မဏိပူရ မြစ်ချိုင့်ဝှမ်းမှ ဖလမ်းမြို့သို့ သွားရာ တောင်ပေါ်လမ်း။
(၁)
ဖြူလွလွ တိမ်တောင် တိမ်တိုက်များ အထက်တွင် တည်ငြိမ်စွာ ပျံဝဲနေသော လေယာဉ်သည် ကလေးမြို့ ရှိရာသို့ ဆင်းသက်ရန် ပြုလေ၏။ မြေပြင်နှင့် နီးကပ်လာသည်နှင့် အမျှ အထပ်ထပ် ရစ်ပတ် ဖွဲ့တည် နေသော တောင်တန်းများကို မြင်ရတော့သည်။
ရံဖန်ရံခါတွင် တောင်ကုန်းငယ်များကို ရစ်ပတ်၍ ဖောက်လုပ်ထားသော တောင်ယာသွားလမ်းများအား တွေ့ရ၏။ ရံဖန်ရံခါတွင် လျှိုမြောင်များ အကြားတွင် သစ်ထုတ်လုပ်ရေး အဖွဲ့များ ဖောက်လုပ်ထားဟန် တူသော မြေသားလမ်းများကို မြင်ရ၏။ ရံဖန်ရံခါတွင် တောင်ယာ ရှိရာ နေရာ တဝိုက်မှ တလူလူ လွင့်တက်နေသော မီးခိုးများကို တွေ့ရလေသဖြင့် တောင်ယာ လုပ်ငန်းခွင် ဝင်နေသူများ ရှိနေကြောင်း သိရသည်။
ခေတ္တမျှ ကြာပြီးနောက် လေယာဉ်သည် ကလေးမြို့ ရှိရာ လွင်ပြင်သို့ ဆင်းသက်ရန် အလို့ငှာ တောင်တန်းများ အကြားတွင် ဝေ့ကာ ဝိုက်ကာ ပျံသန်းလေ၏။ ကလေးမြို့ တည်ရှိရာ လွင်ပြင်မှာ ကျယ်ပြန့်လှပါဘိတောင်း။
မြေပြင်နှင့် ပို၍ နီးကပ်လာသဖြင့် စိုက်ခင်းများကို ထင်ရှားစွာ မြင်ရတော့သည်။ စိမ်း တစ်ကွက်၊ ညို တစ်ကွက်၊ ဝါ တစ်ကွက်ဖြင့် ပနံရနေသော လွင်ပြင်တွင် တငြိမ့်ငြိမ့် ရစ်ခွေ စီးဆင်းနေသည့် မြစ်သာမြစ်ကို မြင်ရသည်မှာ လွမ်းမောဖွယ် ကောင်းလှတော့သည်။
ကလေး-ဖလမ်း-ဟားခါး လမ်းမ တစ်နေရာမှ မြင်ရသော ချင်းတောင်တန်း။
(၂)
ကလေးမြို့သို့ ရောက်ချေပြီ။
ကလေးမြို့ အတွင်းသို့ ဝင်ရောက်သည်နှင့် တစ်ပြိုက်နက်တည်း သတိပြုမိသည်မှာ လမ်းဘေး ဝဲယာရှိ ကုက္ကိုပင်ကြီးများ ဖြစ်၏။ စာရေးဆရာကြီး သိပ္ပံမောင်ဝ၏ ဆိုနည်းကားဖြင့် ဆိုရလျှင် ကလေးမြို့ရှိ ကုက္ကိုပင်ကြီးများသည် ကြီးကလည်း ကြီး၊ မြင့်ကလည်း မြင့်၊ နည်းနည်းနောနော မဟုတ် ဧရာမ ကုက္ကိုပင်ကြီးများ ဖြစ်ချေ၏။ ကုက္ကိုပင်များ၏ အရိပ်အာဝါသကို အမှီပြု၍ မြို့တွင်းသို့ ဝင်ရောက်ရင်း မောင်မင်းကြီးသား ကုက္ကိုပင်ကြီးများ သက်ရာကျော် ရှည်၍ အေးမြသော အရိပ် အာဝါသကို ဆက်လက်၍ ပေးစွမ်းနိုင်ပါစေသတည်း ဟု ဆုတောင်းမိတော့သည်။
ကလေးမြို့သို့ မောင်ကျပ်ခိုး ရောက်ရှိချိန်နှင့် မြန်မာနိုင်ငံ သမ္မတလောင်း ရွေးချယ်ချိန် တိုက်ဆိုင်နေလေသဖြင့် လက်ဘက်ရည်ဆိုင်များတွင် သမ္မတလောင်း ခန့်မှန်းချက်တို့ ဖုံးလွှမ်းနေသည်ကို ကြားရ၏။ လက်ဘက်ရည် သောက်သုံးသူတို့မှာ သမ္မတလောင်း ရွေးချယ် တင်မြှောက်ရေး ကော်မတီဝင်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြဟန် တူသည်။ ကောင်းလေစွ … မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ ဤသို့ စိတ်လှုပ်ရှားခွင့် မရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လော။
(၃)
နောက်တစ်နေ့ နံနက်ခင်းတွင် မောင်ကျပ်ခိုးသည် ကလေးမြို့မှ ထွက်ခွာ၍ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့သို့ ခရီး ဆက်၍ နှင်ရပြန်သည်။
ကလေး – ဖလမ်း – ဟားခါး လမ်းမကြီးကို ချဲ့ထွင် ပြင်ဆင်မှုများ ဆောင်ရွက်နေသဖြင့် ခရီးသွားချိန် ပုံမှန်ထက် ပို၍ ကြာမြင့်မည်၊ ဟားခါးမြို့သို့ ညနေ (၅) နာရီခန့်တွင် ရောက်မည် ဟု ကားဆရာက ကြိုတင် သတိပေး၏။ မောင်ကျပ်ခိုးမှာ ခြေရှည်သူ ဖြစ်သဖြင့် ခရီးရှည်လေ ပိုကောင်းလေ ဟု တွေးမိတော့သည်။
ကုက္ကိုပင်ကြီးများဖြင့် ခြံရံထားသော ကလေးမြို့ လမ်းမကြီးမှ ထွက်ခွာပြီး တစ်ခဏ အကြာတွင် ဖောက်လုပ်လက်စ ကတ္တရာ လမ်းမကြီးထက်သို့ ရောက်ရှိသွား၏။ ဂျပန်နိုင်ငံတော် အစိုးရ၏ ကူညီမှုဖြင့် ဖောက်လုပ်နေသော လမ်းပိုင်းဖြစ်သည် ဟု ကားဆရာက ဆိုသည်။ ထို လမ်းပိုင်းမှာ အတော်ပင် ကောင်း၏။ ကျယ်လည်း ကျယ်၏။ ညီညာ ပြန့်ပြူး၏။ ကား နှစ်စီး ကောင်းမွန်စွာ သွားနိုင်ပေသည်။ မောင်မင်းကြီးသား ဂျပန်များ ကျန်းမာပါစေကုန်သတည်း။
အတန် ကြာပြီးနောက်တွင် ဂျပန် အကူအညီဖြင့် ဖောက်လုပ်နေသော လမ်းအဆုံးသို့ ရောက်သွားပြီး ကတ္တရာ လမ်းမကြီး အစား မြေသား လမ်းမကြီးနှင့် ဆုံရတော့သည်။ တောင်တက်လမ်းမှာလည်း တဖြေးဖြေး မတ်စောက် ကျဉ်းမြောင်းလာ၏။ ဖုန်လုံးကြီးများ တလိပ်လိပ် ထနေသော မြေသားလမ်း တစ်လျှောက်တွင် ဖြိုလက်စ တောင်နံရံများ၊ ကျောက်သားများ ပြန့်ကျဲနေလေ၏။ လမ်းနံဘေး တောင်ကမ်းပါးယံတွင် ကပ်၍ ပေါက်နေသော သစ်ပင်များတွင် ဖုန် အလိပ်လိပ် ကပ်ငြိနေသည်ကို မြင်ရ၏။
လမ်းကွေ့ တစ်ကွေ့ကို ကျော်လွန်ပြီးသည်နှင့် တပြိုက်နက် မြေတူး မြေကော် စက်ယန္တရားကြီးများ လမ်းဘေးမှ ဘွားခနဲ ထွက်ပေါ်လာလေ၏။ ကျပ်တည်း ကျဉ်းမြောင်းသော လမ်းထက်တွင် စက်ယန္တရားကြီးများ လုပ်ငန်းခွင် ဝင်နေသဖြင့် ခရီး ဆက်ရန် မဖြစ်တော့။ လုပ်ငန်းခွင် ပြီးဆုံးသည် အထိ စောင့်ဆိုင်းမှ ဖြစ်တော့မည်။
မောင်ကျပ်ခိုးသည် ကားပေါ်မှ ဆင်း၍ လမ်းပြုပြင်ရေး အဖွဲ့များကို စပါးရော၊ ဖွဲရော လုပ်ရန် ကြံလေသည်။ လမ်းပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံများနှင့် စကားစမြည် ပြောကြည့်လိုက်လျှင် ဒေသ အကြောင်းကို ပို၍ သိနိုင်မည် မဟုတ်လော။ အဖျင်းဆုံး လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပွားသော တောင်ပြိုကျမှု၏ နောက်ဆက်တွဲ လူမှုစီးပွားရေး အကျိုးဆက်များကို ဒေသခံတို့ထံမှ ကြားနာခွင့် ရလျှင် မဆိုးလှဟု တွေးမိသည်။
ဖလမ်း-ဟားခါး လမ်းမကြီး တစ်နေရာတွင် လမ်း ပြုပြင်မှုများ ဆောင်ရွက်နေစဉ်။
