေပါတယ်။ သေချာသွားတာကတော့ ရန်ကုန်က ဆရာဝန်မကြီး ပြောသလို အူမှာ ကြွက်သားတွေ မွေးကတည်းက ပါမလာတာ မဟုတ်တာကြောင့် အူဖြတ်ထုတ်ဖို့ မလိုတော့ဘူး ဆိုတာပါပဲ။ တော်တော်လည်း ပျော်သွားသလို ခေါင်းထဲမှာ စဉ်းစားစရာ၊ တွေးစရာတွေလည်း ပေါ်လာပါတော့တယ်။

      ရန်ကုန်မှာ စစ်ဆေးလို့ ရရှိတဲ့အဖြေတွေက တော်တော် ကြောက်စရာကောင်းလှပါတယ်။ ဗိုက်ဖောက်၊ အူဖြတ်တာမလုပ် ရင် စကားပြောဆွံ့အမယ်၊ ဉာဏ်ရည်နိမ့်ကျမယ်ဆိုတာနဲ့ အခု လက်ရှိရလာတဲ့ စစ်ဆေးချက်အဖြေတွေက မိုးနဲ့မြေပါပဲ။ ရန် ကုန်မှာ စက်ကိရိယာတွေမစုံလို့ သေချာမတွေ့ရှိခဲ့တာပါဆိုရင် တောင် ဗိုက်ဖောက်၊ အူဖြတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးထိ ဘာလို့များ လုပ်ခိုင်းရတာလဲဆိုတာ၊ ဆွံ့အမယ်၊ ဉာဏ်ရည်နိမ့် မယ်ဆိုတာထိ အဖြေထုတ်ရတာလည်း တွေးမရပါဘူး။ ကုန်ကျ စရိတ် ကွာပေမယ့် ပညာရပ်ပိုင်းဆိုင်ရာရော အဲဒီလောက်ထိ ကွာဟသွားတာလား စသဖြင့် အတွေးတွေ ရပ်မရဘူး။ စစ်ဆေး မှုပေါင်း စုစုပေါင်း ဘတ် ငါးသောင်းဝန်းကျင်(မြန်မာငွေ ကျပ် သိန်းနှစ်ဆယ်ခန့်)ကုန်ကျခဲ့ပါတယ်။

      အဲဒီလိုနဲ့ပဲ တည်းခိုတဲ့အခန်းကို ပြန်လာခဲ့လိုက်တယ်။ အဲဒီ ညနေဘက်တော့ ဘယ်ကိုမှမသွားတော့ဘဲ နောက်တစ်နေ့မှာ ကလေးတွေကို ကစားကွင်း တစ်နေရာရာလိုက်ပို့ဖို့ အွန်လိုင်းမှာ ရှာဖွေပါတော့တယ်။ HOMEPITAL က စီစဉ်ပေးတဲ့ လမ်းဩန် အယ်လ်ဘမ်ကို  အဲဒီအခန်းကို ရောက်ရောက်ချင်းနေ့မှာပဲ ကလေးတွေက ရှာဖွေတွေ့ရှိထားပါတယ်တဲ့။ တုန်တုန်ချစ်က အဲဒီလမ်းဩန်အယ်လ်ဘမ်ကို လာထိုးထည့်ပေးပါတယ်။

      DREAM WORLD မှာတော့ကလေးတွေ ကစားလို့ရပေမယ့် SAFARI WORLD မှာ တိရ်္ဆာန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ပြကွက် တွေရှိတာကြောင့် ကလေးတွေ ဗဟုသုတပိုရစေမယ့် SAFARI WORLD ကိုပဲရွေးလိုက်ပါတယ်။ အွန်လိုင်းမှာ ရှာကြည့်တော့ ဘူဖေးနေ့လယ်စာအပါအဝင် လူကြီးတစ်ဦးကို ဘတ် ၁,၄၀၀ နဲ့ ကလေးတစ်ဦးကို ဘတ် ၁,၁၀၀ ကျသင့်တယ်လို့ ဆိုပေမယ့် HOMEPITAL ကိုမေးကြည့်တော့ ၁,၁၅၀ သာ ကျသင့်ပါတယ်။ ကလေးကတော့ ၈၇၀ ပဲ ယူပါတယ်တဲ့။ ရှစ်နှစ်ကျော်ရင် လူကြီး လက်မှတ်ဝယ်ရပါတယ်။ HOMEPITAL ရုံးခန်းမှာပဲ ဘွတ်ကင်လုပ် လိုက်ပါတော့တယ်။

