မုတ်သုန်မိုးနှင့်အတူ ချင်းတောင်တန်းများဆီသို့

Photo – Khin Maung Myint

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်သလို အစားအသောက်တွေ ရှားပါးတဲ့ဒေသလည်းဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ ခရီးသွားဆောင်းပါးတွေကို ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်းမှာ မြောက်မြားစွာ ရေးခဲ့ပြီးဖြစ်ပါတယ်။ ယခုဆောင်းပါးဟာ ပဉ္စမမြောက် ဆောင်းပါးဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ပတ်သက်လို့ တောင်ပိုင်းမှာဆိုရင် ပလက်ဝ၊ ကန်ပက်လက် စတဲ့မြို့နယ်တွေရဲ့ လွမ်းမောဖွယ်ရာကောင်းတဲ့ ရှုခင်းအလှအပတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ဓလေ့တွေ အကြောင်းကိုလည်း ရေးသားခဲ့ကြပြီးဖြစ်သလို မြောက်ပိုင်းမှာဆိုရင်လည်း ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးအပါအဝင် ဖလမ်း၊ ထန်တလန်စတဲ့မြို့နယ်တွေနဲ့ပတ်သက်ပြီး ရေးဖွဲ့ခဲ့ကြပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်သွားရောက်ခဲ့တဲ့ မြို့၊ ရွာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သွားရောက်ခဲ့တဲ့ အချိန်ကာလ၊ ရာသီဥတု၊ ပတ်ဝန်းကျင်တွေကလည်း မတူနိုင်ပါဘူး။ ခရီးစထွက်တုန်းကတော့ ခရီးသွားဆောင်းပါးရေးဖို့ ရည်ရွယ်ချက်မရှိ။ ဒါပေမဲ့ တကယ်တမ်းသွားခဲ့တဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော့်ရဲ့စိတ်ကို ခရီးသွားဆောင်းပါးရေးပါဆိုပြီး တွန်းအားပေးနေတဲ့အတွက် ဆောင်းပါးရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်ရေးသားမယ့် ဆောင်းပါးအကြောင်းအရာကလည်း စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်တာဆိုတော့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ကိုခရီးထွက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ခရီးမထွက်ခင်ကတည်းက ချင်းပြည်နယ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ပြန်ဖတ်တာတွေ၊ ရာသီဥတုအခြေအနေကို ဒေသခံ သတင်းထောက်တွေဆီ ကြိုတင်ပြီးမေးမြန်းရပါတယ်။ တခြားသတင်းအရင်းအမြစ်တွေဆီကိုလည်း ကြိုပြီး ဖုန်းနဲ့ အဆက်အသွယ်လုပ်ထားရပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တဲ့အတွက် အဲဒီဒေသကိုသွားမယ်ဆိုရင် ရာသီဥတုဟာ အဓိကကျပါတယ်။ ဟားခါးမှာ ရှိနေတဲ့ဒေသခံတွေဆီ ကျွန်တော်ဖုန်းဆက်ကြည့်တော့ ရာသီဥတုက သာယာတယ်၊ မိုးမရွာပါဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ မိုးဦးကာလဖြစ်လို့ ခရီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သေချာပြင်ဆင်ရပါတယ်။ အဝတ်အစား၊ ကင်မရာ၊ အသံဖမ်းစက် စတဲ့ပစ္စည်းတွေကို ကြွပ်ကြွပ်အိတ်နဲ့သေချာထုပ်ပိုးပြီးမှ ကျောပိုးအိတ်ထဲ ထည့်ပါတယ်။ နောက်တစ်ခုက မိုးတွင်းမှာ ဆိုင်ကယ်စီးမယ်ဆိုရင် တစ်ကိုယ်လုံးမိုးဒဏ်၊ လေဒဏ်ကာကွယ်နိုင်တဲ့ မိုးကာအင်္ကျီကလည်း အဓိကကျပါတယ်။

ရန်ကုန်၊ အောင်မင်္ဂလာအဝေးကနေ ထွက်တဲ့ ရန်ကုန် – ကလေး ပြေးဆွဲတဲ့ ရွှေမန္တလာ ခရီးသည်တင် SCANIA အမျိုးအစားဘတ်စ်ကားကြီးဟာ မွန်းလွဲ၂းဝဝ နာရီမှာ ရန်ကုန်က စထွက်ပါတယ်။ ကားပေါ်မှာ ခရီးသည်က ခုံအပြည့်မပါဘူး။ ကျွန်တော့်ဘေးနားက ထိုင်ခုံမှာ ထိုင်တဲ့သူက ချင်းအမျိုးသားတစ်ယောက်။ ဒါပေမဲ့ သူဟာ ကျွန်တော့်ဘေးကခုံမှာ ခဏသာထိုင်ပြီး နေရာလွတ်နေတဲ့ နောက်ခုံကို ပြောင်းသွားပါတယ်။ ခုံနှစ်ခုံမှာ တစ်ယောက်တည်းဖြစ်နေတော့ ကျွန်တော့်အတွက် သက်သောင့်သက်သာ ထိုင်လို့ရသွားပါတယ်။

ကလေးမြို့ကိုရောက်ဖို့နာရီ ၂၀ ဝန်းကျင် ကားစီးရပါတယ် ။ ကလေးမြို့ကို နောက်တစ်နေ့မနက် ၉းဝဝ နာရီကျော်မှာ ရောက်ရှိပါတယ်။ ကလေး – ဖလမ်း – ဟားခါးကို ပြေးဆွဲတဲ့ ကားတွေဟာ မနက်ပိုင်း ရးဝဝ နာရီလောက်ဆို ပုံမှန်ထွက်ကြပါတယ်။ ကျွန်တော် ကလေးကားဂိတ်ကိုရောက်တော့ ဟားခါးကိုသွားတဲ့ ကားက တစ်စီးမှ မရှိတော့ပါဘူး။ နောက်နေ့ ဟားခါးကိုသွားမယ့်ကားလက်မှတ်ကို ဖြတ်လိုက်ပြီး ကလေးမှာပဲ တစ်ညတာ တည်ခိုလိုက်ရပါတယ်။

ကလေးမြို့မှာရှိနေစဉ် တီးတိန်အခြေစိုက် ချင်းဘာသာစကားနဲ့ထုတ်ဝေနေတဲ့ ဇိုလဲန်တဲသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုထျန်သားကို တွေ့ကြရအောင်ဆိုပြီး ဖုန်းဆက်လိုက်တော့ ညနေ ၅းဝဝ နာရီကျော်လောက်မှာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ဆိုင်ကယ်ကို မောင်းပြီး ကျွန်တော့်ဆီကို သူရောက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူနေထိုင်တဲ့တီးတိန်မြို့နယ်ထဲက ခိုင်ကမ်းမြို့ကို သွားကြပါတယ်။ တီးတိန်မြို့နယ်ထဲမှာ ဆိုပေမယ့် ကလေးမြို့နဲ့ ပိုနီးပါတယ်။ ခိုင်ကမ်းမြို့ကို ၂ဝ၁၆၊ မတ်မှာ မြို့အဖြစ် သတ်မှတ်ပေးခဲ့တာပါ။ ကလေးမြို့ အဝေးပြေးကားဝင်းနားကနေ ဆိုင်ကယ်နဲ့ ဖြည်းဖြည်းမောင်းတော့ မိနစ်နှစ်ဆယ်ကျော် မောင်းရပါတယ်။

သူက ကျွန်တော့်ကို ခေါင်ရည်နဲ့ ဧည့်ခံမယ်ဆိုတော့ ကလေးမြို့ပေါ်ကနေ ကြက်ကင်သုံးလေးချောင်း ဝယ်သွားလိုက်တယ်။ ကလေးမြို့ကနေ ခိုင်ကမ်းမြို့ကိုသွားတဲ့လမ်းမှာ ကုက္ကိုပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်းရယ်ပါ။

ကလေးမြို့တွင်းလမ်းတွေက ကတ္တရာလမ်းဖြစ်ပေမယ့် ခိုင်ကမ်းမြို့ကို ဝင်လိုက်တာနဲ့ လမ်းပေါ်က ချွန်ထက်နေတဲ့ လမ်းခင်းကျောက်ခဲတွေဟာ ကျွန်တော်တို့ကို ကြိုဆိုနေပါတယ်။ မြို့အဝင်မှာတော့ ပန်းပင်မရှိ၊ ကလေးတွေ ဆော့ကစားစရာ နေရာမရှိ၊ ဒန်းတွေ မရှိတဲ့ ပန်းခြံငယ်လေးတစ်ခုကိုတွေ့ရတယ်။ ကျောက်ခဲတွေနဲ့ မြက်ပင်တွေကတော့ ထိုးထိုးထောင်ထောင်ပါပဲ။

Photo – Khin Maung Myint                                      ဟားခါး-ကလေး လမ်းပေါ်၌ မြေပြိုနေသည့်အတွက် ခရီးသည်များ ကားပေါ်မှ ဆင်းပြီး လမ်းလျှောက်ကြရသည်

ကိုထျန်သားကတော့ ”အစ်ကို မြင်တဲ့အတိုင်းပဲ။ ကလေးက လမ်းတွေနဲ့ တခြားစီပဲ။ ဒါက ချင်းပြည်နယ်ကိုရောက်ပြီဆိုတာ ပြနေတယ်လေဗျာ”လို့ ဆိုင်ကယ်ကို လဲမကျအောင် ထိန်းမောင်းရင်း ပြောပါတယ်။