မောင်ကျပ်ခိုး မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်သွားသည်။ လမ်းပြုပြင်ရေး လုပ်ငန်းခွင် ကြီးကြပ်သူမှာ ဒေသခံ မဟုတ်။ မုံရွာသား ဖြစ်နေလေ၏။ မောင်ကျပ်ခိုး ဇွဲ မလျှော့သေး။ “လမ်းလုပ်သားတွေ အထဲမှာ ဒေသခံတွေ ပါသလား” ဟု မေးကြည့်မိပြန်သည်။ “တစ်ယောက်မှ မပါဘူး အစ်ကိုရဲ့။ ဒီလူတွေ အကုန်လုံး မုံရွာနယ်က တက်ပြီး လုပ်နေကြတာ” ဟု လမ်းကြီးကြပ်ရေးမှူးက ဆိုသည်။
မောင်ကျပ်ခိုးမှာ စာတိုပေစ မတောက်တခေါက် ဖတ်ပြီး လောကကြီးကို အခြောက်တိုက် အပြစ်တင်နေသူ ဖြစ်လေရာ လမ်းကြီးကြပ်ရေးမှူး၏ စကားကြောင့် ဒေါသ တခြောင်းခြောင်း ထွက်သွားလေသည်။
“တခြား ဒေသက လူတွေကို ခေါ်လာပြီး လမ်းပြုပြင်ရေး လုပ်တော့ ဒီနယ်က ဒေသခံတွေ အလုပ်အကိုင် မရဘူး ဖြစ်နေမှာပေါ့။ ဘယ်လိုကြောင့် ဒေသခံတွေကို လုပ်ငန်းခွင်မှာ မခန့်တာလဲ” ဟု မောင်ကျပ်ခိုးက ဘောက်တိဘောက်ဆတ် လေသံဖြင့် မေးလိုက်သည်။
လမ်းကြီးကြပ်ရေးမှူးကလေး အူကြောင်ကြောင် ဖြစ်သွားသည်။ “အဲဒါတော့ မသိဘူးဗျ။ ဒီ လမ်းလုပ်သားတွေကို အရင် လုပ်တဲ့ Site (လုပ်ငန်းခွင်) ကနေ ကန်ထရိုက်တာ (Contractor) က ခေါ်လာတာပဲ။ သူ ရစရာ ရှိတဲ့ အကြွေးကို လုပ်အားနဲ့ နှိမ်စရာ ရှိလို့ ဆက်ပြီး ခေါ်လာသလားတော့ မပြောတတ်ဘူး” ဟု ဖြေသည်။
မောင်ကျပ်ခိုး ငိုင်ကျသွားလေသည်။
လမ်းကြီးကြပ်ရေးမှူးက ဆက်၍ “ကျွန်တော် သိသလောက် ဆိုရင် ဒီ ချင်းပြည်နယ်မှာ အလုပ် လုပ်နိုင်တဲ့ လူငယ်တွေ သိပ်ပြီး မနေကြတော့ဘူးဗျ။ တချို့ကလည်း ရန်ကုန်၊ မန္တလေးကို ဆင်းပြီး အလုပ် လုပ်ကြရတယ်။ တချို့ကလည်း မလေးရှားကို ထွက်ကြတော့ ဒီမှာ ကျန်တာ ဆိုလို့ လူကြီးတွေပဲ ရှိတော့တယ်။ ကျန်နေသူတွေကလည်း သူတို့ တောင်ယာ လုပ်ငန်းတွေနဲ့ လည်ပတ်နေတာ ဆိုတော့ ယာယီ နေ့စား လုပ်သား ရှာရတာ ထင်သလောက် လွယ်မှာ မဟုတ်ဘူး။ ဒီလိုနဲ့ အပေါ်ကလူ အောက်ရောက်၊ အောက်ကလူ အပေါ်ရောက် ဖြစ်သွားတာ နေမယ်” ဟု မှန်းဆ သုံးသပ်သည်။
သူ့ သုံးသပ်ချက် မည်မျှ မှန်ကန်မှု ရှိမည်၊ မရှိမည်ကို မောင်ကျပ်ခိုး မသိပြီ။ သို့သော် အတန်ပင် ယုတ္တိရှိသော သုံးသပ်ချက် ဖြစ်သည်။ မောင်ကျပ်ခိုး မကျေနပ်သေး။ သူ မတောက်တခေါက် လေ့လာဖူးသော နိုင်ငံရေး ဘောဂဗေဒ သဘောတရားများကို ထည့်သွင်း ဆင်ခြင်ပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ပေါ်နေသော ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းမှု (Migration) ကို တွေးမိသည်။ ထိုမှ တစ်ဆင့် ရွှေ့ပြောင်းမှု၏ နောက်ဆက်တွဲ လူမှုရေး ဖြစ်စဉ်များကို ချဲ့ကား စဉ်းစားမိပြန်သည်။
မောင်ကျပ်ခိုး တစ်ယောက်တည်း စဉ်းစားလေလေ စိတ်ညစ်ရလေလေ ဖြစ်လာသဖြင့် လမ်းဘေးရှိ ခဲလုံး တစ်လုံးကို ချောက်ထဲသို့ ကန်ချပြီး ပြာလွင်သော ချင်းတောင်တန်းကြီးကို အကြောင်းမဲ့ စိုက်၍ ကြည့်နေမိတော့သည်။ သို့သော် အလုပ်အကိုင် ရှားပါးမှု ပြဿနာသည် မောင်ကျပ်ခိုး၏ အတွေးမှ ထွက်ခွာသွားခြင်း မရှိသေးသောကြောင့် လှပသော ချင်းတောင်တန်းကြီးပင်လျှင် သူ့အမြင်တွင် ပြာနှမ်းနှမ်း မွဲခြောက်ခြောက် ဖြစ်လာလေ၏။
(၄)
အတန်ငယ် ကြာပြီးနောက် လမ်းပြုပြင်မှု ပြီးဆုံးသွားသဖြင့် လမ်းကြီးကြပ်ရေးမှူးကလေးကို နှုတ်ဆက်ကာ မောင်ကျပ်ခိုး ခရီး ဆက်လေသည်။
တောင် တဖြေးဖြေး မြင့်လာ၏။ တောင်နံရံကို ဖြိုချပြီး ဖောက်လုပ်ထားသော လမ်းမှာ ကျဉ်းမြောင်း မတ်စောက်လွန်းလှသည်။ လမ်းတစ်ဘက်တွင် အထိန်းအကွပ် မရှိသော မြေသားနံရံ၊ အခြား တစ်ဘက်တွင်မူ အသူတစ်ရာ နက်သော ချောက်ကြီး။ ဤ လမ်းခရီးကို ဖြတ်သန်းရသည်မှာ ခြောက်ခြားဖွယ် ကောင်းလှတော့သည်။
ဖလမ်းမြို့နှင့် နီးကပ်လာသည်နှင့် အမျှ ချင်းရိုးရာ ကျေးလက် လူနေမှု ဓလေ့ကို စ၍ မြင်ရတော့သည်။ တောင်စောင်းကို မေးတင်၍ ဆောက်လုပ်ထားသော ချင်းရိုးရာ အိမ်ကလေးများကို ကြည့်ရသည်မှာ မျက်စိ ပသာဒ ရှိလှသည်။ ထင်းစည်းများ ကျောပိုး၍ အိမ်ပြန်လာသော ချင်း အမျိုးသမီးကြီးများကို တစ်ခါတစ်ရံ မြင်ရသည်။ ရွာလမ်း တစ်လျှောက်တွင် ခွေ၍ အိပ်နေသော ချစ်စဖွယ် အမွှေးစုတ်ဖွား ချင်းခွေးကလေးများကို တွေ့ရ၏။
ထင်းခွေရာမှ ပြန်လာသော ချင်း အမျိုးသမီး တစ်ဦး။
ချင်းကျေးရွာများ၏ ရွာဝင် ရွာထွက်တွင် စိုက်ထူထားသော မော်ကွန်း ကျောက်စာတိုင်များကို မြင်ရသည်မှာ တစ်မျိုး ဆန်းကြယ်လှ၏။ မောင်ကျပ်ခိုးမှာ ချင်းစကား မတတ်သဖြင့် ကားဆရာကို အကူအညီ တောင်း၍ မော်ကွန်း ကျောက်စာ အကြောင်းကို မေးရတော့သည်။ မော်ကွန်း ကျောက်စာတိုင်တွင် ကွယ်လွန်သူ၏ ဘ၀ တစ်လျှောက် ကြုံတွေ့ရသော ထူးခြား ဖြစ်စဉ်များကို စာစီကုံး၍ ရေးသားထားသည် ဟု သိရ၏။
သို့နှင့် ခရီး ဆက်၍ နှင်လေရာ တစ်တောင်ပြီး တစ်တောင် ကျော်၍ တစ်တောပြီး တစ်တော ဖြတ်ခဲ့ရသည်။ မြင့်ရာ အရပ်သို့ တဖြည်းဖြည်း ရောက်ရှိလာသဖြင့် အအေးဓာတ် ပို၍ ပို၍ စိုးမိုးလာသည်။
ရာသီလွန် တောင်ဇလပ်ပန်းများ ဟို တစ်ပွင့်၊ သည် တစ်ပွင့် ပွင့်ဖူးနေသည်ကို တွေ့ရသဖြင့် ချင်းတောင်တန်း၏ အငွေ့အသက် ပို၍ ပြည့်စုံလာသည် ဟု ထင်မိတော့သည်။ နယ်ခံ မိတ်ဆွေများ တိုက်တွန်းသဖြင့် တောင်ဇလပ်ပန်း တစ်ပွင့်ကို ခူးပြီး မြည်းကြည့်ခဲ့သေးသည်။ ချဉ်ဖြုံ့ဖြုံ့ အရသာ ရှိ၏။
ချင်းပြည်နယ်၏ သင်္ကေတ ဖြစ်သော တောင်ဇလပ်ပန်း။
ခြောက်သယောင်းနေသော မြက်ရိုင်းတောများ၊ ရွက်ကြွေတောများကို ကျော်လွန်ပြီးနောက် ချိုင့်ဝှမ်းအတွင်းသို့ ဆင်းရလေသည်။ ချိုင့်ဝှမ်းနံရံကို မြှောင်၍ ဖောက်လုပ်ထားသော ကွေ့တိကွေ့ကောက် တောင်ပတ်လမ်းကို ဖြတ်သန်းပြီးနောက် တောင်နှစ်လုံး အကြားတွင် တသွင်သွင် စီးဆင်းနေသော မဏိပူရမြစ်ကို တွေ့ရ၏။