DREAM WORLD

      နောက်တစ်နေ့ မနက် ၉ နာရီမထိုးခင်မှာတော့ ဖုန်းတစ် ကောလ်ဝင်လာပါတယ်။ အင်္ဂလိပ်စကားခပ်ဝဲ၀ဲနဲ့ လာကြိုနေပြီ ဖြစ်တဲ့အကြောင်းနဲ့ လမ်းပိတ်နေတာကြောင့် နောက် ၁၅ မိနစ် ဆိုရင် ရောက်မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ မနက်စာ ကို အနီးအနားကဆိုင်မှာ အပြေးလေး သွားစားလိုက်ပြီး ပြန်လာ ချိန်မှာတော့ အဆင်ပြေစွာပဲ အံစာတုံး(TOYOTA HIACE) တစ်စီးရောက်လာပါတယ်။ လမ်းဩန်ကဆင်းလာပြီး သူ့နာမည် HARMIT ဖြစ်ပြီး ဒီနေ့တစ်နေ့လုံး သူ တာဝန်ယူ လမ်းဩန်ရမယ် ဆိုတဲ့ အကြောင်း မိတ်ဆက်လာပါတယ်။ ကားပေါ်မှာ အမျိုးသား ငါးယောက် ပါပါတယ်။ အကုန်လုံးက အိန်္ဒိယနွယ်ဖွားမျက်နှာ ပေါက်တွေပါပဲ။ ကားနောက်တန်းနှစ်တန်းကို ကျွန်တော်တို့ အပိုင်စီးလိုက်ကြပါတယ်။ ကျွန်တော်တို့ကို နောက်ဆုံးလာကြို တာ ဖြစ်တာကြောင့် SAFARI WORLD ကိုတန်းမောင်းပါတော့တယ်။

      တစ်နာရီလောက်မောင်းလိုက်တော့ SAFARI WORLD ကို ရောက်ပါတယ်။ ရောက်ရောက်ချင်းမှာပဲ လည်ပတ်မယ့် အစီ အစဉ်တွေကို ရှင်းပြတယ်။ မျောက်လက်ဝှေ့ပွဲ၊ ပင်လယ်ဖျံ ကကွက်၊ ဆင်ပြပွဲ၊ ကောင်းဘွိုင်ရှိုး စသဖြင့် အချိန်လိုက် ရှင်းပြ  ပါတယ်။

      အရင်ဆုံးမျောက်လက်ဝှေ့ပွဲသွားတော့သကအကဘန နဲ့ FACEBOOK စတဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ပွဲကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့မြင်ရတာပါပဲ။ တီးဝိုင်းနဲ့ အကျ အန သရုပ်ဆောင်ပြတဲ့ မျောက်တွေ၊ လက်ဝှေ့ထိုးရင်း ဘောင်းဘီ ချွတ်ပြတတ်တဲ့ မျောက်တွေကိုကြည့်ပြီး လူတွေက သဘောကျ ကြပါတယ်။ လာရောက်လည်ပတ်တဲ့ သူတွေကတော့ မနည်းပါပဲ။ ရှမ်းလွယ်အိတ်တွေ လွယ်ထားတဲ့ မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေ လည်း တွေ့ရသလို မယ်သီလရှင်တွေကိုလည်း အုပ်စုလိုက် တွေ့ရ ပါတယ်။ ပွဲကြည့်စင်က လူတစ်ထောင်လောက်ဆံ့မယ်လို့ ခန့်မှန်း ရပါတယ်။