ဆိုင်ကယ်ကို သူ့အဘွားအိမ်ရှေ့မှာ ရပ်လိုက်ပြီး ကောက်ညှင်းဆန်နဲ့ချက်ထားတဲ့ ခေါင်ရည်တစ်ဘူး ယူလိုက်ပါတယ်။ ခေါင်ရည်အရောင်က ဝါကြင့်ကြင့်ပါ။ သူတို့မြို့မှာ ခေါင်ရည်၊ အရက်ချက်ပြီး မရောင်းရဘူးလို့ဆိုပါတယ်။ သူ့အဘွားအိမ်မှာရှိတဲ့ ခေါင်ရည်ကလည်း အိမ်သားတွေသောက်ဖို့သာ ချက်ထားတာပါ။

”ဒီခေါင်ရည်က ချင်းတွေရဲ့ ရိုးရာအမှတ်အသားပါဗျာ။ ဝန်ကြီးတွေ၊ အစိုးရလူကြီးတွေလာရင်လည်း ဒီခေါင်ရည်နဲ့ပဲ ဧည့်ခံတာ။ အခုလည်း ခေါင်ရည်၊ အရက်မချက်ရဘူး၊ မရောင်းရဘူးဆိုပေမယ့် ရယ်ဒီမိတ် အရက်တွေ အများကြီးဝင်နေတာပဲ။ သောက်လည်း သောက်နေကြတာပဲ” လို့ သူက ပြောပြပါတယ်။

ခေါင်ရည်ကို လက်ကိုင်ပါတဲ့ ဖန်ခွက်မှာ တစ်ယောက်တစ်ခွက် ထည့်လိုက်တယ်။ ခေါင်ရည်က ချိုပြီးတော့ ပါးစပ်မှာ စေးကပ်ကပ်ဖြစ်နေပါတယ်။ တစ်ယောက်တစ်ခွက်သောက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော့်ရဲ့ ဗိုက်တွေ ပြည့်လာသလို ပျို့အန်ချင်သလိုဖြစ်လာတဲ့အတွက် ဆက်မသောက်ဖြစ်တော့ပါဘူး။ ညဘက် ရှစ်နာရီကျော်လောက်မှာ ကိုထျန်သားက ကျွန်တော့်ကို တည်းခိုခန်းထိ လိုက်ပို့ပေးတယ်။

ဟားခါးခရီး စတင်ပြီ

နောက်နေ့မနက် ဟားခါးကိုသွားမယ့် ‘အေးချမ်း’ခရီးသည်တင်ကားဟာ ခုနစ်နာရီလောက်မှာ ကျွန်တော်တည်းခိုနေတဲ့ တည်းခိုခန်းရှေ့ထိ လာကြိုပေးပါတယ်။ ကားက တောင်ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်း(Hyundai) ကားအမျိုးအစား လူဆယ်ယောက်စီးကားပါ။ ကားရှေ့ခေါင်းခန်းမှာ ခုံပိုတစ်ခုံ တပ်ဆင်ထားတော့ ၁၁ယောက်စီးကား ဖြစ်သွားပါတယ်။ ကားခေါင်မိုးပေါ်မှာလည်း ဝန်စည်စလွယ်တွေကို တာလပတ်နဲ့အုပ်ပြီး ကြိုးနဲ့ သေချာ ချည်ထားပါတယ်။

ကားစထွက်တော့ ရာသီဥတုက သာယာနေတယ်။ မိုးလည်းခပ်အုံ့အုံ့။ ကားလေအေးပေးစက်ကပျက်နေတာကြောင့် ကားမှန်ကိုဖွင့်လိုက်တော့ လေက တဟူးဟူးတိုက်နေပါတယ်။

ကလေးမြို့ကနေထွက်လာပြီး တောင်ပေါ်ရောက်တော့ ကားပေါ်မှာပါတဲ့ အမျိုးသားကြီးတစ်ယောက်က အားလုံး ဆုတောင်းကြမယ်ဟေ့လို့ပြောပြီး ချင်းဘာသာစကားနဲ့ ဆုတောင်းကြပါတယ်။ ဘေးအ္တရာယ်ကင်းအောင် ဆုတောင်းကြတာဖြစ်မယ်လို့ စိတ်ထဲမှာ မှတ်ယူလိုက်ပြီးတော့ ကျွန်တော်လည်း ကိုယ့်ရဲ့ ဗုဒ္ဓဘုရားကို အာရုံပြုပြီး သွားရာခရီးမှာ ဘေးမသီရန်မခဖို့ ဆုတောင်းလိုက်ပါတယ်။

ဆုတောင်းပြီးတာနဲ့ အပေါ့အပါးကိုလည်း အဲဒီနားမှာပဲ သွားကြပါတယ်။ အိမ်သာတော့ မရှိပါဘူး။ အမျိုးသမီးတွေကတော့ တဘက်ကိုယ်စီကိုင်ပြီး တောင်အောက်ကို ဆင်းသွားကြတယ်။ အမျိုးသားတွေကတော့ သစ်ပင်နဲ့ကွယ်ပြီး အပေါ့သွားတဲ့သူက သွား၊ တချို့ကတော့ ကားလမ်းမဘေးမှာ သွားလိုက်ကြတယ်။

အဲဒီနောက်မှာတော့ ကျွန်တော်တို့စီးလာတဲ့ကားဟာ ခရီးရှေ့ဆက်ခဲ့ကြပါတယ်။ တောင်အမြင့်ကို ရောက်လာတဲ့အခါ အုံ့ဆိုင်းနေတဲ့မြူတွေကြောင့် ကားလမ်းကိုတောင် ကောင်းကောင်းမမြင်ရတော့ပါဘူး။ ကားမောင်းတဲ့သူက ”ဘာမှမမြင်ရတော့ဘူးကွာ”လို့ ပြောပြီး ကားရှေ့မီးကို ဖွင့်လိုက်ပါတော့တယ်။

နေ့လယ် ၁းဝဝ နာရီလောက်မှာတော့ တောင်ပေါ်က ထမင်းဆိုင်လေးတစ်ဆိုင်မှာ နေ့လယ်စာ စားကြပါတယ်။ စားစရာတွေကတော့ ဝက်သား၊ ကြက်သားနဲ့ အမဲသားပဲ ရှိပါတယ်။ တောကောင်သားတွေရှိလား မေးကြည့်တော့ မရှိပါဘူး။ အဝစား ၂,၅ဝဝ ကျပ်ပါ။ ဆိုင်ရှေ့မှာ ပန်းသီးတွေရောင်းနေပေမယ့် ဒေသထွက် အသီးတော့မဟုတ်ပါဘူး။ တရုတ်က လာတဲ့ပန်းသီးပါ။ နောက်နီရဲရဲ အသီးတစ်မျိုးကို ဘာအသီးလဲ မေးကြည့်လိုက်တော့ ချင်းတောင်ဒေသထွက် စပ်ချိုသီးလို့ပြောပါတယ်။ ကျွန်တော်လည်း တစ်ခါမှ မစားဖူးတော့ တစ်ထောင်ဖိုး ဝယ်လိုက်တယ်။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တစ်မျိုးတော့ စားလို့ကောင်းပါတယ်။

လမ်းတစ်လျှောက်လုံး နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ စိမ်းညို့ ညို့၊ ခပ်မှိုင်းမှိုင်းတောင်တန်းတွေကို ငေးကြည့်လာခဲ့ပါတယ်။ ရန်ကုန်မြို့မှာ နိစ္စဓူဝ ဘတ်စ်ကားပေါ် လူကျပ်တဲ့ဒဏ်၊ ကားကျပ်တဲ့ဒဏ်ကို ခံနေရပြီး ဖုန်မှုန့်တွေ ရောနှောနေတဲ့လေကို ရှူနေရတဲ့ ကျွန်တော်ဟာ တောတန်းတွေကိုဖြတ်ပြီး တစ်ချက်ချက်တိုက်လာတဲ့ လတ်ဆတ်တဲ့လေတွေကို တဝကြီးရှူပစ်လိုက်တဲ့အခါ စိတ်ရော၊ ကိုယ်ပါ ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။

ကျွန်တော်တို့စီးလာတဲ့ကားဟာ ညနေ ငါးနာရီခွဲလောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၁ဝဝ ကျော်ရှိတဲ့ ဟားခါးမြို့ကို ရောက်ပါတယ်။ ခရီးသည်တွေကိုလည်း အိမ်တိုင်ရာရောက် လိုက်ပို့ပေးတယ်။ ကားဆရာက သူနဲ့ ကျွန်တော် လမ်းကြောင်းတူတဲ့အတွက် ကျွန်တော့်ကို နောက်ဆုံးမှတည်းခိုခန်းလိုက်ပို့ပေးပါတယ်။

တည်းခိုခန်းရောက်တော့ ညနေ ၆းဝဝ နာရီထိုးနေပါပြီ။ မှောင်လည်း မှောင်နေပါပြီ။ အဲဒီနောက် ချင်းမီဒီယာတစ်ခုဖြစ်တဲ့ ခိုနုမ်းထုန် (Khonumthung) မီဒီယာမှ ဒေသခံသတင်းထောက် ကိုတွီဒိမ်းတို့လင်မယား ကျွန်တော်တည်းနေတဲ့ တည်းခိုခန်းကို ရောက်လာတော့ နောက်နေ့သတင်းသွားယူမယ့် ကျေးရွာတွေကို လမ်းကြောင်းဆွဲကြပါတယ်။