နွေဦးရာသီ ဖြစ်သဖြင့် မြစ် အတွင်းဝယ် ရေ အနည်းသာ ရှိ၏။ တဖိတ်ဖိတ် တောက်ပနေသော မြစ်ရေကား ကြည်လင်လှ၏။ မြစ်ကြမ်းပြင်ရှိ ကျောက်တုံးများကိုပင် မြင်ရ၏။ ဗားရ်မြစ်ကူး တံတားပေါ်မှ မြင်ရသည့် မြင်ကွင်းမှာ ကြည်နူးဖွယ် ကောင်းလှ၏။ မိုးဦးရာသီ ဆိုလျှင် ပို၍ လှပေလိမ့်မည်။
ဗားရ် မြစ်ကူးတံတားပေါ်မှ မြင်ရသော မဏိပူရမြစ်။
မဏိပူရမြစ်ကို ဗားရ်တံတားဖြင့် ကျော်လွှား၍ ဖလမ်းမြို့သို ဆက်ရလေ၏။ ဖလမ်းမြို့နှင့် နီးလေလေ၊ လမ်းပြုပြင်ရေး လုပ်ငန်းများနှင့် ကြုံရလေလေ ဖြစ်သဖြင့် ကားကို မကြာခဏ ရပ်၍ စောင့်ဆိုင်းရသည်။ တစ်ခါစောင့်လျှင် နာရီဝက်ခန့်မျှ ကြာတတ်သည်။
ကားလမ်း ပိတ်ဆို့ခိုက်တွင် လမ်းပြုပြင်ရေး အဖွဲ့များနှင့် စကားစမြည် ပြောကြည့်မိသည်။ ဤ လမ်းအဖွဲ့ဝင်များမှာလည်း မြေပြန့်မှ တက်လာသူများပင် ဖြစ်၏။ မိုးရာသီ ကုန်ဆုံးချိန်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မိုး မကျမီ လုပ်ငန်း သိမ်းကာ နေရပ်သို့ ပြန်ကြမည် ဟု ဆိုသည်။ မြေတူးစက် ယန္တရားများ ကို ကုန်တင်ကားဖြင့် ချင်းပြည်နယ်သို့ သယ်ယူလာရာ တောင်တက်လမ်း အကွေ့တွင် ဟန်ချက် ပျက်ပြီး မြေတူးစက် (၂) စီး ချောက်ထဲသို့ ပြုတ်ကျသဖြင့် လုပ်ငန်း ကြန့်ကြာမှု ဖြစ်ရသေးသည် ဟုလည်း ပြောသေး၏။ ချင်းတောင်မှာ လမ်းပြုပြင်ရေး လုပ်ရတာ ထင်သလောက် မလွယ် ဟု လမ်းကြီးကြပ်ရေးမှူးက ခပ်ညည်းညည်း ဆိုရှာသည်။ ဟုတ်ပါပေ၏။
တရုတ်ဆိုင်ကယ် တလွှားလွှားဖြင့် ခရီးသွားသူ ဒေသခံတို့မှာလည်း လမ်းပိတ်ဆို့သဖြင့် ထိုင်စောင့်နေရလေ၏။ ပြည်တွင်းသို့ တရုတ်ဆိုင်ကယ်များ ဖောဖောသီသီ ဝင်ရောက်လာသည်မှာ ကောင်းလှ၏။ အထူးသဖြင့် ချင်းတောင်တန်း ဒေသကဲ့သို့ ပို့ဆောင်ရေး အားနည်းချက် ရှိနေသော နေရာများတွင် တရုတ်ဆိုင်ကယ် အသုံးပြု၍ သွားလာရေး အခက်အခဲကို ဒေသခံတို့ အထိုက်အသင့် ဖြေရှင်းနိုင်သည်ကို တွေ့ရ၏။
သို့နှင့်ပင် ဖလမ်းမြို့သို့ ရောက်ခဲ့လေသည်။ ဖလမ်းမြို့ဦးတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု တည်ထားခဲ့သော စေတီတော်ကိုလည်း ကားပေါ်မှ ကတိုက်ကရိုက် ဖူးမြင်ခဲ့ရသည်။ စေတီရှိရာ တောင်ခြေတွင် ချင်း ကိုရင် တစ်သိုက် ကစားနေကြ၏။
ဖလမ်းမြို့နှင့် ဟားခါးမြို့တော် အကြားရှိ လမ်းခရီးကား ပို၍ မတ်စောက်သည် ဟု ထင်ရသည်။ အကွေ့အကောက်လည်း ထူထပ်၏။ လမ်းလည်း ပို၍ ကျဉ်းမြောင်း၏။ သို့သော် ဒေသခံ ကားသမားတို့ကား သွားနေကျ လာနေကျ ဖြစ်သဖြင့် လမ်းကွေ့တွင်လည်း ကားကို အရှိန် မလျှော့။ The Fast and the Furious ရုပ်ရှင်ဇာတ်ကားမှ မင်းသားများနှယ် ကားကို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ခပ်သွက်သွက် မောင်းလေသည်။ အသက်ကို ဖက်နှင့် ထုပ်ထားရသည် ဟူသည့် မြန်မာရိုးရာ စကားပုံကို ပြန်လည် ကြားယောင် မိသဖြင့် မောင်ကျပ်ခိုး ပြုံးမိတော့သည်။
ချင်းကား ဟု အမည်ရသော ကလေး ကစားစရာ ဘီးတပ် သစ်သားယာဉ်။ အတန်ငယ် ကြီးမားသော ချင်းကား ကို ထင်းစည်းများ သယ်ယူရာတွင် အသုံးပြုကြသည်။
(၅)
ဖလမ်းမြို့မှ ထွက်ပြီး မကြာမီတွင် ကျေးရွာ တစ်ရွာသို့ ရောက်၏။ ကားလမ်း နံဘေးတွင် တည်ထားသော ကျေးရွာ ဖြစ်သဖြင့် အရောင်းအဝယ် စည်ကားပုံ ရသည်။ ခရစ်ယာန် ဘာသာဝင် ချင်းလူမျိုးများ ဝတ်ပြုရာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် ဈေးဆိုင် အများစု ပိတ်ထားသည်နှင့် ကြုံရ၏။ သစ်သီးဆိုင် တစ်ဆိုင်သာ ဖွင့်ထား၏။
မောင်ကျပ်ခိုးကား “ဒေသထွက် ကုန်စည်နှင့် သစ်သီးဝလံကို အားပေးရမည်၊ သို့မှသာ ဒေသတွင်း အသေးစား အလတ်စား လုပ်ငန်းများ တိုးတက်လာလိမ့်မည်၊ မြစိမ်းရောင် စီးပွားရေး လုပ်ငန်းများကို တတ်စွမ်းသမျှ ကူညီရမည်” ဟူသော အမြင် ရှိသူ ဖြစ်၏။ သို့ဖြစ်၍ ချင်းတောင်ထွက် ပန်းသီးများ ဝယ်ယူ အားပေးရန် ပြင်ရလေ၏။
ချင်းတောင်ပန်းသီး ထွားထွားကြီး တစ်လုံးကို ဝယ်ယူ၍ ဘောင်းဘီအိတ် အတွင်းမှ မောင်းချဓားကို ထုတ်ကာ လေးစိတ် ခွဲလိုက်၏။ ချင်းတောင်ပန်းသီးကား အရည် ရွှမ်း၏။ အသား မွှတ်၏။ အရသာ လေးလေး ပင်ပင် ရှိလှပေသည်။ မောင်ကျပ်ခိုး သဘောကျ၍ မဆုံးတော့ပြီ။ ပန်းသီး (၂) လုံး ကုန်သော် မောင်ကျပ်ခိုး တင်းတိမ် သွားလေ၏။
ဟားခါးမြို့သို့ ခရီး မဆက်မီ သစ်သီးဆိုင် အောက်ခြေ တောင်စောင်းရှိ သန့်စင်ခန်း ရှိရာသို့ မောင်ကျပ်ခိုး သွားခိုက်ဝယ် သစ်သီးဆိုင် အိမ်အောက်တွင် ပုံထားသော ဂျပ်စက္ကူပုံးများကို တွေ့ရ၏။ စပ်စုတတ်သော မောင်ကျပ်ခိုးသည် တောင်ပုံနေသော ဂျပ်စက္ကူပုံးများကို မရည်ရွယ်ပါဘဲနှင့် သေသေချာချာ ကြည့်ပြန်သည်။ “မြတ်” သစ်သီးပွဲရုံ မန္တလေးမြို့ ဟူသော တံဆိပ်ကို မြင်ရ၏။
အလိုလေး .. မောင်ကျပ်ခိုး တဝတပြဲ စားလိုက်သော ပန်းသီးများ၏ ဇာတိချက်ကြွေ မွေးရပ်မြေမှာ စိနရဋ္ဌ အမည်ရသော တရုတ်ပြည်ကြီး ဖြစ်နေသည်ကို သိလိုက်ရလေ၏။
မှန်းချက်နှင့် နှမ်းထွက် မကိုက်ပြန်သဖြင့် မောင်ကျပ်ခိုး စားလိုက်မိသော ချင်းတောင်ပန်းသီး၏ အရသာသည် စိတ်သန္တန်ဝယ် တမုဟုတ်ချင်း ပြောင်းလဲသွားလေသည်။ အရသာ ချိုချိုပြင်းပြင်း လတ်လတ်ဆတ်ဆတ် အရည်ရွှမ်းရွှမ်း ပန်းသီး၏ အရသာသည် ပေါ့ပေါ့ရွှတ်ရွှတ် ဖြစ်သွားလေ၏။ လူ့စိတ်ကား အပြောင်းအလဲ မြန်လွန်းပေစွ။
သို့နှင့် လမ်းပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ နေရာများတွင် ယာဉ် ရပ်နားလိုက်၊ စကားပြောလိုက်၊ ပေါ့ရွှတ်ရွှတ် ပန်းသီး စားလိုက်နှင့် ဟားခါးမြို့တော်သို့ မောင်ကျပ်ခိုး ရောက်သွားလေ၏။