      မျောက်ပွဲပြီးတော့ ပင်လယ်ဖျံတွေရဲ့ ဘောလုံးကစားကွက် နဲ့ မီးကွင်းခုန်။ ဖျံပြီးတော့ ဆင်တွေရဲ့ပြကွက်။ ကစားကွင်းတွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ မျောက်ထားတဲ့နေရာ၊ ဖျံထား တဲ့နေရာနဲ့ ဆင်ထားတဲ့နေရာတွေ သဘာဝချင်း မတူတာ ကြောင့် ခွဲထားတာဖြစ်ပါတယ်။ ပွဲကြည့်စင်တည်ဆောက်ထားပုံ တွေကတော့ ဘောလုံးကွင်းပုံစံလို ထိုင်ခုံအနိမ့်အမြင့် လျှော စောင်းပုံစံပါပဲ။

      ဖျံပြကွက်ကနေ ဆင်ပြကွက်ကို ကူးတဲ့လမ်းမှာ ကြက်တူ ရွေးလေးတွေ ထားတဲ့နေရာ ရှိပါတယ်။ ခြံအကျယ်ကြီးတစ်ခုကို သံဆန်ခါတွေ ခပ်မြင့်မြင့်အုပ်ထားတဲ့ လှောင်အိမ်ပုံစံမျိုးပါ။ လူတွေ ဝင်သွားလို့ရပြီး ကြက်တူရွေးတွေကလည်း လူတွေနဲ့ တော်တော်ယဉ်ပါးနေတာတွေ့ရပါတယ်။ ငှက်တွေက လူတွေရဲ့ ခန်္ဓာကိုယ်တွေပေါ် တက်နားပြီး ကျွေးသမျှ နေကြာစေ့လှော်၊ ပဲစေ့ စတာတွေကို အေးအေးဆေးစားနေတာတွေ့ရတယ်။ ဘတ် ၆၀ ဖိုး ငှက်စာတစ်ထုပ် ဝယ်လိုက်တော့ ချက်ချင်းပဲ ကြက်တူရွေး သုံးလေးကောင်ရောက်လာတယ်။ ကလေးတွေလည်း အစာကို လက်ထဲထည့်လိုက်တာနဲ့ လာနားပြီး စားကြတော့တာပါပဲ။ ကြက်တူရွေးလေးတွေရဲ့ ခြေထောက်မှာ နံပါတ်ပါတဲ့ ကြေးကွင်း လေးတွေစွပ်ပြီး အမှတ်အသား လုပ်ထားတာတွေ့ရတယ်။

      ကြက်တူရွေးတွေဆီမှာ ခဏနေပြီးတော့ ဆင်ပြကွက်ရှိရာ ကို အပြေးလေးသွားလိုက်ကြပါတယ်။ ဆင်တွေက သေနတ်နဲ့ ပူဖောင်းကို ပစ်ဖောက်တာ၊ ဘောလုံးကို ဂိုးထဲ ကန်သွင်းတာ၊ နှာ မောင်းနဲ့ စုတ်တံကိုင်ပြီး ပန်းချီဆွဲပြတာ စသဖြင့် မရိုးရအောင် ပြသပါတယ်။ ဆင်တွေ ဘောလုံးကန်ပြီးတဲ့အခါ အများစိတ် အဝင်စားဆုံး ပြကွက်တစ်ခု လုပ်ပြပါတော့တယ်။

      ဆင်ထိန်းတွေက ပရိသတ်ထဲက လူနှစ်ယောက်လောက်ကို ထွက်လာပေးဖု့ိ ဖိတ်ခေါ်တယ်။ မိန်းကလေးတစ်ဦးနဲ့ ယောကျ်ား လေးတစ်ဦး ထွက်သွားကြတယ်။ နောက်တော့ ဆင်တွေ ပတ် ကစားတဲ့ မြေပြောင်ပြောင်မှာ မြက်ဖျာခင်းပြီး အိပ်ခိုင်းထားပါ တယ်။ ခဏကြာတော့ ဆင်တွေထွက်လာပြီး ကျောကုန်းကို တက်နင်းပြတယ်။ သဘောကတော့ ဆင်မာဆတ်ပါပဲ။ နင်း နှိပ်ပေးတဲ့ပုံစံ သရုပ်ပြတဲ့ ပြကွက်ပါပဲ။ ဆင်အောက်က သူတွေ ကတော့ ဘယ်လိုနေလည်းမသိ၊ ကြည့်နေတဲ့သူတွေတော့ ကြက်သီးထစရာပါပဲ။