စားစရိတ်ကြီးတဲ့ ဟားခါး

နောက်နေ့ကျေးရွာတွေကို သွားဖို့ လမ်းကြောင်းရွေး၊ မေးမြန်းမယ့် အကြောင်းတွေကို ပြင်ဆင်နေတော့ ညနေစာ ထမင်းစားဖို့ မေ့နေခဲ့ပါတယ်။ ည ၈းဝဝ နာရီလောက်မှ ထမင်းစားဖို့ သတိရတော့ လမ်းတွေပေါ်မှာလည်း လူသွားလူလာ သိပ်မရှိတော့ပါဘူး။ ထမင်းဆိုင် တော်တော်များများက ပိတ်ကုန်ကြပါပြီ။ ကံကောင်းချင်တော့ တံခါးပိတ်ဖို့လုပ်နေတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို တွေ့တာနဲ့ ဆိုင်ထဲဝင်လိုက်တော့ ထမင်းရှိသေးပေမယ့် အသားဟင်းတွေမရှိတော့တဲ့အတွက် ကြက်ဥတစ်လုံးကြော်ပေးပါတယ်။ ကြက်ဥကြော်နဲ့ စားတာတောင် ၂,၅ဝဝ ကျပ် ပေးလိုက်ရတယ်။ ဒါပေမဲ့ ထမင်းစားရတာကိုပဲ ကျေးဇူးတင်ရမယ်လို့ စိတ်ထဲမှတ်လိုက်တယ်။

နောက်တစ်နေ့မှာတော့ ကိုတွီဒိမ်းနဲ့ ကျွန်တော် ဟားခါးနဲ့ ခြောက်မိုင်လောက်ဝေးတဲ့ ကျေးရွာနှစ်ရွာကို သွားခဲ့ကြပါတယ်။ အသွားမှာတော့ မိုးမရွာလို့ လမ်းတွေက မဆိုးသေးပါဘူး။ ကျေးရွာတွေက ပြန်ထွက်လာတဲ့အခါမှာတော့ လေနဲ့အတူ မိုးဖွဲဖွဲစပြီး ရွာလာပါတယ်။ တဖြည်းဖြည်း မိုးနဲ့ လေပိုပိုပြင်းထန်လာတော့ ကျွန်တော်တို့လည်း လမ်းဘေးခဏရပ်ပြီး မော်ကွန်းကျောက်စာတွေကို မိုးတဲ့အမိုးတစ်ခုအောက်မှာ ဝင်ပြီး မိုးခိုကြပါတယ်။

အဲဒီမော်ကွန်းကျောက်စာတိုင်တွေကတော့ မိသားစုထဲက ထူးထူးချွန်ချွန်ရှိတဲ့သူတွေ ဒါမှမဟုတ် မိသားစုအတွက် အမှတ်တရ ဖြစ်စေတဲ့သူတွေ သေဆုံးသွားတဲ့အခါ ကျန်ခဲ့တဲ့မိသားစုတွေက မော်ကွန်းကျောက်တိုင် စိုက်ထူထားတာ ဖြစ်ပါတယ်။ အဲဒီလို မော်ကွန်းကျောက်စာတိုင်လုပ်မယ်ဆိုရင် နွားနောက်တို့၊ ဝက်တို့ကို သတ်ပြီး ကျေးရွာသားတွေကို ကျွေးမွေးရတယ်လို့ ကိုတွီဒိမ်းက ရှင်းပြတယ်။ မိုးစဲမှ ဟားခါးကို ပြန်လာခဲ့ကြပါတယ်။

ဟားခါးမှာလည်း မိုးရွာတာကြောင့် ညနေဘက်မှာ အအေးဓာတ်က ပိုလာပါတယ်။ ကိုတွီဒိမ်းနဲ့လည်း ဟားခါးရောက်ပြီးမှ တွေ့ ကြတာဖြစ်တဲ့အတွက် အေးအေးဆေးဆေးစကားပြောလို့ရအောင်ဆိုပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့ဖို့ချိန်းလိုက်တယ်။ ညနေ ၆းဝဝ နာရီကျော်လောက်မှာ ကိုတွီဒိမ်းနဲ့သူ့မိန်းမ ဆိုင်ကယ်တစ်စီးနဲ့ ပေါက်ချလာပါတော့တယ်။

ဟားခါးမှာ စားသောက်ဆိုင်များများစားမရှိပါဘူး။ ရွှေမြို့တော်စားသောက်ဆိုင်ကို ရွေးလိုက်ကြပါတယ်။ ကိုတွီဒိမ်းနဲ့ ကျွန်တော် ဒမ်ဖိုင်းဖ်(Dunfife)ဝီစကီတစ်လုံး မှာလိုက်ကြတယ်။ မှိုကန်စွန်းကြော်တစ်ပွဲမှာလိုက်တယ်။ မှိုကန်စွန်းလို့သာ ပြောတာပါ။ မှိုက ခပ်နည်းနည်းပဲ ပါတာပါ။ အမြည်းက မှိုကန်စွန်း တစ်ခုပဲဖြစ်နေတော့ ကြက်သားသုပ်တစ်ပွဲ ထပ်မှာလိုက်ပါတယ်။ အမျှင်လေးနွှာပြီး သုတ်ထားတဲ့ ကြက်သားသုပ်က လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်။

ကိုတွီဒိမ်းက ဈေးကြီးတယ်လို့သတိပေးလိုက်တော့ ကျွန်တော် စားပွဲထိုးကောင်မလေးကိုခေါ် ပြီး ပုစွန်အစိမ်းသုပ်တစ်ပွဲ ဘယ်လောက်လဲလို့ မေးကြည့်တော့ ၁၈,ဝဝဝ ကျပ်ပါတဲ့။ ပုစွန် ၁ဝ ကောင်လောက်သာပါတယ်ဆိုတော့ ဟားခါးမြို့ရဲ့ အစားအသောက်ဈေးကြီးတာကို မအံ့သြဘဲမနေနိုင်ပါဘူး။ ပုစွန်သုပ်လည်း မမှာယူဖြစ်တော့ပါဘူး။

သောက်စားထားတာတွေကို ငွေရှင်းတော့ မှိုကန်စွန်းတစ်ပွဲ လေးထောင်၊ ကြက်သားသုပ်တစ်ပွဲ ခြောက်ထောင်၊ မြန်မာဘီယာတစ်လုံး သုံးထောင်၊ ဒမ်ဖိုင်းဖ်(Dunfife 0.7 L) တစ်လုံး၁၆,ဝဝဝ ကျပ်ဆိုတော့ ဒီခရီးစဉ်မှာ ပထဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်သောက်တာပဲလု့ိ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်။ အစားအသောက်တွေ စားတဲ့အခါလည်း ဈေးကို မေးမြန်းပြီးမှ ဝယ်စားဖို့ သတိပေးခေါင်းလောင်း ထိုးလိုက်သလိုပါပဲ။ ဟားခါးမှာ ထမင်းတစ်နပ်ကို အနည်းဆုံးကျပ် ၂,၅ဝဝ၊ ၃,ဝဝဝ ရှိပါတယ်။ အသားဟင်းတစ်မျိုးနဲ့ ငါးပိရည်၊ တို့စရာတော့ ချပေးပါတယ်။

”ဈေးထဲမှာ ရောင်းနေတဲ့ အသား၊ ငါးတွေကတော့ မြေပြန့်ဒေသနဲ့ ဈေးသိပ်မကွာဘူး။ ဒါပေမဲ့ ဒီလို ဆိုင်တွေမှာတော့ ဈေးကြီးတယ်ဗျာ”လို့ ကိုတွီဒိမ်းက ပြောပါတယ်။ ဒီလို အပြင်အဆင် သန့်သန့်ပြန့်ပြန့်နဲ့ဆိုင်က ဟားခါးမှာ သုံးဆိုင်လောက်ပဲရှိတယ်လို့ သူကပြောတော့မှ ဒါကြောင့် ဈေးကြီးတာဖြစ်မှာပါလို့ မှတ်ချက်ချလိုက်ပါတော့တယ်။

ကိုတွီဒိမ်းတို့လင်မယားပြန်သွားပြီး ခဏနေတော့ အသက် ၃ဝ ဝန်းကျင်အရွယ်လူတစ်ယောက် ကျွန်တော်ထိုင်နေတဲ့ ဝိုင်းရဲ့ မျက်စောင်းထိုးခုံမှာဝင်ထိုင်ပြီး ကျွန်တော့်ကို ကြည့်နေပါတယ်။ သူတစ်ခုခုမေးမြန်းချင်ပုံရတယ် လို့ စိတ်ထဲက တွေးနေတုန်းမှာပဲ ကျွန်တော့်ဆီရောက်လာပြီး ”အစ်ကို၊ ဒီမှာ ကေတီဗီတို့၊ မာဆတ်တို့ မရှိဘူးလား”လို့ တိုးတိုးတိတ်တိတ် လာမေးပါတော့တယ်။ သူက ဒီနေ့မှ ရောက်တာ၊ မကွေးမြို့ကလို့ ပြောတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဧည့်သည်ဖြစ်ကြောင်း၊ အဲဒီလိုနေရာမျိုးတွေ ရှိမယ်လို့လည်း မထင်ကြောင်း၊ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် ဈေးက မတရားကြီးနိုင်ကြောင်း၊ အခု သောက်နေတဲ့ဆိုင်မှာတောင် မှိုကန်စွန်းတစ်ပွဲ လေးထောင်ပေးရကြောင်း၊ အစားအသောက်တွေမှာယူတဲ့အခါ မေးမြန်းပြီးမှ မှာယူဖို့ သတိပေးလိုက်ပါတယ်။ သူလည်း ဝီစကီတစ်ခွက်နဲ့ အသုပ်တစ်ပွဲစားသောက်ပြီး ပြန်သွားတာ တွေ့လိုက်ပါတယ်။