ဟားခါးမြို့ တောင်ပေါ်မှ မြင်ရသော ချင်းပြည်နယ် လွှတ်တော်နှင့် အစိုးရအဖွဲ့ ရုံးကြီး။
ချင်းပြည်နယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ရုံးကြီးမှာ အတော်ပင် ကြီးမား၏။ ရုံးကြီးနှင့် မလှမ်းမကမ်းတွင် အသစ် ဆောက်လုပ်ထားဟန် တူသော အစိုးရ ဧည့်ဂေဟာ ရှိ၏။ ထို အဆောက်အအုံတို့မှာ သစ်လွင်၏။ ခန့်ညား၏။ သို့သော် ရုံးကြီး ရှေ့ရှိ ပလက်ဖောင်းတွင် ကွမ်းတံတွေး စွန်းထင်း နေလေ၏။ ပါးစပ် စည်းကမ်း မရှိသူတို့ကား ခက်လှပေစွ။ စည်းမဲ့ကမ်းမဲ့ ပြုကျင့်ရာတွင် တောင်ပေါ် မြေပြန့် တစ်စိတ် တစ်ဝမ်းတည်း ရှိကြကုန်၏။
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရှိ နာရီစင်။
ဟားခါးမြို့လယ်တွင် စိုက်ထူထားသော နာရီစင်ကြီးကား ခန့်ညားပေစွ။ အောက်ချင်းငှက်ရုပ်ဖြင့် တန်ဆာဆင်၍ ခြယ်သထားသဖြင့် ချင်းရိုးရာ ဆန်ဆန် ခန့်ညားနေလေသည်။ နာရီစင်ကြီး၏ လေးဘက် လေးတန်ရှိ နာရီ (၄) လုံးမှာ မတူညီ၊ ကွဲပြားသော အချိန် (၄) မျိုးကို တပြိုင်နက်တည်း ပြဆိုနေ၏။ ထူးကဲပေစွ။ မတူ ကွဲပြားခြင်း ဟူသည့် သဘောကို ဖော်ဆောင် နေသလော ဟု မောင်ကျပ်ခိုး အတွေး ချော်မိတော့သည်။
ညနေစောင်း အအေးပိုသဖြင့် ခပ်စောစော အိပ်လိုက်သည်။ ကျေးရွာများသို့ ခရီး ဆက်စရာ ရှိသေး၏။
(၆)
ဟားခါးမြို့၏ နံနက်ခင်းကား ခပ်စိမ့်စိမ့်။
တည်းခိုခန်း ရှိရာ တောင်ပေါ်မှ နာရီစင် ဘက်သို့ ဆင်း၍ စနည်းနာရင်း လှည့်လည် ကြည့်ရှုသည်။ နာရီစင် အနီးရှိ သုံးမြှောင့် ပန်းခြံ နံဘေးတွင် စိတ်ဝေဒနာရှင် တစ်ဦး ရေနွေးအိုး ကျိုရင်း မီးလှုံနေသည်ကို တွေ့ရ၏။ ခြေသလုံး အိမ်တိုင်ပြုပြီး နေထိုင်သူ ဖြစ်သဖြင့် ရေချိုးဟန် မတူချေ။ သူ့ ခြေလက်တို့တွင် ချေး အလိပ်လိပ် ကပ်ငြိကာ ချပ်ပြင်ကြီး ဖြစ်နေလေ၏။
“ရဲတွေလည်း သူ့ကို မနိုင်ဘူး။ တစ်ခါ သူ့ကို သုံးဘီးဆိုင်ကယ်နဲ့ တင်ပြီး မြို့ပြင်မှာ သွားပြီး ထားဖူးတယ်။ ဒါပေမယ့် ပြန်ရောက်လာတာပဲ။ ရဲတွေလည်း လက်လျှော့လိုက်တယ်။ သူလည်း နာရီစင်နားမှာ သူ ပျော်သလို နေတာပဲ” ဟု နယ်ခံမိတ်ဆွေက ဆိုရင်း တဟားဟား ရယ်သည်။
ထို စိတ်ဝေဒနာသည်လောက် လွတ်လပ်သူ ဟားခါးမြို့တွင် တစ်ဦးမျှ မရှိ ဟု နယ်ခံမိတ်ဆွေက ခပ်သောသော ဆိုသည်။ စိတ်ဝေဒနာ ခံစားနေရသော်လည်း ဆောက်လုပ်ရေး ဝါသနာပါဟန် တူသည်။ နာရီစင် အနီးရှိ သုံးမြှောင့် ပန်းခြံ ခြံတံတိုင်းကို သစ်သားစများ၊ မိုးကားဖျင်များဖြင့် အဖီ ဆွယ်ချ၍ သူ နေမည့် ယာယီတဲကို တည်ဆောက်ထားသည်။ ရဲများလည်း ဘာမျှ မတတ်နိုင်။ ချင်းပြည်နယ် ဝန်ကြီးချုပ်ပင် လက်မှိုင်ချသွားရပေလိမ့်မည်။
ဟားခါးမြို့ဈေးသို့ လာရောက်သော ဒေသခံ ဈေးဝယ်သူများ။
ထို့နောက် မောင်ကျပ်ခိုးသည် ရွာဆင်းရန် ပြင်ရလေသည်။
ဟားခါးမြို့မှ နှာလောင်းန်ကျေးရွာသို့ အသွား ခရီးမှာ သာယာလှသည်။ တောစွယ်တော် ပန်းများ ဖူးပွင့်နေသည်ကို မြင်ရ၏။ ဟားခါးမြို့မှ ထွက်ပြီး တောလမ်းမှ တဆင့် ထွက်ခွာခဲ့ရာ ခဏ အကြာတွင် ၂၀၁၅ ခုနှစ် မိုးရာသီ အတွင်း ဖြစ်ပွားသော မြေပြိုကျမှုကြောင့် ပျက်စီးနေသော လမ်းပိုင်းသို့ ရောက်၏။ သဲဖြုန်းတောင်ကြော ဖြစ်သဖြင့် လာမည် မိုးရာသီတွင် မိုး ရွာသွန်းမှု ပြင်းထန်ပါက ထပ်မံ၍ ပြိုကျနိုင်သည်ကို သတိပြုမိသည်။
ရွာမှ သက်ကြီးဝါကြီးတို့ထံမှ သူတို့ မျိုးဆက် တစ်ဆက်နှင့် တစ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော နှုတ်ပြောသမိုင်းကို ကြားနာခွင့် ရခဲ့သည်။
သူတို့ မှတ်မိသရွေ့ သိရှိသရွေ့ အရ ဆိုလျှင် ဤရွာကလေးကို လွန်ခဲ့သော နှစ်ပေါင်း (၆၀၀) ခန့်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရွာ တည်ထောင်သည့် ကာလကို အတိအကျ မပြောနိုင်သော်လည်း ဟားခါးမြို့၏ သက်တမ်းထက် ပို၍ စောသည် ဟု သိရသည်။
ထိုစဉ်က ရွာကလေးမှာ တောင်ခြေရှိ စမ်းချောင်း နံဘေးတွင် ရှိသည်။ စမ်းချောင်း၏ အခြား တစ်ဘက်တွင်လည်း အခြား မျိုးနွယ် မိသားစု တစ်စု (Clan) အခြေစိုက်၍ နေခဲ့ဖူးသည်။ စမ်းချောင်း၏ တစ်ဘက် တစ်ချက်ရှိ မျိုးနွယ်တစ်စုနှင့် တစ်စု အကြားရှိ ပဋိပက္ခ (Clan Conflict) ကြိမ်ပေါင်း များစွာ ဖြစ်ခဲ့ကြသည်။ သူတို့ ရွာရှိ မျိုးနွယ် မိသားစုများ နိုင်သည့် အခါလည်း နိုင်၏။ ရှုံးသည့် အခါလည်း ရှုံး၏။
မျိုးနွယ် မိသားစု ပဋိပက္ခ မကြာခဏ ဖြစ်ပွားပြီး၊ အမုန်းတရားနှင့် လက်စားချေခြင်းကို သားစဉ် မြေးဆက် အမွေ အဖြစ် လက်ဆင့်ကမ်း ပေးခဲ့ကြသည်။ တစ်ခုသော စစ်ပွဲတွင် သူတို့ ရွာရှိ မျိုးနွယ် မိသားစုက အနိုင်ရရှိပြီးနောက် တစ်ဘက်ရွာမှ ရန်သူကို အပေါ်စီးမှ ဆီးကြို တိုက်ခိုက်နိုင်ရန် ဗျူဟာမြောက် တောင်ကုန်းပေါ်သို့ တစ်ရွာလုံး ပြောင်းရွှေ့ အခြေချခဲ့သည် ဟု ဆို၏။ ထို့နောက်တွင်လည်း မျိုးနွယ် မိသားစု ပဋိပက္ခများ ဖြစ်ပွားပြန်သဖြင့် ပို၍ မြင့်သော တောင်ပေါ်သို့ ရွာကို ထပ်မံ ပြောင်းရွှေ့ တည်ခဲ့ကြရပြန်သည်။
ချင်းပြည်နယ်သို့ ခရစ်ယာန် သာသနာ ပြန့်နှံ့ ရောက်ရှိလာပြီးနောက်တွင်မူ ဘာသာ တရား အဆုံးအမ ထွန်းကားလာသဖြင့် မျိုးနွယ် မိသားစု ပဋိပက္ခများ တဖြေးဖြေး ပပျောက်သွားသည် ဟု သက်ကြီးဝါကြီး တစ်ဦးက ဆိုသည်။
ဤကဲ့သို့ ထူးခြားသော သမိုင်းနောက်ခံ၊ ဆန်းကြယ်သော လူမှုပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသော ရွာကလေးသည် ယခု အခါတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာ၀ ဘေးရန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရလေ၏။