      ဆင်တွေကတော့ စည်းချက်ကျကျပဲ အကောင်းဆုံးသရုပ် ဆောင်ပြသွားတာ တွေ့ရတော့ သူတို့ကို ဘယ်လိုသင်ပေးကြ သလဲဆိုတဲ့ ဗီဒီယိုအတိုလေးကြည့်ဖူးတာကို သတိရသွားပြီး ဆင် တွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကြည့်ဖူးတဲ့ ဗီဒီယိုကလစ် ထဲမှာ ဆင်ပေါက်စလေးကို ဆင်ဦးစီးတွေက ချွန်းနဲ့အုပ်ပြီး သူတို့ လိုတဲ့ပုံစံ မရမချင်း ပုံသွင်းလေ့ကျင့်တဲ့ မြင်ကွင်းကို ပြန်မြင် ယောင်လာတယ်။

      ဆင်ပြကွက်ပြီးတော့ ထမင်းစားချိန်ရောက်ပါပြီ။ ကျွန် တော်တို့ရဲ့လမ်းပြ HARMIT ကတော့ လက်ကိုင်ပဝါတစ်ထည်နဲ့ ချွေးတွေသုတ်ရင်း ပြေးရင်းလွှားရင်း သူ တာဝန်ယူထားရတဲ့ ဧည့်သည်တွေကို ဘူဖေးကျွေးမယ့် JUNGLE CRUISE စား သောက်ခန်းမကြီးထဲရောက်အောင် လမ်းဩန်ပြနေတယ်။ ထမင်းစားဆောင်ခန်းမကြီးကလည်း အကျယ်ကြီးပါပဲ။ လက် မှတ်ပြပြီးဝင်ရုံပါပဲ။

      ဘူဖေးဆိုပေမယ့် ဟင်းသုံးလေးမျိုးကိုပဲ နေရာနှစ်နေရာ ခွဲပြီး ချထားပေးတာပါ။ အိန္ဒိယအစားအသောက်နဲ့ ခေါက်ဆွဲ ပြုတ်ကောင်တာနှစ်ခုကိုတော့ သီးသန့်ခွဲထားတာ တွေ့ရပါတယ်။ ကိုယ့်လက်မှတ်မှာပါတဲ့ စားပွဲဝိုင်းနံပါတ်အတိုင်းပဲ ထိုင်ရတာပါ။ အနည်းဆုံး ခြောက်ယောက်ကနေ ၁၂ ယောက်ထိုင်လို့ရတဲ့ စားပွဲဝိုင်း ၂၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ခုံတွေမှာ နံပါတ်ရေး ထားတာကြောင့် အလွယ်တကူ သိနိုင်တာပဲဖြစ်ပါတယ်။

      နောက်ထပ်ကျန်တဲ့ကောင်းဘွိုင်ရှိုးက နေ့လယ် ၁း၃၀ မှ စမှာဖြစ်တာကြောင့် အချိန်နည်းနည်းရသေးတာနဲ့ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ကြတယ်။ ကျားပေါက်လေးနှစ်ကောင်ကို လှောင် အိမ်ထဲထည့်ထားတာတွေ့ရတယ်။ ကျားလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံတွဲရိုက်မယ်ဆို ဘတ် ၆၀၀ ပေးရပါတယ်။ ရိုက်မယ်ဆိုတဲ့ အခါ လှောင်အိမ်ဖွင့်ပြီး နို့ဘူးလေးပြလိုက်တာနဲ့ ကျားပေါက် လေးက အငမ်းမရ ထွက်လာပါတော့တယ်။ အရိုက်ခံမယ့်သူက နို့ဘူးကို ကိုင်ထားရပါတယ်။ ကျားပေါက်လေးက နို့ကို အငမ်းမရ စို့နေတဲ့အချိန် ဓာတ်ပုံရိုက်ယူရတာပါပဲ။