Photo – Khin Maung Myint                           တောင်မြေပြိုပြီး လမ်းပိတ်နေသောကြောင့် လမ်းပွင့်လာချိန်ကို စောင့်ဆိုင်းနေကြသည့် ခရီးသည်များ

ကျေးရွာတွေကို ခရီးဆက်    

ဟားခါးမြို့မှာ တနင်္ဂနွေဆိုရင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ တော်တော်များများ ပိတ်ထားတတ်ပါတယ်။ အကြောင်းကတော့ အဲဒီမှာနေတဲ့သူအများစုက ခရစ်ယာန်ဘာသာဝင်တွေဖြစ်တော့ ဘုရားကျောင်း သွားကြလို့ပါ။ မနက်စာစားဖို့ ဆိုင်လိုက်ရှာရင်း ဟိုငေးဒီငေးနဲ့ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်လိုက်တော့မှ လူနေတဲ့ အိမ်နဲ့တွဲပြီး ဖွင့်ထားတဲ့ ကော်ဖီ၊ မုန့်ဟင်းခါး၊ ဆာဘူသီးရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို တွေ့ပါတယ်။ အဲဒီဆိုင်မှာပဲ ချင်းရိုးရာ အစားအစာဖြစ်တဲ့ ပြောင်းဖူးစေ့ကိုချက်ထားတဲ့ ဆာဘူသီးကို နွားနောက်သားကြော်နဲ့ စားလိုက်ပါတယ်။

ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်အငှားမောင်းတဲ့သူမရှိပါဘူး။ ကျေးရွာတွေကို သွားမယ်ဆိုရင် ဆိုင်ကယ်လိုပါတယ်။ ဆိုင်ကယ်နဲ့ ကျေးရွာတွေကို လိုက်ပို့ပေးမယ့်သူတစ်ယောက်ရှာပေးဖို့ကိုတွီဒိမ်းကို အကူအညီတောင်းရပါတော့တယ်။ ကျွန်တော့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့မယ့်သူကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝန်ထမ်းတစ်ယောက်ပါ။ တနင်္ဂနွေဖြစ်လို့ လိုက်ပို့နိုင်တာလို့ဆိုပါတယ်။

မနက် ၁ဝ နာရီလောက်မှ ဆိုင်ကယ်မောင်းမယ့် ကိုဆာဆာ ရောက်လာပါတယ်။ သူစီးလာတဲ့ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်က တော်တော်အိုဟောင်းနေပါပြီ။ သူ့မှာပါတဲ့ ဘေးလွယ်အိတ်ထဲမှာတော့ လမ်းမှာ ဆိုင်ကယ်ပျက်သွားရင် ပြင်ဖို့ ပစ္စည်းကိရိယာတွေ ထည့်ထားပါတယ်။ ဆီကိုလည်း ဆိုင်ကယ်မှာ အပြည့်ဖြည့်တဲ့အပြင် ရေသန့်ဘူးနဲ့ တစ်ဘူးအပိုဆောင်ထားလိုက်ပါတယ်။

”ဒီဒေသမှာက ကျေးရွာတွေကို ဆိုင်ကယ်နဲ့သွားရင် ဆိုင်ကယ်ပြင်တဲ့ ပစ္စည်းကိရိယာတွေ မပါလို့မဖြစ်ဘူး။ ရွာတွေနဲ့ဝေးတဲ့ နေရာမှာ ပျက်သွားရင် တောင်တက်၊ တောင်ဆင်းလမ်းတစ်လျှောက်လုံး တွန်းရတော့မှာ”လို့ ကိုဆာဆာက ပြောပြပါတယ်။

ကျွန်တော်ကတော့ ဗိုက်ဆာတဲ့အခါစားဖို့ ပေါင်မုန့်နဲ့ ရေသန့် နှစ်ယောက်စာဝယ်ပြီးကျောပိုးအိတ်ထဲ ထည့်လိုက်ပါတယ်။ ဟားခါးကနေစထွက်တာနဲ့ မိုးက သဲကြီးမဲကြီးရွာပါတော့တယ်။ လမ်းက တောင်ခါးပန်းကနေ ဖောက်ထားတဲ့ မြေသားလမ်းပါ။ မိုးရွာထားတော့ ကားဘီးရာတွေ၊ ဆိုင်ကယ်ဘီးရာတွေမှာ ဗွက်တွေ၊ ရေတွေအပြည့်ပါပဲ။ လမ်းအောက်ဘက်မှာတော့ ချောက်ကြီးတွေပါ။ မြူတွေနဲ့ အုံ့ဆိုင်းနေလို့ ချောက်ကြီးတွေ ဘယ်လောက်နက်တယ်ဆိုတာကို မမြင်ရပါဘူး။

Photo – Khin Maung Myint                                      မိုးရာသီ ကလေး-ဖလမ်း-ဟားခါး လမ်းပေါ်မှ ခရီးသွားမြင်ကွင်း

”မြေပြိုကျရင် ဆိုင်ကယ်ရော၊ လူရော တစ်ခါတည်း ပါသွားနိုင်တယ်”လို့ ကိုဆာဆာက ပြောရင်း ဆိုင်ကယ်ကို သတိထားပြီးမောင်းနေပါတယ်။ တောင်ကြောပေါ် မိုးရွာထားတော့မြေတွေဟာ လမ်းပေါ်ကို တအိအိပြိုဆင်းနေပါတယ်။

မိုးကလည်း ရွာ၊ လမ်းကလည်း ဆိုး ဖြစ်နေတာကြောင့် လူအသွားအလာလည်း နည်းနေတဲ့အချိန်မှာ မတော်လို့ ဆိုင်ကယ်ချောက်ထဲကျသွားရင် ဘယ်သူမှ သိလိုက်ကြမှာမဟုတ်ပါဘူး။ သေသွားတယ်ဆိုရင်တောင် လူတွေ ချက်ချင်းသိနိုင်ပါ့မလားလို့ တွေးနေမိပါတယ်။

အဲဒီဒေသတွေမှာ ကျေးရွာတွေကလည်း တစ်ရွာနဲ့တစ်ရွာ အနည်းဆုံး သုံးလေးမိုင်လောက်ထိဝေးပါတယ်။ အိမ်တွေအများစုကိုလည်း တောင်စောင်းမှာ ဆောက်ထားကြပါတယ်။ မိုးရွာလို့ လမ်းမြေပြို၊ တောင်မြေတွေပြိုလို့ရှိရင် ဟားခါးမြို့နဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတတ်တာတွေ ရှိသလို စားနပ်ရိက္ခာတွေလည်း ပြတ်တောက်သွားတတ်ပါတယ်။

ကျွန်တော်တို့ ဖာရ်ရောန်းကျေးရွာကို ဝင်လိုက်တာနဲ့ ကလေးတွေဟာ အင်္ကျီအသစ်တွေ ဝတ်ပြီး ဘုရားကျောင်းကို သွားနေတာ တွေ့ရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်ကမ်းမေးကြည့်တော့မှ နိုင်ငံခြားမှာ ရောက်နေတဲ့ အဲဒီရွာသားတစ်ဦးက ကိုယ့်ရွာသားတွေကို ဝက်သတ်ပြီး အလှူလုပ်ကျွေးမွေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမန်ကမ်းက ထမင်းစားဖို့ ဖိတ်ပါတယ်။ မနက်စာ ဆာဘူသီးစားပြီးကတည်းက ဘာမှမစားရသေးတဲ့ ကျွန်တော့်ဗိုက်ကတော့ ဆာလောင်နေပေမယ့် ဟန်ကိုယ့်ဖို့ ဆိုသလို မစားတော့ဘူးလို့ ငြင်းလိုက်ပါတယ်။

ဦးမန်ကမ်းက ”ဘုရားကျောင်းကို သွားစားစရာမလိုပါဘူး။အိမ်မှာ စားဖို့အတွက် ထမင်းတွေ၊ ဟင်းတွေ ယူထားပြီးပြီ၊ အားမနာနဲ့ လာလာ” လို့ ဆိုပြီး ထမင်းစားခန်းကို ခေါ်ပါတော့တယ်။

ထမင်းစားပွဲပေါ်မှာ တုတ်နဲ့ထိုးပြီး ပြုတ်ထားတဲ့ ဝက်သားတုံးတွေ၊ ဝတ်သားပြုတ်ဟင်းရည်၊ ငရုတ်သီးအစိမ်းနဲ့ ဆားထည့်ထားတဲ့ ခွက်တစ်ခွက်ပါ တင်ထားတာ တွေ့ရတယ်။ ဝက်သားကတော့ ချင်းရိုးရာချက်လို့ပြောပါတယ်။ အဲဒီက ဝက်သားတုတ်ထိုးတစ်တုံးဟာ ရန်ကုန်က ဝက်သားတုတ်ထိုး ၁၅ တုံးခန့်နဲ့ ညီမျှမှာပါ။ ကျွန်တော်နဲ့ ကိုဆာဆာလည်း ဗိုက်ဆာဆာနဲ့ တစ်ယောက် နှစ်ပန်းကန်စီ စားပစ်လိုက်ကြပါတော့တယ်။ စားပြီးတော့ ကျေးဇူးတင်စကားပြောပြီး ကျွန်တော်တို့မှာ ပါလာတဲ့ မုန့်တွေကိုလည်း အဲဒီအိမ်က ကလေးတွေကို ပေးထားခဲ့လိုက်တယ်။ မိုးကလည်းသည်းနေတော့ နောက်နေ့မှ ပြန်ဖို့ ပြောပေမယ့် ဟားခါးမှာ လုပ်စရာတွေ ရှိသေးတာကြောင့် ပြန်လာခဲ့ကြပါတယ်။