ယမန်နှစ် မိုးရာသီတွင် တောင်ပြိုကျမှုများ ဖြစ်ပွားကာ သူတို့ ရွာရှိရာ တောင်ကြောတွင် မြေသား အက်ကြောင်းကြီး တစ်ခု ပေါ်လာ၏။ မကြာမီတွင် သူတို့ ရွာကို အခြား တောင်စောင်းသို့ ပြောင်းရွှေ့ရန် အကြံပြုချက် ထွက်လာလေသည်။
ထိုသတင်းကြောင့် ရွာသူရွာများ စိတ်ညစ်နေကြသည်။ အဘယ်မှာ စိတ် မညစ်ဘဲ နေနိုင်ပါမည်နည်း။ အသစ် ပြောင်းရွှေ့ရမည့် တောင်ကြောမှာ အတော်ပင် ဝေး၏။ သူတို့၏ လှေကားထစ် တောင်ယာ စိုက်ခင်းများနှင့် အနည်းဆုံး (၄) မိုင်ခန့် ဝေးပေလိမ့်မည်။
ယခု နေရာတွင် သူတို့ နေထိုင်လာသည်မှာ နှစ်ပေါင်း (၂၀၀) ကျော်ပြီ ဖြစ်၏။ မြေရိုင်းကို ပြုပြင်၍ စိုက်ခင်း ဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်မှာ သားစဉ်မြေးဆက် တိုင်လေပြီ။ စိတ်သစ်ကိုယ်သစ်ဖြင့် ရွာသစ်တည်ထောင်ရေးသည် ထင်သလောက် မလွယ်ကူချေ။ သို့သော် အချို့ အိမ်ထောင်စုများမှာ ရွာသစ်သို့ ပြောင်းရွှေ့နေကြပြီ ဟု ကြားရသည်။ မောင်ကျပ်ခိုး စိတ်မော သွား၏။
ယာထွက် ကော်ဖီသီးများကို ပြနေသော ချင်းလူမျိုး အဘွားအို။
(၇)
ထိုမှ တစ်ဆင့် လောက်လွန်းကျေးရွာရှိ တောင်ယာ စိုက်ခင်းများ ရှိရာသို့ မောင်ကျပ်ခိုး ထွက်ခဲ့၏။
အာလူးများ စိုက်ပျိုးထားပြီး ဖြစ်သဖြင့် ချင်းတောင်သူတို့ တောင်ယာ လုပ်ငန်း လုပ်ကိုင်ပုံကို ကျကျနန မြင်ခွင့် မရလိုက်ချေ။ အာလူးတောင်သူ အဒေါ်ကြီးကို သိလိုသမျှ မေးမြန်း ကြည့်ရသည်။ အဒေါ်ကြီးမှာ မြန်မာစကား မတတ်၊ မောင်ကျပ်ခိုးမှာ ချင်းစကား မတတ်။ လုပ်ဖော်ကိုင်ဖက် တစ်ဦးက မြန်မာ-ချင်း ဘာသာပြန်ဆို ကူညီ၍ သိလိုသမျှကို မေးခွင့်ရလိုက်သည်။
လုပ်ငန်းခွင် ဝင်နေသော အာလူးတောင်သူ တစ်ဦး။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မိုးရာသီ မြေပြိုကျမှု ဖြစ်ပွားသဖြင့် အဒေါ်ကြီး၏ စိုက်ခင်း အချို့ ပျက်စီးသွားသည်။ တောင်ပေါ်မှ ပြိုကျလာသော မြေစာများ တောင်ယာမြေ အတွင်းသို့ ရောက်ရှိလာရုံတင် မကဘဲ ယာမြေ အချို့ပါ ပြိုကျ ပျက်စီးသွား၏။
မြေပြိုကျပြီးနောက် စားဝတ်နေရေး အတော်ပင် ကျပ်တည်းသည် ဟု အဒေါ်ကြီးက ဆိုသည်။ မိုး ဆက်တိုက် သည်းသည်းမည်းမည်း ရွာသွန်းသဖြင့် အလုပ် မရှိ ဖြစ်ရတော့သည်။ တောတွင်းသို့ ဝင်၍ မီးသွေးဖုတ်သည့် လုပ်ငန်းကိုလည်း မလုပ်နိုင်၊ တောင်ယာ လုပ်ငန်းလည်း မလုပ်နိုင်၊ ဝင်ငွေ ပြတ်လပ်သွားသဖြင့် ရှိစုမဲ့စုကို ခြစ်ခြုတ်၍ စားသောက်ရတော့သည်။
အနီးအနား ရွာများမှ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများ ထောက်ပံ့သော စားနပ်ရိက္ခာဖြင့် သူတို့ မိသားစု အသက် ဆက်ရလေ၏။ သို့သော် အသက်မွေးဝမ်းကျောင်းမှုဖြစ်သည့် တောင်ယာ လုပ်ငန်းကို ပြန်လည် စတင်ရန် အခက်အခဲ ဖြစ်သွား၏။ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုက အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရန် ငွေသား ထောက်ပံ့သဖြင့် သူ့ တောင်ယာ လုပ်ငန်းကို ပြန်စ နိုင်သည် ဟု ဆိုရှာသည်။
ချွန်ကျုံးကျေးရွာမှ လယ်သမား တစ်ယောက်နှင့် စကားပြောဖြစ်သည်။ သူ့ လယ်မှာ တောင်စောင်းတွင် လှေကားထစ် စိုက်ကွက် လုပ်ထားသော တောင်ပေါ်လယ် ဖြစ်၏။ မြေပြိုကျမှုဒဏ်ကို သူလည်း ခံခဲ့ရ၏။ မြေပြိုကျမှု ဖြစ်ပွားပြီး လယ်မြေ အတွင်း သဲမြေစာများ ဖုံးလွှမ်းသဖြင့် စပါးပင်များ ပျက်စီးမှု ဖြစ်တော့သည်။ တောင်ပြို မြေစာများကို ဖယ်ရှား ရသည်။ လယ် ရေသွင်းမြောင်းတွင် ပိတ်ဆို့နေသော မြေစာများကို ရှင်းလင်းရသည်။ ပြီးခဲ့သည့် နှစ် စပါး အထွက် မကောင်း၊ တစ်ဧကလျှင် စပါး တင်း (၃၅ – ၄၀) ခန့်သာ ထွက်သည် ဟု ဆိုသည်။ သို့သော် ဝမ်းစာတော့ လောက်ငှပါသည် ဟု ဆိုရှာပြန်သည်။
ချင်းတောင်တန်းဒေသသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခု အနက်မှ ဝင်ငွေအနိမ့်ကျဆုံး ဒေသဖြစ်သည်။ ပထဝီ အနေအထားကို ကြည့်ပြန်လျှင် ကုန်းတွင်းပိတ် ဒေသ ဖြစ်၏။ ရေကြောင်း ပို့ဆောင်ရေး မရှိသဖြင့် ကုန်စည် စီးဆင်းမှု အခက်အခဲ ရှိနေပြန်သည်။ မြေလွတ်မြေရိုင်းကို ထိရောက်စွာ အသုံးချနိုင်ခြင်း မရှိ။ လမ်းပန်း ဆက်သွယ်ရေး ဖြောင့်ဖြူးခြင်း မရှိပြန်သဖြင့် အရောင်းအဝယ် ဖြစ်ထွန်းမှု အားနည်း ပြန်သည်။ ထို့အပြင် အချို့ မြို့နယ်များ၌ ဝါးသုဉ်းချိန်တွင် ကျသော မြေကြွက်အုပ်ကြီးများ ဖျက်စီးသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်းလည်း ဖြစ်တတ်သည်။ ဤသို့ စိန်ခေါ်မှု အမျိုးမျိုးနှင့် ကြုံတွေ့ နေရသော ချင်းပြည်နယ်တွင် သဘာ၀ ဘေးရန်ကြောင့် ပျက်စီးမှုများ ကြုံရသည်မှာ “နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း” ဟူသော အဖြစ်ပင် မဟုတ်လော။
“ဒီလို မြေပြိုကျတာ ခဏ ခဏ ဖြစ်တတ်သလား” ဟု မောင်ကျပ်ခိုး မေးလိုက်သည်။ လောက်လွန်းကျေးရွာမှ ချင်းအမျိုးသားကြီးက ခေါင်းယမ်း ပြသည်။ ထို အဘိုးကြီးမှာ အငြိမ်းစား တပ်မတော် ဝန်ထမ်း ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့ တာဝန် ထမ်းဆောင် ဖူးသူ ဖြစ်သဖြင့် မြန်မာစကားကို ကောင်းမွန်စွာ ပြောနိုင်သည်။ “အဖိုးတို့ တစ်သက် ဒီလို မြေပြိုတာ တစ်ခါမှ မကြုံဖူးဘူး” ဟု ခပ်တိုတို ပြောသည်။
သို့သော် သူ မကြုံဖူးရသည်ကို ယခု ကြုံခဲ့ရပြီ မဟုတ်လော။ မောင်ကျပ်ခိုးကား အမေးအမြန်း ထူသူ ဖြစ်၏။ စကားနည်းသော အဖိုးကြီးကို ထပ်၍ မေးသည်။
မောင်ကျပ်ခိုး။ ။ ဒီလို မြေပြိုတာ အခုမှ ဖြစ်တယ် ဆိုတော့ ဘာကြောင့် ဖြစ်ရတာလဲ အဘိုးရဲ့။