      ကြက်တောကြီးတွေ၊ ချင်ပန်ဇီတွေနဲ့လည်း ဓာတ်ပုံ တွဲရိုက် လို့ရပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ ကောင်မလေးကိုဖက်နမ်း ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ချင်ပန်ဇီတွေဟာ ဒီဥယျာဉ်ထဲကဆိုတာ သိလိုက်ရပါတယ်။ ထိုင်းတွေဟာ သူတို့နိုင်ငံကို အလည်လာတဲ့သူ တွေရဲ့ အိတ်ကပ်ထဲကနေ ငွေကို ဘယ်လိုထွက်ကျလာအောင် လုပ်ရမလဲ ဆိုတဲ့နေရာမှာ အထူးကျွမ်းကျင်တယ်ဆိုတာ အသိ အမှတ်ပြုရပါတယ်။

      အဲဒီနောက်မှာတော့ ကောင်းဘွိုင်ရှိုးကိုရောက်ပါတယ်။ ကွင်းထဲမှာ အမေရိကန်ပြည်ထောင်စု တက်္ကဆက်ပြည်နယ်က ကောင်းဘွိုင်းတွေနေတဲ့ မြို့ငယ်လေးပုံစံလို အဆောက်အအုံတွေ၊ ကြိုးစင်၊ ရဲစခန်း၊ ကုမ်္ပဏီ၊ ဘဏ်စတဲ့အဆောက်အအုံတွေ ပြု လုပ်ထားတယ်။ ပွဲစတာနဲ့ အရက်ပုလင်းကိုင်ထားတဲ့ အမေရိကန် နွားကျောင်းသားတစ်ယောက်က ယိုင်တိယိုင်တိုင်ထွက်လာ တယ်။ နောက်တော့ သေနတ်ဖောက်ပြီး မြင်းစီးဝင်လာတဲ့ တစ် ယောက်နဲ့ ထိုးကြကျိတ်ကြ။ ဒီပြကွက်က ဇာတ်ဩန်းနဲ့သွားရတဲ့ ပြဇာတ်ပိုဆန်ပါတယ်။ ဒိုင်းနမိုက်တွေဖောက်၊ ယမ်းသေနတ်တွေ ဖောက်ပြီး သရုပ်ဆောင်ပြတာ တချို့ဆိုကြောက်လန့်ပြီး မျက် ရည်ပါ ထွက်ကျတာ တွေ့ရတယ်။

      ကောင်းဘွိုင်ပြကွက်အပြီးမှာတော့ သားရိုင်းတိရ်္ဆာန် တွေကို လွှတ်ကျောင်းထားတဲ့ ဥယျာဉ်ကျယ်ကြီးထဲကို ကားနဲ့ ပတ်ကြည့်ကြပါတယ်။ ဥယျာဉ်ထဲမဝင်ခင် ကျွန်တော်တို့ရဲ့ လမ်းပြ HARMIT က ကားတံခါးကို သေချာပိတ်ထားဖို့နဲ့ တံခါးဖွင့် ပြီးမဆင်းဖို့ သတိပေးတယ်။ ခြံစည်းရိုးတွေမှာ လျှပ်စစ်ဓာတ်လွှတ် ထားပြီး ကျားတွေ၊ ခြင်္သေ့တွေဟာ ဆာလောင်နေတဲ့အကြောင်း သတိပေးတယ်။

      ဥယျာဉ်ထဲမှာ သားငှက်တိရ်္ဆာန်အစုံ သဘာဝအတိုင်း ကျက်စားနေကြတာ တွေ့ရတယ်။ ငှက်ကုလားအုပ်၊ မြင်းကျား၊ ကြံ့၊ ငှက်ကြီးဝံပို၊ ကြိုးကြာ၊ သမင်၊ ဒရယ်၊ တောင်ဆိတ်၊ ပြောင် စတဲ့ တိရ်္ဆာန်တွေက ရေကန်ကြီးရဲ့ပတ်လည်မှာ ကျက်စားနေကြ တာ တွေ့ရတယ်။ ရေကန်ကြီးကိုကျော်လာတော့ သံဆူးကြိုးနှစ် ထပ် ကာထားတဲ့ အတွင်းခြံစည်းရိုးတစ်ခုထဲ ဖြတ်မောင်းသွား တယ်။ ဝက်ဝံတွေ၊ ကျားသစ်တွေ၊ ကျားတွေ၊ ခြင်္သေ့တွေထားတဲ့ နေရာပါပဲ။ ကားပေါ်က မဆင်းဖို့ သတိပေးဆိုင်းဘုတ်တွေ ခပ် စိပ်စိပ်တွေ့ရတယ်။ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် လက်နက် ကိုင်ထားတဲ့ ယူနီဖောင်းဝတ်ဥယျာဉ်ဝန်ထမ်းတွေက ဂျစ်ကား တွေနဲ့ စောင့်ကြပ် ကြည့်ရှုပေးနေတာလည်း တွေ့ရတယ်။