နောက်တစ်ရက် တနင်္လာနေ့မှာ ဟားခါးမြို့ပေါ်မှာရှိတဲ့ အစိုးရရုံးတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းပါတယ်။ အင်္ဂါနေ့မှာတော့ တွန်းဇံမြို့နယ်ကို သွားဖို့ ကလေးမြို့သို့ တစ်ခေါက်ပြန်ဆင်းလာရပါတယ်။ ဟားခါးကနေ တွန်းဇံကို တိုက်ရိုက်ရောက်တဲ့ကား မရှိလို့ပါ။

 မိုရာကြောင့် တောင်ပေါ်တစ်ညအိပ်

ဟားခါးကိုရောက်လို့ နောက်တစ်ရက်ကစပြီး ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့ မိုရာ(MORA)မုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်မှာလည်း လေပြင်းတိုက်၊ မိုးကလည်းသည်းနေခဲ့ပါတယ်။

မနက် ၈းဝဝ နာရီလောက်မှာ ဟားခါးကနေ ကလေးမြို့သို့ စထွက်လာကြပါတယ်။ ၁၅ ယောက် လောက်ဆံ့တဲ့ Toyota Hiace အန်စာတုံး ကားအမျိုးအစားနဲ့ပါ။ လမ်းမှာလည်း လေပြင်းနဲ့အတူ မိုးကလည်း သဲကြီးမဲကြီး ရွာနေပါတယ်။ ကားလမ်းတွေမှာ ရေတွေ၊ ရွှံ့ ဗွက်တွေနဲ့ဆိုတော့ ယာဉ်မောင်း သတိထားပြီး မောင်းနေရတယ်။ ကားဘီးလမ်းချော်မှာလည်း ကြောက်ရသလိုလမ်းပေါ် တောင်မြေပြိုကျမှာကိုလည်း ကြောက်ရပါတယ်။

ချင်းပြည်နယ်ဟာ သက်နုတောင်တန်းပေါ်မှာ ရှိနေတဲ့အတွက် မြေပြိုမှုအန္တရာယ်ကို အများဆုံးကျရောက်နိုင်တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ၂ဝ၁၅၊ ဇူလိုင်အတွင်းကလည်း ချင်းပြည်နယ်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အိမ်ခြေ သုံးထောင်ခန့်နဲ့ လူဦးရေ တစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရပါသေးတယ်။

တောင်နံရံမြေတွေက ကားလမ်းမပေါ်ကို တိအိအိပြိုဆင်းနေပြီး ကားလမ်းပေါ်မှာလည်း ကျောက်တုံး အကြီး၊ အငယ်တွေ ပြန့်ကြဲနေတယ်။ ကားသမားတွေကတော့ ကျောက်တုံးတွေကို ရှောင်ကွင်းပြီးမောင်းကြရပါတယ်။ ရှောင်ကွင်းလို့လည်း မလွတ်ရင်တော့ ကားပေါ်က ဆင်းပြီး ကျောက်တုံးတွေကို တောင်အောက်ကို လှိမ့်ချရပါတယ်။ တချို့နေရာတွေမှာ ခရီးသည်တွေပါ ဝိုင်းကူပြီး လှိမ့်ချရပါတယ်။

ကျွန်တော်တို့ကား ဖလမ်းမြို့ကို ကျော်လာပြီး နေ့လယ် ၁၂းဝဝ နာရီလောက်မှာတော့ ကားဆရာက ရှေ့မှာ တောင်မြေပြိုလို့ ကားလမ်းပိတ်နေတဲ့အကြောင်း၊ နေ့လယ်စာ စားကြမယ်လို့ပြောပြီး ကားလမ်းဘေးမှာရှိနေတဲ့ စားသောက်ဆိုင် တစ်ဆိုင်ရှေ့မှာ ကားကို ထိုးရပ်လိုက်ပါတယ်။

ကားဆရာကတော့ မြေပြိုလို့ လမ်းပိတ်နေတာ နှစ်နေရာလို့ ကြားတယ်။ ခရီးသည်တွေ အကုန်လုံးထမင်းစားကြပါ”လို့ တိုက်တွန်းပါတယ်။

ထမင်းစား၊ ကော်ဖီသောက်ပြီး နောက်ထပ် နာရီဝက်လောက် နားပြီးတဲ့နောက်မှာတော့ ခရီးဆက်ခဲ့ကြပါတယ်။ ထမင်းဆိုင်ကနေ စထွက်ပြီး တစ်နာရီလောက် မောင်းပြီးတဲ့နောက်မှာတော့ တောင်မြေပြိုနေလို့ ဆိုင်ကယ်တွေ၊ ကားတွေတန်းစီပြီး ပိတ်ဆို့နေတဲ့နေရာကို ရောက်ပါတယ်။ ခရီးသည်တင်ကား၊ အိမ်စီးကား၊ ကုန်ကား စုစုပေါင်းအစီးနှစ်ဆယ်လောက် ပိတ်မိနေတာပါ။

ပြိုကျနေတဲ့ မြေစာတွေဟာ ကားလမ်းမ ပေါ်မှာ ပုံနေပါတယ်။ အဲဒီမြေတွေကို မြေတူးယာဉ်တစ်စီး၊ ဘူဒိုဇာတစ်စီးနဲ့ ရှင်းထုတ်နေကြပါတယ်။ မြေစာပုံတွေကို စက်ကြီးတွေနဲ့ ဖယ်ရှားနေတုန်းမှာပဲ ခြေသလုံးလောက်ရှိတဲ့ သစ်ပင်တွေပါ ပြိုကျလာလို့ လွတ်နိုင်မယ့်နေရာ ပြေးကြရပါသေးတယ်။

အဲဒီလို လမ်းတွေပိတ်ဆို့နေရင် အဓိက အခက်အခဲတွေ့တာကတော့ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့သူတွေပါ။ ကားနဲ့သွားတဲ့သူတွေကတော့ ကားထဲဝင်ပြီး လမ်းပွင့်လာမှာကို စောင့်နေရုံပါ။

ဆိုင်ကယ်နဲ့သွားလာတဲ့သူတွေကတော့ မိုးထဲ၊ လေထဲမှာ အအေးဒဏ်ကို အံကြိတ်ခံရင်း ဆိုင်ကယ်အနီးမှာပဲ စောင့်နေကြရပါတယ်။ တချို့ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီးတွေမှာဆို တစ်နှစ်ကျော်အရွယ်သာရှိသေးတဲ့ ကလေးတွေကို မိုးကာနဲ့ သေချာအုပ်ပြီး ချီထားတာတွေ့ရပါသေးတယ်။

တစ်နာရီလောက်အကြာမှာ လမ်းပြန်ပွင့်သွားတဲ့အတွက် ခရီးဆက်ခဲ့ကြပါတယ်။ ရှေ့မှာလည်း တောင်မြေပြိုပြီး လမ်းပိတ်နေတဲ့နေရာတစ်ခုထပ်ရှိနေတာကြောင့် နောက်ထပ်တစ်နာရီ ဝန်းကျင်လောက်ခရီးဆက်ခဲ့ပြီး ညနေ ၄းဝဝ နာရီလောက်မှာ ညနေစာစားကြရပါတယ်။

ထမင်းစားပြီးနောက်မှာ ခရီးဆက်ခဲ့ကြပြီး လမ်းပိတ်နေတဲ့နေရာကို ရောက်တော့ ညနေ ၆နာရီခွဲနေပါပြီ။ ဒုတိယတစ်ကြိမ် ပိတ်မိတဲ့နေရာမှာတော့ ဆိုင်ကယ်တွေ သွားလို့ရပါတယ်။ မြေတူးယာဉ်တစ်စီးနဲ့ ရှင်းလင်းနေပေမယ့် လမ်းက ပွင့်မလာပါဘူး။ ကျွန်တော်ထိုင်နေတဲ့ခုံရဲ့ နောက်တန်းခုံမှာ ထိုင်နေတဲ့ အမျိုးသမီးမှာ တစ်နှစ်နဲ့ သုံးလအရွယ် ကလေးတစ်ယောက် ပါလာပါတယ်။ အဲဒီကလေးက သူ့အမေ ရင်ခွင်ထဲမှာ ငိုနေပါတော့တယ်။

သူ့အမေမှာလည်း ကလေးအတွက် စားစရာဝယ်ပါလာတာ မတွေ့ရပါဘူး။ ဒီလိုရာသီဥတုနဲ့ အချိန်မရွေး အခက်အခဲတွေ့နိုင်တယ်လို့ ယူဆပြီး ဟားခါးကနေ ကျွန်တော်ဝယ်လာတဲ့ ဘီစကွတ်မုန့်ကိုပေးလိုက်မှ ကလေးက အငိုတိတ်သွားပါတယ်။