အဘိုးအို။ ။ သစ်ပင်တွေ မရှိတော့ဘူး။ အရင်တုန်းက မိုး ရွာတော့ ရွာတယ်။ မနှစ်တုန်းက ရွာတဲ့ မိုးလောက် တစ်ခါမှ မများဘူး။ အခု သစ်ပင်တွေ မရှိတော့ မိုးရေက မြေကြီးထဲကို ချက်ချင်း စိမ့်ဝင်တယ်။ နောက်ပြီး မနှစ်တုန်းက မိုးက နေ့စဉ် ဆက်တိုက် တစ်ပတ်ကျော် နှစ်ပတ်နီးပါးလောက် ရွာတယ်။ အဲဒီမှာ မြေကြီးထဲ မိုးရေ စိမ့်ဝင်တာ များပြီး မြေပြိုကျတော့တာပဲ။ မြေပြိုကျတဲ့ တောင်စောင်းမှာ အတားအဆီး သစ်ပင်တွေ နည်းတော့ မြေ ပြိုပြီ ဆိုတာနဲ့ ဆိုရင် တရှိန်ထိုး ဆင်းတော့တာပဲ။
မောင်ကျပ်ခိုး။ ။ ဒီတော့ နောင်နှစ်တွေမှာ မိုး ထပ်ပြီး သည်းဦးမယ် ဆိုရင် မြေပြိုတာ မဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။
အဘိုးအို။ ။ သစ်ပင်တွေ ပြန်စိုက်ပေါ့။ မစိုက်ချင်ရင် တစ်ခြား နေရာမှာ ပြောင်းနေပေါ့။
မောင်ကျပ်ခိုးနှင့် အဘိုးအိုတို့၏ အမေးအဖြေမှာ ဤမျှသာ ဖြစ်သည်။ ချင်းစစ်သားဟောင်း အဘိုးအို၏ အကြားအမြင်၊ အတွေ့အကြုံမှာ ကြီးမားလှပေစွ ဟု မောင်ကျပ်ခိုး တွေးမိတော့သည်။
(၈)
စိုက်ပျိုးရေးလုပ်ငန်းများ၏ အခြေအနေကို ကြည့်ရှုပြီးနောက် မွေးမြူရေး၊ ရောင်းဝယ်ရေး အစရှိသည်တို့ကို လေ့လာကြည့်ဦးမှ ဖြစ်ချေလိမ့်မည်။
ချွန်ကျုံးကျေးရွာမှ အသားတိုးဝက် မွေးမြူသူ၏ အိမ်သို့ မောင်ကျပ်ခိုး ရောက်သွား၏။
ဝက်မွေးမြူသူ အဘွားအိုမှာ မြန်မာစကား မတတ်သဖြင့် မောင်ကျပ်ခိုး သိလိုသမျှကို စကားပြန်၏ အကူအညီဖြင့် မေးရပြန်သည်။
ဤ ဝက်မွေးမြူသူ အဘွားအို၏ တောင်ယာမြေ အချို့မှာလည်း မြေပြိုကျမှုကြောင့် ပျက်စီးခဲ့ရသည်။ သို့သော် သားနှစ်ယောက်၏ လုပ်အားကြောင့် အချိန်မီ ပြုပြင်နိုင်သည် ဟု ဆိုရှာသည်။ သဘာဝဘေး ထောက်ပံ့ကြေး ရရှိငွေဖြင့် ဝက် (၂) ကောင် မွေးမြူထား၏။ နောက် (၅) လ၊ (၆) လ ဆိုလျှင် ဝက်များကို ရောင်းချနိုင်မည် ဖြစ်သည် ဟု ဆိုသည်။ ဝက် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းသည် အမြတ်အစွန်း နည်းပါးသော်လည်း ငွေ အစုလိုက် ပြန်ဝင်သော လုပ်ငန်း ဖြစ်သဖြင့် ကျေးလက်နေ ဝင်ငွေနည်း မိသားစုများ လက် မလွှတ်နိုင်သော လုပ်ငန်း ဖြစ်သည်။
ထိုမှတဖန် ဂျပ်ခုပ်စောင် ရက်လုပ်နေသည့် နေအိမ်သို့ ရောက်ခဲ့ပြန်သည်။ ဂျပ်ခုပ်စောင် ရက်နေသည့် အဘွားမှာ အိုလွန်းလှပြီ။ သို့သော် လက်မြန် ခြေမြန် ရှိနေဆဲ ဖြစ်၏။ သူ ဂျပ်ခုပ်စောင် အကွက်များ ဖော်နေသည်မှာ ကြည့်ကောင်းလှသည်။ ချင်းရိုးရာ အထည် (မိန်းမဝတ်) တစ်လိပ် ပြီးရန် အနည်းဆုံး တစ်လ၊ တစ်လခွဲ ရက်လုပ်ရသည် ဟု ဆိုသည်။ ချည်ဖိုး အရင်းအနှီး နုတ်ပြီးလျှင် အမြတ်ငွေ ကျပ်တစ်သိန်းခန့် ကျန်သည် ဟု ဆိုသည်။
ချင်း ရိုးရာ ဂျပ်ခုပ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး။
ထို အဘွားအို၏ သားသမီး သုံးဦး အနက် နှစ်ဦးမှာ နိုင်ငံခြားတွင် ရောက်နေသည် ဟု ဆိုသည်။ ရွာတွင် ကျန်ခဲ့သော သမီး ဖြစ်သူမှာ အိမ်ခွဲ၍ နေသဖြင့် အိမ် တစ်အိမ်လုံးတွင် အဘွားကြီး တစ်ယောက်တည်းသာ နေရသည်။ လက်တိုလက်တောင်း ခိုင်းရန်၊ ညရေးညတာ အဖော်ပြုရန် သားသမီး မြေးမြစ် မရှိ။ ဤသည်မှာ ကျေးလက်-မြို့ပြ ရွှေ့ပြောင်း နေထိုင်မှု (Rural-Urban Migration) ၊ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်မှု (International Migration) ဖြစ်စဉ်များ၏ သွယ်ဝိုက်သော အကျိုးဆက် တစ်ခုပင် မဟုတ်လော။
(၉)
ကျေးရွာများမှ အပြန်တွင် ဟားခါးမြို့ဟောင်း မြေပြိုကျရာ နေရာသို့ ရောက်ခဲ့ပြန်သည်။
မြေပြိုကျမှုကြောင့် နေအိမ်များ ပြိုပျက်နေသည်ကို မြင်ရသည်မှာ အတော်ပင် စိတ်ညစ်ညူးဖွယ် ကောင်းလှတော့သည်။ မြေပြိုကျမှုကြောင့် ယိုင်လဲသွားသော နေအိမ်များမှာ တောင်စောင်းတွင် မလှုပ်မယှက် တည်နေ၏။ အိမ်များမှာ ချောက် အတွင်းသို့ ယိုင်ကျနေသည်မှ လွဲလျှင် အကောင်း ပကတိ အတိုင်း ရှိဆဲ ဖြစ်၏။ အိမ်ဟောင်းကို ဖျက်လျှင် သစ်ဟောင်း ဝါးဟောင်း အတန်အသင့် ပြန်ပြီး ရနိုင်သေးသည်။
ခရစ်ယာန် ဘုရားကျောင်း (Hakha Khuahlun Baptist Church) အသစ်ကြီးမှာလည်း မြေပြိုကျမှုကြောင့် ပျက်စီးနေသည်ကို တွေ့ရ၏။ ထို ပန်းရောင် ဘုရားကျောင်းမှာ အတော်ပင် ကောင်း၏။ သို့သော် တောင်စောင်းတွင် တည်ဆောက်ထားသဖြင့် မြေပြို၊ မြေကျွံမှု ဖြစ်ချိန်တွင် အုတ်နံရံများ အတွင်းသို့ ပြိုလဲပြီး ဘုရားကျောင်းကြီး ပျက်စီးသွားလေ၏။
မြေပြိုကျမှုကြောင့် ပျက်စီးသွားသော ဟားခါးမြို့ရှိ ခရစ်ယာန် ဘုရားကျောင်း။
ဘုရားကျောင်း နံဘေးရှိ မီးစက်ရုံတွင် မီးစက်ဟောင်း တစ်လုံး ရှိနေသေးသည်။ ပြောင်းဖူးစေ့များ မြေတွင် ပြန့်ကျဲနေသည်ကိုလည် တွေ့ရ၏။ ဘုရားကျောင်း နံဘေးရှိ အုတ်ခင်း ကွင်းပြင်မှာ မြင် မကောင်း ရှု မကောင်း ဖြစ်နေ၏။ အုတ်ကျိုး အုတ်ပဲ့များ ပြန့်ကျဲနေလေ၏။ ဘုရားကျောင်းပျက် အတွင်းသို့ ဝင်၍ ကြည့်ခဲ့သေးသည်။ ပရိဘောဂ ပစ္စည်းများ အကောင်းအတိုင်း ရှိနေသေး၏။
ထိုမှတဖန် မြေဘေးသင့် လူထု ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ထားသော နေရာ (Relocation Site) တည်ရှိရာ တောင်ကုန်းဘက်သို့ ထွက်ခဲ့၏။ အစိုးရ၏ ပြန်လည် နေရာချထားရေး လုပ်ငန်းခွင် မပြီးစီးသေး။ စက်ယန္တရားကြီးများ လုပ်ငန်းခွင် ဝင်နေဆဲ ဖြစ်သည်။ လူနေအိမ်များ တည်ဆောက်နေသဖြင့် တိုးချဲ့ အိမ်ယာ စီမံကိန်းနှင့် မလွတ်သော ထင်းရှုးပင်ကြီးများကို ခုတ်လှဲထားသည်မှာ မြင် မကောင်း၊ ရှု မကောင်း။