      အဲဒီနောက်မှာတော့ ပြန်လာခဲ့ကြပါတော့တယ်။ အလာ တုန်းက နောက်ဆုံးတက်ခဲ့တဲ့ ကျွန်တော်တို့ကို အပြန်မှာ အရင် ဆုံး ပြန်လိုက်ပို့ပါတယ်။ နောက်နေ့ပြန်ရတော့မှာမို့ အဝတ်အစား တွေ၊ အထုပ်အပိုးတွေ ပြင်ဆင်ရပါတယ်။

      နောက်နေ့ လေဆိပ်ကို ဆင်းတော့ မိုးတွေ တအားရွာတာနဲ့ HOMEPITAL ရုံးခန်းမှာ ခဏ နားနေရပါသေးတယ်။ အဲဒီ အချိန်မှာ မြန်မာပြည်အလယ်ပိုင်းကနေ ဘန်ကောက်ဆေးရုံကြီး မှာ ဆေးလာကုတဲ့ မွတ်ဆလင် မိသားတစ်စုနဲ့ စကားဝိုင်းဖွဲ့ဖြစ် တယ်။ သူတို့လည်း မိုးသည်းနေတာကြောင့် အဆောင်မပြန်သေး ဘဲ ခဏမိုးခိုနေတာပါ။

      လည်ပင်းမှာအကျိတ်သုံးလုံးတွေ့တယ်လို့ မြန်မာပြည် တွင်းက ဆေးခန်းတွေက စစ်ဆေးတွေ့ရှိပြီး ကင်ဆာအဆင့် ၃ ဖြစ်နေပြီ ဆိုတာကြောင့် ဘန်ကောက် လာစစ်ဆေးတာ ဖြစ်ပါ တယ်။ ဘန်ကောက်မှာ စစ်ဆေးတဲ့အခါ အကျိတ်က တစ်လုံး တည်းသာဖြစ်ပြီး အဆင့် ၁ သာ ဖြစ်သေးတယ်လို့ အဖြေထွက် တယ် ဆိုပါတယ်။ ကျွန်တော်ပြုံးမိတယ်၊ သားပူတူးကိုလည်း ဗိုက် ဖောက်၊ အူဖြတ်ရမယ်လို့ ဆုံးဖြတ်ကြသေးတာကိုး။

      ဒွန်မောင်းလေဆိပ်ကနေ လေယာဉ်ပျံတက်တော့ ဒီနေ့ကို ဘန်ကောက်စရောက်တဲ့နေ့ ပြန်ဖြစ်ချင်တယ်လို့ တုန်တုန်ချစ်က ပြောတယ်။ သားပူတူးနဲ့ သူ့အမေကတော့ စိတ်အေးသွားလို့လား မသိဘူး၊ လေယာဉ်ပေါ် အိပ်ပျော်လာကြတယ်။ ဉဏ်ရည်နိမ့်ကျ မယ်၊ စကားပြောဆွံ့အမယ်ဆိုတဲ့ တွေ့ရှိချက်တွေကို ဆေးတစ်လုံး တောင် သောက်စရာမလိုဘဲ အဆင်ပြေခဲ့တာကိုး။ ရန်ကုန်ကို ပြန်ရောက်တဲ့အခါ သားပူတူးကို ဗိုက်ဖောက်၊ အူဖြတ်မယ်ဆိုတဲ့ ဆရာဝန်မကြီးနဲ့ ဒီဘဝမှာ နောက်ထပ် လုံးဝသွားတွေ့မှာ မဟုတ် တော့ဘူး ဆိုတာကိုတော့ ဆရာဝန်မကြီး သိမယ် မထင်ပါဘူး။

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."