ညက တဖြည်းဖြည်းနက်လာပေမယ့် လမ်းက ပွင့်မလာပါဘူး။ ကျွန်တော့်ဘေးနားက ခုံမှာတော့ အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ အသားက ညိုညို။ သူနဲ့စကားနည်းနည်းပြောဖြစ်တော့ သူက ဟားခါးကို အဝတ်အထည်တွေ သွားရောင်းတာလို့ဆိုပါတယ်။ အသွားတုန်းက ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီးတက်သွားတာပါ။ အပြန်မှာ မိုးတွေရွာနေတော့ လမ်းမကောင်းတဲ့အတွက် ဆိုင်ကယ်ကို ဟားခါးက သူငယ်ချင်းဆီမှာ ထားခဲ့ပြီး ကားနဲ့ ပြန်ဆင်းလာခဲ့တာလို့ပြောပါတယ်။

Photo – Khin Maung Myint                                   မြေပြိုမှုကြောင့် ကျိုးပျက်သွားသည့် လမ်းထိန်းနံရံကို တွေ့ရစဉ်

သူ့ဆိုင်လိပ်စာကတ်ထုတ်ပေးပြီး ကလေးမြို့ကိုရောက်ရင်လည်း ဆက်သွယ်လို့ရတယ်လို့ ပြောပါတယ်။ သူက ကလေးမြို့ဇာတိပါ။ သူစရောက်တဲ့နေ့ကစပြီး မိုးရွာတော့ အဝတ်တွေလည်း ရောင်းလို့ မကောင်း၊ စားစရိတ်၊ နေစရိတ်ကြီးတော့ အသွားအပြန်သုံးလေးရက်လောက်နေတာ ပိုက်ဆံနှစ်သိန်းလောက် ကုန်သွားတယ်လို့ ညဉ်းညူရင်း ပြောပြပါတယ်။

”ဒီတစ်ခေါက်ဆို အရင်းပါ ပြုတ်သွားတယ်။ နောက်ဆို ဟားခါးကို မသွားတော့ဘူး။ စရိတ်စကတွေ အရမ်း ကြီးတယ်”လို့ ဆိုပါတယ်။

ဒီလိုနဲ့ ည ၁၁ နာရီကျော်သွားတဲ့အထိ ကားလမ်းက ပွင့်မလာပါဘူး။ မြေတူးယာဉ်နဲ့ ရှင်းနေစဉ်အတွင်းမှာပဲ ကားသွားလို့ ရတယ်ထင်ပြီး ခြောက်ဘီးကုန်ကားကြီးတစ်စီးကို ဖြတ်သွားခွင့်ပြုလိုက်တော့ အဲဒီကားရဲ့ ကားရှေ့ဘီးနဲ့ ကားဘန်ဘာထိ ဗွက်ထဲမှာ နစ်သွားပါတော့တယ်။ မြေစာပုံတွေကို ရှင်းလင်းနေတဲ့ မြေတူးယာဉ်ကြီးလည်း ညသန်းခေါင်လောက်မှာ စခန်းကို ပြန်သွားပါတော့တယ်။ အဲဒီနစ်နေတဲ့ကားရဲ့ နောက်မှာ တန်းစီးနေတဲ့ကားတွေက တစ်စီးမှ သွားလို့မတော့တဲ့အတွက် ကားထဲမှာပဲ တစ်ညအိပ်ရပါတော့တယ်။

တောင်ပေါ်အတက်အဆင်း ကားတွေ အကုန်လုံး တောင်ပေါ်မှာ ညအိပ်ကြရပါတယ်။ ညက မှောင်မည်းပြီး တိတ်ဆိတ်နေတယ်။ တစ်ချက်တစ်ချက် ကားဟွန်းတီးသံများကို ကြားရပါတယ်။ နောက်နေ့ မနက် ၅ နာရီ ဝေလီဝေလင်းအချိန်မှ အိပ်ရာကနေ နိုးပါတယ်။ အဲဒီအချိန်မှာမှ မြေပြိုနေတာ အတော်များတာကို တွေ့ရပါတယ်။ တောင်နံရံတွေမှာ မြေပြိုမကျအောင် ထိန်းထားတဲ့ အုတ်နံရံ တွေတောင် ပြိုကျပြီး ပျက်စီးနေတာကို တွေ့ရပါတယ်။

မနက် ၇ နာရီခွဲလောက်မှာ မြေတူးယာဉ်အကြီး တစ်စီးရောက်လာပြီး ပြိုကျနေတဲ့ မြေစာပုံတွေ၊ ကုန်ကားကြီး နစ်နေတဲ့နေရာက ဗွက်တွေကို ရှင်းလင်းပါတော့တယ်။ မနက် ၈ နာရီခွဲ လောက်မှာ ကားတွေ သွားလာလို့ရပြီး ကလေးကို ခရီးဆက်ခဲ့ပါတော့တယ်။ နံနက် ၁၁ နာရီလောက်မှာ ကလေးကို ရောက်ပါတယ်။ နောက်နေ့ တွန်းဇံမြို့ကို သွားဖို့ ကားလက်မှတ်ကို တစ်ခါတည်း ဖြတ်ထားလိုက်ပါတယ်။

တွန်းဇံမြို့သို့ ခရီးစတင်

တွန်းဇံကိုသွားမယ့် ကားဟာ ကလေးမြို့ကနေ မနက်စောစော ၅ နာရီခွဲလောက်မှာ စထွက်ပါတယ်။ ကလေးမြို့ကနေ တီးတိန်မြို့ထိ ထူထပ်နေတဲ့ ဗွက်တွေက ကတ္တရာလမ်းပေါ် နေရာယူထားကြတယ်။ ကျွန်တော်တို့ စီးလာတဲ့ကားကလည်း မောင်းရင်းနဲ့ ဗွက်တောထဲမှာ ပြေးလွှားနေတဲ့ ဖွတ်ကြီးတစ်ကောင်နဲ့ ပိုတူလာပါတော့တယ်။

ကားပေါ်မှာ တွန်းဇံမြို့နယ်၊ ကျီးခါးမြို့က ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမနှစ်ယောက်နဲ့ ဆရာတစ်ယောက် ပါလာပါတယ်။ ကျောင်းဖွင့်ချိန် ဖြစ်တဲ့အတွက် သူတို့ တာဝန်ကျရာကျောင်းတွေကို သွားကြတာပါ။ ဆရာမတစ်ယောက်က မင်းဘူးမြို့က ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကပါ။ ကျောင်းဆရာကတော့ မုံရွာဘက်ကလို့ ပြောပါတယ်။

ကျောင်းစဖွင့်တဲ့ ဇွန်ကနေ နွေရာသီကျောင်းပိတ်တဲ့အချိန်အထိ စာသင်နှစ် တစ်နှစ်ပတ်လုံး အဲဒီဒေသမှာပဲ နေကြပါတယ်။ သီတင်းကျွတ်တို့၊ ဒီဇင်ဘာတို့ ကျောင်းပိတ်ရင်လည်း တာဝန်ကျနေတဲ့နေရာနဲ့ ကိုယ့်ဒေသကို အသွားအပြန် ခုနစ်ရက်လောက် သွားရသလို လမ်းခရီးစရိတ်လည်း အကုန်ကျများတာကြောင့်မပြန်ဘဲ နေလိုက်ကြတယ်လို့ ဆရာမတွေက ပြောပါတယ်။

ကျွန်တော်တို့ဟာ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တီးတိန်မြို့မှာ နေ့လယ်စာ ထမင်းစားပြီး တွန်းဇံမြို့ကို ခရီးဆက်ခဲ့ကြပါတယ်။ တီးတိန်ကနေ တွန်းဇံမြို့ထိတော့ လမ်းသိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။တောင်မြေတွေ ပြိုကျတာကိုလည်း သိပ်မတွေ့ရပါဘူး။

Photo – Khin Maung Myint                                       တွန်းဇံမြို့အဝင်ဆိုင်းဘုတ်

တချို့နေရာတွေမှာ ကားလမ်းကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ မြစ်ဖျားခံလာတဲ့ မဏိပူရ မြစ်ဘေးကနေ ဖောက်လုပ်ထားပါတယ်။ နောက်ကျိကျိ ဖြစ်နေတဲ့ ရေတွေဟာ ညာသံပေးရင်း အရှိန်အဟုန်နဲ့ စီးဆင်းနေပါတယ်။ ကျောက်ဆောင်တွေရှိတဲ့နေရာမှာ လှိုင်းတွေ ထနေတယ်။ တောင်ပေါ်ရောက်တဲ့အခါမှာ တောင်အောက်မှာ ကျန်နေခဲ့တဲ့ မဏိပူရမြစ်ကို လှမ်းကြည့်လိုက်တော့ စိမ်းညို့ ညို့တောင်တန်းတွေကြားမှာ ဧရာမမြွေကြီးတစ်ကောင် ကွေ့ကောက်ပြီး သွားလာနေသလိုပါပဲ။

တောတောင်သဘာဝအလှအပတွေကို ကြည့်လိုက်၊ ကားပေါ်က ဆရာမတွေနဲ့ စကားဖောင်ဖွဲ့လိုက်နဲ့ ညနေ ၃းဝဝ နာရီ ကျော်မှာ တွန်းဇံမြို့ကို ရောက်ပါတယ်။ တွန်းဇံမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၄,၇၄ဝ ရှိပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရ တွန်းဇံမြို့နယ်မှာ လူဦးရေ နှစ်သောင်းကျော် နေထိုင်ကြပါတယ်။