အစိုးရ၏ ပြန်လည် နေရာချထားရေး နေရာသစ်သို့ ဒေသခံတို့ မပြောင်းရွှေ့လိုကြောင်း စုံစမ်း သိရှိရသည်။ အဘယ်ကြောင့် မပြောင်းချင်သနည်း။ တောင်ယာနှင့် ဝေးသောကြောင့် ဖြစ်၏။ ဤသို့ မပြောင်းပါက အခြား ရွေးချယ်စရာ ရှိပါသေးသလား။ မရှိတော့ပါ။ ရွာသစ် တည်ထားသော တောင်ကုန်းသည် ခိုင်ခံ့မှု အရှိဆုံး မြေနေရာ ဖြစ်သည် ဟု ကြားရ၏။
မြေပြိုကျမှုကြောင့် အိုးအိမ် ပျက်စီးသူတို့ကို အစိုးရက အိမ်တစ်ဆောင် အခမဲ့ ပံ့ပိုးသည်။ အိမ်ငှား နေသူများ မရ၊ အိမ်ပိုင်ရှင်များသာ ရရှိသည် ဟု ကြားသိရသည်။ မောင်ကျပ်ခိုးကား ဆိုးဆိုးဆတ်ဆတ် လုပ်တတ်သူ ဖြစ်၏။ နီးစပ်ရာ အိမ်သစ် တစ်လုံးကို ဖွင့်၍ ဝင်ကြည့်သည်။ ဧည့်ခန်း၊ အိပ်ခန်း (၂) ခန်း၊ မီးဖို၊ အိမ်သာ တွဲလျက် ဆောက်လုပ်ပေးထားသည်ကို တွေ့ရသည်။ သို့သော် အိမ်သာ ကမုတ်ခွက် မတပ်ဆင်ရသေး။ အိမ်သာတွင်းလည်း မတူးရသေး။ နေအိမ် ရရှိသူတို့ မိမိ အစီအစဉ်ဖြင့် မိမိ ဆောင်ရွက်ရမည်လား မသိ။
ဘေးသင့် လူထု အတွက် အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် ပေးထားသော အိမ်ငယ် တစ်ဆောင်။
ချင်းပြည်နယ်တွင် အစိုးရ ဆောက်လုပ်ပေးသော နေအိမ်များနှင့် မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်းသင့် ပြည်သူများ၏ နေအိမ်များကို နှိုင်းယှဉ်လျှင် ချင်းပြည်နယ်မှ နေအိမ်များမှာ အတော်အသင့် ကောင်းမွန်သော နေအိမ်ဖြစ်၏။ နေရာသစ်တွင် ရေကောင်းရေသန့် ရရှိစေရန် အစိုးရက ရေပိုက်များ သွယ်တန်းပေးလျက် ရှိသည်ကို တွေ့ခဲ့ရသည်။ ဤ မြို့ကွက်သစ် စည်ပင်စေရန် အချိန် ယူရဦးမည် ဖြစ်ချေသည်။
(၁၀)
သဘာ၀ ဘေးသင့် လူထုကို ပြောင်းရွှေ့ နေရာချထားသော နေရာသစ် ရှိရာ တောင်ကုန်းနှင့် ကာရနီတောင်ကုန်း (ခေါ်) ဆုတောင်းပြည့်တောင်မှာ ကပ်လျက် ဖြစ်သည်။ ဆုတောင်းပြည့်တောင်ထိပ်တွင် အလွန်ကြီးမားသော လက်ဝါးကပ်တိုင်ကြီးကို စိုက်ထူထား၏။ ဟားခါးမြို့မှ လှမ်းကြည့်လျှင် ကောင်းစွာ မြင်နိုင်၏။
ဆုတောင်းပြည့်တောင် (ခေါ်) ကာရနီတောင်။
ခရစ်ယာန် ဘာသာဝင်တို့ အတွက် ထူးကဲသော ဘာသာရေး အထိမ်းအမှတ် ဆုတောင်းပြည့်တောင် ဖြစ်သည်။ တောင်ခြေတွင် ဆုတောင်းပြည့်တောင်သို့ တက်၍ ဝတ်ပြုဆုတောင်းသူများ လိုက်နာရန် ဆုတောင်းပြည့် ဂေါပကတို့ ထုတ်ပြန်ထားသော စည်းကမ်းများကိုလည်း ဖတ်ခဲ့ရသေးသည်။
ဆုတောင်းပြည့်တောင် (ခေါ်) ကာရနီတောင်တက်သူတို့ လိုက်နာရမည့် စည်းမျဉ်းများ။
ထို လက်ဝါးကပ်တိုင်ကြီး စိုက်ထူစဉ်က ဒေသခံလူထု၊ ဘာသာရေး အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများ အကြား အချင်းများမှု တင်းမာမှု ဖြစ်ပွားခဲ့သေးသည် ဟု ကြားရ၏။ မည်သို့ပင် ဖြစ်စေကာမူ ယခု အခါတွင် ဖြူစင်သော လက်ဝါးကပ်တိုင်ကြီးသည် ဆုတောင်းပြည့် တောင်ထိပ်တွင် မားမားမတ်မတ် စိုက်ထူပြီးသား ဖြစ်နေလေပြီ။ နောက်နောင်တွင် အချင်းပွားမှုကို ရှောင်ရှား၍ အေးချမ်းစွာ ဖြေရှင်းနိုင်ပါစေသတည်း ဟု မေတ္တာပို့သမိသည်။ ဘာသာရေးဆိုင်ရာ အမှတ်တံဆိပ်၊ အထိမ်းအမှတ်ကြောင့် ဤ ကမ္ဘာ မြေပြင်ဝယ် ကျဆင်းခဲ့ရသော သွေးစက်များ ပင်လယ်ထွန်းခဲ့ပြီး မဟုတ်လော။
ဟားခါးမြို့သို့ ပြန်ရောက်သော် ရန်ကုန်မှ သယ်ယူလာသည့် စာရေးကိရိယာများကို လူငယ်ဖွံ့ဖြိုးရေးဌာနတွင် နေထိုင်ရင်း ပညာသင်ကြားနေသည့် ကလေးငယ်များအား ဝေခြမ်းရန် ပြင်ရလေ၏။ ဇိအုန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် နေထိုင်သူ မိဘမဲ့ ကလေးငယ် အတော်ပင် များ၏။ ဒုတိယတန်းမှ စ၍ ဒဿမတန်း အထိ ကျောင်းသား (၄၀) ကျော် ရှိသည်။ စာရေးကိရိယာ အစုံအလင် ရသဖြင့် သူတို့ ပျော်ကြ၏။ သို့သော် ဣန္ဒြေရရ ပျော်ခြင်း ဖြစ်သည်။
ကလေးများက နိုင်ငံ အသီးသီး၊ နယ် အသီးသီးတွင် နေထိုင်ကြသော လက်ဆောင်ပစ္စည်း ပေးပို့လိုက်သူတို့ အတွက် ခရစ်ယာန် ဓမ္မသီချင်း တစ်ပုဒ် သီဆို၍ ဆုတောင်းပေးကြသည်။ ချင်းဘာသာဖြင့် သီဆိုခြင်း ဖြစ်သဖြင့် မောင်ကျပ်ခိုး ဘာမျှ နား မလည်လိုက်။ အတော်ပင် ဆွေးမြေ့ဖွယ် ကောင်းသော တေးသွား ဖြစ်သည်ကို သတိပြုမိသည်။ သီချင်းကို စိတ်ပါလက်ပါ ခံစားမှု အပြည့်ဖြင့် သီဆိုနေသော ကလေးငယ် တစ်ဦး၏ မျက်နှာ အမူအရာ ထူူးခြားလှသည်ကို မြင်ရသော် မောင်ကျပ်ခိုးပင် စိတ်မကောင်းသလိုလို ဘာလိုလို ဖြစ်လာလေသည်။ တစ်နေ့တွင် ဤကလေး ရော့ခ်ဂီတကြယ်ပွင့် (Rock Star) မဖြစ်နိုင်ဟု မည်သူ ပြောနိုင်မည်နည်း။
(၁၁)
နောက်တစ်နေ့ နံနက်တွင် ဟားခါးမြို့မှ ဖလမ်းမြို့ကို ဖြတ်ကာ ကလေးမြို့သို့ လာလမ်းအတိုင်း ပြန်ရလေ၏။ ရန်ကုန်သို့ ပြန်ရန် ကလေးမြို့တွင် စောင့်ဆိုင်းနေခိုက်တွင် ကလေးမြို့သို့ လှည့်လည် ကြည့်ဖြစ်သည်။
အိန္ဒိယမှ လာသည့် အထည်အလိပ်များ ရောင်းချရာ ဆိုင်သို့ ဝင်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ကြည့်မိပြန်သည်။ အိန္ဒိယ အထည်အလိပ်များမှာ အဖိုးစားနား ချိုသာလှသည်။ ချင်းထည်၊ အညာထည်များထက် အရည်အသွေး ပို၍ ကောင်းသည်။ အဆင် လှသည်။ ရေရှည်တွင် ဈေးနှုန်းကြီးမြင့်၍ အရည်အသွေး နိမ့်သော ပြည်တွင်းဖြစ် ဝံသာနု အထည်အလိပ်များ ဈေးကွက် ပျောက်ကွယ်မည့် အခြေအနေသို့ ရောက်နိုင်ပေသည်။ ဂလိုဘယ်လိုက်ဇေးရှင်း (Globliazation) စီးပွားရေး ဖြစ်စဉ်တွင် အရည်အသွေး မြှင့်တင်၍ ယှဉ်ပြိုင်ရန် နည်းလမ်း တစ်ခုသာ ရှိသည်။
အိန္ဒိယတွင် မဟတ္တမဂန္ဒီကြီး ဗိုင်းငင်ခြင်း အချည်းနှီး မဖြစ်၊ အကျိုး မယုတ်။ အိန္ဒိယသား အထည်အလိပ် လုပ်ငန်းရှင်များက ခေတ်နှင့် အညီ ပြောင်းလဲနိုင်၏။ အရင်းရှင် စီးပွားရေး ဖြစ်ထွန်းမှုကို ကောင်းမွန်စွာ ဆင်ခြင်မိဟန် တူသည်။ အထည်အလိပ် ဈေးကွက်ကို ဖြန့်ကျက်နိုင်သည်။ မြန်မာနိုင်ငံတွင် မောင်းထောင်ဦးကျော်လှ ဝံသာနုထည် သံချို ရေးစပ်ခဲ့ခြင်းမှာမူ အကျိုး မဖြစ်ထွန်း ဟု ဆိုရပေမည်။ အရင်းရှင် စနစ်ကို မုန်းတီးကြောင်း မြန်မာတို့ ထုတ်ဖော် ပြသခဲ့ဖူးသည်။ သို့သော် ပြောင်းလဲမှုကို အမီ မလိုက်နိုင်။ ကျန်ခဲ့ပေဦးတော့ … ဝံသာနုအထည်။