တွန်းဇံမြို့ရဲ့ မြို့တည်ဆောက်ပုံဟာလည်း ချင်းပြည်နယ်ရဲ့ တခြားမြို့တွေအတိုင်း တောင်စောင်းတွေမှာ အိမ်တွေကို ဆောက်ထားကြတာပါ။ အဲဒီမြို့မှာ တည်းခိုခန်းက တစ်ခုပဲ ရှိပါတယ်။ သစ်သားနဲ့ ဆောက်ထားတဲ့ နှစ်ထပ်အဆောက်အအုံပါ။ အောက်ထပ်မှာ အရက်ရောင်းပြီး အပေါ်မှာ တည်းခိုခန်း ဖွင့်ထားတာပါ။

ကျွန်တော်ရောက်တော့ တည်းခိုခန်းမှာ အခန်းလွတ်မရှိတော့ပါဘူး။ အခန်းပြည့်နေရတဲ့ အကြောင်းကတော့ နောက်နေ့မနက်မှာ တွန်းဇံမြို့နယ်နဲ့ ကျီခါးမြို့ကို ဆက်သွယ်ထားတဲ့ မဏိပူရမြစ်ကူး (နတ်ဇန်) တံတားဖွင့်ပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ချင်းပြည်နယ်က ပြည်နယ်ဝန်ကြီးတွေ တက်ရောက်မှာဖြစ်တဲ့အတွက် ပြည်နယ်က အစိုးရဝန်ထမ်းတွေလည်း တွန်းဇံမြို့ကို ရောက်ရှိနေကြတာကြောင့် ဖြစ်ပါတယ်။

နတ်ဇန်တံတားဟာ ၂ဝ၁၅ မိုးရာသီက မြစ်ရေနဲ့အတူ မျောပါသွားပြီး ပျက်စီးသွားခဲ့တာပါ။ တံတားပျက်သွားတဲ့ နောက်မှာတော့ ဒေသခံတွေ သွားရေးလာရေး တော်တော်ကို ဒုက္ခရောက်ခဲ့ကြပါတယ်။ မိုးရာသီမှာဆိုရင် မြစ်ကို သံကြိုးသွယ်တန်းပြီး အဲဒီသံကြိုးမှာ ပုခက်လို့ ပုံစံမျိုးလုပ်ပြီး ပုခက်ထဲမှာ လူတွေ၊ ဆိုင်ကယ်တွေကို ထည့်ကာ မြစ်ရဲ့ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ကူးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောကြတယ်။

Photo – Khin Maung Myint                               တွန်းဇံမြို့နယ်မှ ကျေးရွာတစ်ရွာ

ဘုန်းကြီးကျောင်း(သို့)အောက်ပြည်သားတို့ရဲ့ နားခိုရာ

တည်းခိုခန်းမရတော့ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး သူတို့အိမ်မှာ တည်းခိုရင်ကောင်းမလား စဉ်းစားနေတုန်းမှာပဲ တည်းခိုခန်းပိုင်ရှင်နဲ့ ကျွန်တော် အခန်းအကြောင်း ပြောနေတာကိုကြားသွားတဲ့ တွန်းဇံမြို့ဒေသခံ ကိုဆွင်းကိမ်းက တောင်ပေါ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းရှိကြောင်းနဲ့ မြေပြန့်ဘက်က တက်လာကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေက ဘုန်းကြီးကျောင်းမှာသာ တည်းခိုကြတယ်လို့ သူက ရှင်းပြပါတယ်။

ကိုဆွင်းကိမ်းကပဲ ဘုန်းကြီးကျောင်းကို သူ့ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်။ ကျောင်းက ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းပါ။ ကျောင်းမှာ ဦးဇင်းနှစ်ပါးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ဗုဒ္ဓတက္ကသိုလ်တွေမှာ စာသင်ကြားနေကြတဲ့ ဦးဇင်းတွေပါ။ ဒီကျောင်းကို တက္ကသိုလ်ကနေ အလှည့်ကျ တာဝန်ချပေးတဲ့အတွက် လာရောက်ပြီး ကျောင်းထိုင်ကြရတာပါ။ ဒီကျောင်းမှာ တာဝန်ကျတဲ့ ဦးဇင်းတွေဟာ နှစ်နှစ်သက်တမ်း နေကြရပါတယ်။

ကျောင်းထိုင်ဦးဇင်းနဲ့ တွေ့ပြီး ကျောင်းမှာ ညအိပ်ဖို့ လျှောက်ပါတယ်။ ဦးဇင်းကလည်း တည်းခိုလို့ရကြောင်း ပြောပါတယ်။ ကျွန်တော် ကျောင်းကို ရောက်တဲ့အချိန်မှာ ကျောင်းဆရာမနှစ်ယောက်နဲ့ ကျောင်းဆရာ နှစ်ယောက် တည်းခိုနေတာကိုလည်း တွေ့ရပါတယ်။

ကျောင်းထိုင်ဦးဇင်းကတော့ ”ဒကာလေး၊ ဘာမှ အားနာစရာမလိုဘူး။ ဒီမှာက အောက်က တက်လာတဲ့ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီကလူတွေ အကုန်လုံးဒီမှာပဲ တည်းခိုကြတယ်။ ဒီနေ့ပဲ ကုမ္ပဏီဝန်ထမ်းတွေ ပြန်သွားတယ်။ အခု ဆရာ၊ ဆရာမတွေပဲရှိတယ်”လို့ မိန့်ကြားပါတယ်။

ကျောင်းမှာ တည်းခိုနေတဲ့ ဆရာမနှစ်ယောက်မှာ ကလေးမြို့နယ်က တစ်ယောက်နဲ့ ဂန့်ဂေါမြို့နယ်က တစ်ယောက်ပါ။ သူတို့မြို့နယ်တွေမှာ ကျောင်းဆရာမ လျှောက်ပေမယ့် မပါတဲ့အတွက် ဆရာမ လိုအပ်ချက်ရှိနေတဲ့ ဒီတောင်ပေါ်ဒေသမှာ ဆွဲခန့်ဆရာမအဖြစ် လာလျှောက်ကြတာလို့ ဆိုပါတယ်။ တရားဝင်ဝန်ထမ်း မဖြစ်သေးပါဘူး။ အခုဆိုရင် သူတို့ဟာ အိန္ဒိယနယ်စပ်မျဉ်းနဲ့ ခြောက်မိုင်လောက်သာ ဝေးတော့တဲ့ ကျီခါးမြို့ထဲက ကျေးရွာတွေမှာ တာဝန်ကျနေကြတာပါ။ မိုးတွင်းမှာဆို တွန်းဇံကနေ သူတို့တာဝန်ကျနေတဲ့ကျေးရွာကို ဆိုင်ကယ်စရိတ်က တစ်သိန်းဝန်းကျင်ထိ ပေးရတယ်လို့ ဆိုပါတယ်။

ကျွန်တော့်မှာ ပါတဲ့ အထုပ်အပိုးတွေကို ကျောင်းမှာ ထားခဲ့ပြီး တောင်အောက်ကို ပြန်ဆင်းလာခဲ့ပါတယ်။ ပြီးတော့ ကိုဆွင်းကိမ်းဆိုင်ကယ်နဲ့ပဲ မြို့ကို လိုက်ပတ်ကြည့်ပြီး တွန်းဇံကို မလာခင်ကတည်းက အင်တာဗျူးလုပ်ဖို့ ကြိုပြီး ဆက်သွယ်ထားတဲ့သူတွေနဲ့ တွေ့ဆုံဖို့လုပ်ပါတယ်။ ညနေစာစားပြီး ည ၈ နာရီ လောက်မှာ ကျောင်းပေါ် ပြန်တက်လာခဲ့ပါတယ်။ ကျောင်းထိုင်ဦးဇင်းက ကျောင်းမှာ ထမင်းစားလို့ရကြောင်းပြောပါတယ်။ ဆရာမတွေကလည်း ထမင်းထည့်ချက်ထားကြောင်း ပြောပါတယ်။

Photo – Khin Maung Myint                         တွန်းဇံမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တွေ့ရသည့် ကလေးငယ်များ

ကျောင်းမှာ ဧည့်သည်တွေလာတဲ့အခါ ညအိပ်ဖို့ ဂွမ်းကပ်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေက အဆင်သင့်ပါပဲ။ ကျွန်တော်လည်း ဂွမ်းကပ်တစ်ခု၊ စောင်နှစ်ထည်၊ ခေါင်းအုံးတစ်လုံး ယူလိုက်ပြီး ဓမ္မာရုံထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ရှေ့မှာ ခင်းပြီး အိပ်လိုက်ပါတော့တယ်။ လူကလည်း ပန်း၊ မိုးကလည်း ရွာ၊ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်နေတော့ ခဏအတွင်းမှာပဲ အိပ်ပျော်သွားပါတော့တယ်။

ဆရာမတွေက မနက်စောစောထပြီး ဦးဇင်းတွေအတွက် အာရုံဆွမ်းချက်ထားပါတယ်။ ကိုရင်ငယ်သုံးပါး၊ ကျောင်းဆရာနှစ်ယောက်၊ ဘုန်းကြီးကျောင်းသားတစ်ယောက်နဲ့ ကျွန်တော့်အတွက်ပါ ထမင်းချက်ထားပါသေးတယ်။ ဆရာ၊ ဆရာမတွေကတော့ မနက်စာ ထမင်းစားပြီးတာနဲ့ သူတို့တာဝန်ကျနေတဲ့ ကျေးရွာက ဆိုင်ကယ်နှစ်စီးနဲ့ လာခေါ်တဲ့အတွက် လိုက်သွားကြပါတယ်။ ဆရာနှစ်ယောက်ကလည်း သူတို့တာဝန်ကျနေတဲ့ ရွာကို ထွက်သွားကြတော့ ကျွန်တော်လည်း ဆိုင်ကယ်တစ်စီးငှားပြီး ကျေးရွာတွေကို သတင်းယူဖို့ ထွက်ခဲ့ပါတော့တယ်။

ဒေသခံရွာသားတွေဟာ တောင်ယာအလုပ်ကိုပဲ အဓိက လုပ်ကိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာ ရာသီဥတုက ဖောက်ပြန်၊ သီးနှံတွေက အထွက်နှုန်းတွေကျနဲ့ဆိုတော့ တောင်ယာအလုပ်ကို စိတ်ကုန်နေကြပါပြီ။ ကျေးရွာကနေ ညနေ ၆ နာရီလောက်မှ ဘုန်းကြီးကျောင်းကို ပြန်လာခဲ့ပါတယ်။

ဘာသာမခွဲခြား ကျောင်းသားလေးများ

တွန်းဇံမြို့မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေဟာ ခရစ်ယာန်ဘာသာဝင်တွေများပါတယ်။ မြေပြန့်ဒေသတွေကနေ တာဝန်ကျလာတဲ့ အစိုးရဝန်ထမ်းအနည်းငယ်လောက်သာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ကျောင်းအတွက် လိုအပ်တဲ့ ဝေယျာဝစ္စတွေကိုလည်း အဲဒီမြို့မှာတာဝန်ကျနေတဲ့ ဗုဒ္ဓဘာသာ အစိုးရဝန်ထမ်းတွေ၊ ကျောင်းမှာ လာတည်းခိုကြတဲ့ ဆရာ၊ ဆရာမတွေဆီက လှူဒါန်းထားကြတာ ဖြစ်တယ်လို့ ကျောင်းမှာရှိနေတဲ့ ကျောင်းတာဝန်ခံနှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ဦးဇင်းဦးဓမ္မဝံသက မိန့်ပါတယ်။

အဲဒီအပြင် ကျောင်းမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလည်း ဖွင့်ထားပါသေးတယ်။ သူငယ်တန်းကနေ လေးတန်းအထိပါ။ ပြီးခဲ့တဲ့နှစ်က ကျောင်းသူ၊ ကျောင်သား ၆ဝ ဝန်းကျင်လောက်ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။ အဲဒီထဲမှာ ဗုဒ္ဓဘာသာကျောင်းသားက သုံး၊ လေးယောက်ပဲ ပါပါတယ်။ ကျန်တာ အကုန် ခရစ်ယာန်ဘာသာဝင်ကလေးတွေပါ။ ကျောင်းမှာရှိနေတဲ့ ဦးဇင်းနှစ်ပါးကိုယ်တိုင်လည်း ကလေးတွေကို စာဝင်ပြကြရပြီး ဆရာမနှစ်ယောက်လည်း ခန့်ထားပါတယ်။ အဲဒီဆရာမတွေကလည်း ခရစ်ယာန်ဘာသာဝင်တွေပါ။ ဆရာမတစ်ယောက်ကို လစာအဖြစ် ခုနစ်သောင်းကျပ်သာ ပေးနိုင်တယ်လို့ မိန့်ပါတယ်။

”သူငယ်တန်းကနေ နှစ်တန်းလောက်ထိက မြန်မာစကားကို ဘာမှနားမလည်သေးဘူး။ အဲဒီအတန်းတွေကို ဒေသခံဆရာမက ချင်းဘာသာစကားနဲ့သင်တယ်။ သုံးတန်းနဲ့လေးတန်းကတော့ ဦးဇင်းတို့မြန်မာစကားပြောသံတွေကို အမြဲကြားနေတော့ နည်းနည်းနားလည်လာပြီ။ သူတို့ကိုတော့ ဦးဇင်းတို့လည်း သင်တယ်”လို့ ဦးဓမ္မဝံသက မိန့်ပါတယ်။

ကျွန်တော် ဘုန်းကြီးကျောင်းကိုရောက်တော့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားလေးတစ်ယောက်ရှိပါတယ်။အသက်ကတော့ ၁ဝ နှစ်ဝန်းကျင်လောက်ရှိမှာပါ။ ကျွန်တော်ကျောင်းကို ရောက်ပြီး နောက်တစ်နေ့ညနေဘက်မှာ အဲဒီကျောင်းသားလေးရဲ့ အမေနဲ့ အဖေက သူ့သားအတွက် အဝတ်အစားတွေ လာပို့ပါတယ်။ သူတို့ဘာတွေ လုပ်ကြတယ်ဆိုတာကို မေးဖြစ်တော့ ပန်းရန်လုပ်တယ်လို့ ဆိုပါတယ်။ သူတို့ အိမ်ကို ပြန်သွားမှ ကျောင်းက ဦးဇင်းပြောပြမှဘဲ သူတို့လည်း ခရစ်ယာန်မိသားစုဆိုတာကို သိရပါတယ်။

Photo – Khin Maung Myint                                       တွန်းဇံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တွေ့ရသည့် ကလေးငယ်များ

”ဒီမြို့မှာက မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့သူ သိပ်မရှိဘူး။ ဒီကျောင်းမှာ လာထားကြတယ် ဆိုတာလည်း သူတို့သားသမီးတွေကို မြန်မာစကားတတ်ချင်လို့နဲ့တူပါတယ်။ တနင်္ဂနွေနေ့ဆို ဒီကျောင်းမှာတက်နေတဲ့ ကလေးတွေက(ခရစ်ယာန်)ဘုရားကျောင်းကို သူတို့မိဘတွေနဲ့အတူ သွားကြတာပဲလေ”လို့ ဦးဓမ္မဝံသက မိန့်ကြားပါတယ်။

အဲဒီလို ဘကကျောင်းက ကလေးတွေဟာ ခရစ်ယာန်ဘာသာဝင်တွေဆိုတာကို သိလိုက်ရတော့ ကျွန်တော့်စိတ်မှာ အတွေးတွေ ဝင်လာပါတယ်။ လူတစ်ယောက်အတွက် ဘာသာတရားဆိုတာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ်မှာသာ မူတည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးပြီ။ လူတွေလည်း သေဆုံးခဲ့ပြီးပြီ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိတဲ့နိုင်ငံမှာ ဘာသာဝင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြား၊ ဘာသာတစ်ခုနဲ့ တစ်ခုကြား အပြန်အလှန် လေးစားမှု၊ နားလည်မှုတွေနဲ့နေထိုင်ကြရင် ဒီလောက်ကြီးမားတဲ့ပြဿနာ ဖြစ်စရာအကြောင်းမရှိနိုင်ဘူးလို့ တွေးနေမိတယ်။

မနက်ပိုင်းကျတော့ ကျောင်းမဖွင့်သေးပေမယ့် ကလေးငယ် ၁ဝ ယောက်ကျော်က ဓမ္မာရုံရှေ့က မြေကွက်လပ်မှာ လုပ်ထားတဲ့ဒန်းတွေမှာ လာပြီး ဆော့နေကြပါတယ်။ တချို့ကလေးတွေဆို ခပ်ညစ်ညစ် ကျောင်းစိမ်းအင်္ကျီလေးတွေကို ဝတ်ထားပါတယ်။ ဒီလိုကလေးအရွယ်တွေဆို ပိုပြီး ဖြူစင်သေးတယ်။ ဘာသာရေးအကြောင်းကို သူတို့နားမလည်သေး။ သူတို့အတွက်ဆော့မယ်။ ပျော်မယ်။ ဒါဟာ သူတို့အတွက် အဓိကပါ။

ဘုန်းကြီးကျောင်းမှာ နှစ်ညတာအိပ်ပြီးတဲ့နောက်နေ့မှာတော့ ကျွန်တော် တွန်းဇံကို နှုတ်ဆက်ပြီး ကလေးမြို့ကို ပြန်လာခဲ့ပါတော့တယ်။ ဒီတစ်ခါတော့ လမ်းပိတ်ပြီး တောင်ပေါ်မှာ ညမအိပ်ရပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ လာရာလမ်းတစ်လျှောက် ထုံးစံအတိုင်း မြူတွေက ကျွန်တော့်ကို ဆီးကြိုနေပါတယ်။ ကားမှန်ကိုဖွင့်ပြီး ရန်ကုန်မှာ မရှူရတဲ့ လေကောင်းလေသန့်ကို တဝကြီး ရှူပစ်လိုက်ပါတယ်။ ကျွန်တော်စီးလာတဲ့ ကားမှာလည်း တောင်အမြင့်ကနေ အနိမ့်ပိုင်းကို တဖြည်းဖြည်း ဆင်းလာပါတော့တယ်။

နောက်နေ့မှာတော့ ကလေးကနေ ရန်ကုန်ကို လိုက်လာခဲ့ပါတော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ချင်းပြည်နယ်ရဲ့ အေးစိမ့်စိမ့်ရာသီဥတုတွေ၊ ညို့ ညို့ဆိုင်းဆိုင်းတောင်တန်းကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ ဒေသခံတွေရဲ့ ပွင့်လင်းရိုးသားမှုတွေကိုတော့ အမှတ်ရနေမိတယ်။ ချင်းပြည်နယ်ကို အလုပ်ကိစ္စမဟုတ်ဘဲ အပန်းဖြေခရီးအနေနဲ့လည်း သွားလည်ချင်ပါသေးတယ်။ နောက်ကြုံရင် ပြန်ဆုံနိုင်ဖို့လည်း မျှော်လင့်နေမိပါတယ်။   ။

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

 

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."