ထို့နောက် မောင်ကျပ်ခိုး ကလေးမြို့ဈေးတွင် နယ်ခံများနှင့် တိုးလားဝှေ့လား လုပ်နေခိုက် “ရွှေဆိုင်ကို ဓားပြတိုက်တယ်” ဟူသော အသံ စီကနဲ ကြားလိုက်ရ၏။ မောင်ကျပ်ခိုးမှာ ကင်မရာ တကားကားနှင့် တောင်မေး မြောက်မေး လုပ်နေသဖြင့် ဈေးသည်များက မောင်ကျပ်ခိုးကို နယ်လှည့်သတင်းထောက် ဟု ထင်ကြသည်။ ဓားပြမှုကို သတင်းရေးပါ ဟု ဆို၏။ ရွှေဆိုင် ရှိရာသို့ လမ်းပြကြ၏။
မျက်နှာဖုံးစွပ် ဓားပြက ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ခြိမ်းခြောက်၍ လုယက်သွားခြင်း ဖြစ်သည်။ ဓားပြမှာ လက်လျင်၏။ တိုက်ပြီးပြီးချင်း ဆိုင်ကယ်ဖြင့် ထွက်ပြေးသွား၏။ မျက်နှာဖုံး စွပ်ထားသဖြင့် ဓာတ်သိ ဖြစ်မည် ဟု ဝိုင်းအုံ ကြည့်ရှု နေသူများ အနက်မှ တစ်ဦးက ခန့်မှန်းသည်။ ရဲကားများ တဂွီဂွီ တဂေါ်ဂေါ် မြည်သံကိုပြု၍ ရွှေဆိုင် ရှိရာသို့ ချဉ်းကပ်လာသည်။
ထုံးစံအတိုင်း ပြည်သူများက ရဲများကို မကြားတကြား အပြစ်တင်ကြသည်။ ရဲများမှာလည်း သူတို့ကို ပြည်သူများက ဆဲမည်ကို သိနှင့်ပြီး ဖြစ်ဟန်တူသည်။ တင်းမာသော မျက်နှာထားကို ပြု၍ ဝိုင်းအုံ ကြည့်ရှုနေသော လူအုပ်ကို မလိုတမာ အမူအရာ ပြ၏။ ဓားပြ ဘယ်ဆီ ရောက်သွားပြီမှန်း သူတို့လည်း မသိ။ ရဲသားငယ်များကား ဆိုင်ကယ် တလွှားလွှားဖြင့် ထိုးကွင်းထနေကြ၏။
ကလေးမြို့တွင် လက်နက်ပုန်း ပေါများနေသလော ဟု မေးခွန်း ထုတ်ဖွယ် ဖြစ်လာ၏။ သေနတ် ဝယ်ရသည်မှာ မခက်လှ ဟု နယ်ခံ တစ်ယောက်က ပြောသည်။ အိန္ဒိယ နယ်စပ်သို့ သွား၍ အဆက်အသွယ် ရှာနိုင်လျှင် သေနတ် ရနိုင်သည် ဟု အလင်းပြသည်။ တရားမဝင် သေနတ် ကိုင်ဆောင်မှု ဖြေရှင်းရန် လိုချေပြီ။ မဟုတ်လျှင် နယ်စွန်နယ်ဖျား ဒေသများတွင် ခိုးသား ဓားပြမှု ထူထပ်လာနိုင်၏။
မောင်ကျပ်ခိုးလည်း အများနှင့် အတူ ဓားပြ အတိုက်ခံရသော ရွှေဆိုင်ကို တမော့တမော့ ကြည့်ပြီးနောက် ဗိုက်ဆာသလိုလို၊ ရေငတ်သလိုလို ဖြစ်လာသဖြင့် လက်ဘက်ရည်ဆိုင်သို့ ဝင်ခဲ့၏။ မြန်မာနိုင်ငံ သမ္မတ အမည်စာရင်း ထုတ်ပြန်တော့မည် ဖြစ်သဖြင့် လက်ဘက်ရည်ဆိုင်တွင် သမ္မတလောင်း သုံးသပ်ချက်များ သောသောညံ နေလေသည်။ လက်ဘက်ရည်ဆိုင်တွင် ရုပ်မြင်သံကြား သတင်းကို ကြည့်ရှုရင်း ဒုတိယ သမ္မတလောင်း အမည်စာရင်းကို စောင့်ရ၏။
ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးမြင့်ဆွေ ဟူသည့် အမည် စာရင်း ထွက်ပေါ်လာသော် ပရိသတ် အားလုံး ဟင် ခနဲ၊ ဟယ် ခနဲ ဖြစ်သွားလေ၏။ ထို့နောက်တွင် ထုံးစံအတိုင်း ထင်မြင်ချက်၊ သုံးသပ်ချက်များ တရစပ် ထုတ်ကြပြန်သည်။ အတွက်အချက် ကောင်းသူ တစ်ဦးက ဒုတိယ သမ္မတလောင်း သုံးဦး အနက်မှ တစ်ဦးကို သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ရာတွင် မဲ မည်မျှ ရမှ သေချာမည်၊ မသေချာမည်ကို တွက်ချက်ပြနေသည်ကို ကြားရပြန်သည်။ ကောင်းလေစွ။
(၁၂)
အတန်ကြာသော် မောင်ကျပ်ခိုးသည် လက်ဘက်ရည်ဆိုင်မှ ထွက်၍ ဈေးနံဘေးရှိ ဟိန္ဒူဘုရားကျောင်း အတွင်းသို့ လှမ်းလေ၏။ လောကုတ္တရာ အန္တိမ ရည်မှန်းချက်၊ အတွေးအခေါ် ခြားနားချက် ရှိသော ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့မှာ အိန္ဒိယတိုက်တွင် စတင်သော ယုံကြည်မှုများ ဖြစ်ပြီး ရှည်လျားလှသော သမိုင်းကြောင်းချင်း ထိစပ်နေသည်။
ဤ ဟိန္ဒူ ဘုရားကျောင်း အတွင်း၌ ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသော ရေဆန်ကျွန်းမြတ် ဗုဒ္ဓဆင်းတုတော် ရှိ၏။ “ထာ ကူးရ်ဘာရီး” ဟု အမည်ရသော ဟိန္ဒူဘုရားကျောင်းကို ၁၉၀၈ ခုနှစ်တွင် “ရှရီးရှမ် ဘူနာသ် ပန်ဒေးဂျီး” က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နှစ် (၁၀၀) တင်းတင်း ပြည့်ခဲ့ပြီး ဖြစ်သည်။
ဟိန္ဒူဘုရားကျောင်း အတွင်းသို့ ဝင်လိုက်သည်နှင့် တပြိုက်နက် မွှေးကြိုင် ချိုအီသော အမွှေးနံ့တို့ နှာခေါင်း အတွင်းသို့ ဝင်ရောက်လာသည်။ မောင်ကျပ်ခိုးမှာ ဟိန္ဒူ ဗြဟ္မဏ သူငယ်ချင်းများနှင့် လုံးလားထွေလား နေသူဖြစ်ပြီး ဟိန္ဒူ-ဗုဒ္ဓ အနုပညာ လက်ရာကို စိတ်ဝင်စားသူ ဖြစ်သဖြင့် ဟိန္ဒူဘုရားကျောင်း အတွင်း ခြေချမိသည်နှင့် ရင်းနှီးကျွမ်းဝင်မှုကို ကောင်းစွာ ခံစားမိတော့သည်။
ကလေးမြို့ ဟိန္ဒူဘုရားကျောင်း အတွင်းရှိ ရာမအလောင်းတော်နှင့် ဂေါတမဗုဒ္ဓ ဆင်းတုတော်များ။
စံကျောင်း တစ်ဘက်တစ်ချက်ရှိ တိုင်များတွင် ဟာနုမာန် နတ်ဘုရားနှင့် ဂဠုန နတ်ဘုရား ရုပ်တုတို့ဖြင့် ဆင်ယင်ထား၏။ စံကျောင်း ပလ္လင်တိုင်တွင် ရာမဘုရားလောင်း၊ သူရဿတီမယ်တော်၊ ဒူရ်ဂါးကျားစီးမယ်တော်၊ ဂနေ့ရှ် (ခေါ်) မဟာပိန္နဲနတ်မင်းတို့နှင့် အတူ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ဘုရားရှင်ဖြစ်သော ဂေါတမ ဆင်းတုတော်ကို ပူဇော်ထား၏။ ဂေါတမဗုဒ္ဓသည် ဟိန္ဒူ နတ်ဘုရား ဖြစ်သော ဗိဿနိုး နတ်မင်းကြီး နဝမ အကြိမ်မြောက် ပြန်လည် ဝင်စားသူ၊ အဟိံသ တရားကို ဟောကြားသူ အဝရတာ ဖြစ်သည် ဟု ဟိန္ဒူ အစဉ်အလာ ယူဆမှု ရှိသေးသည် မဟုတ်လော။
ဟိန္ဒူ နတ်ဘုရား ဆင်းတုများကို အိန္ဒိယတိုက်သား မျက်နှာပေါက်ဖြင့် ထုဆစ်ထားသော်လည်း၊ ဂေါတမဗုဒ္ဓ စကျင်ကျောက် ဆင်းတုတော်မှာမူ မြန်မာရုပ်ပေါက်နေသည်ကို တွေ့ရ၏။ ဂေါတမဗုဒ္ဓ သည် အာရိယန် အနွယ်ဖွားလော၊ မွန်ဂိုလွိုက်အနွယ်ဝင်လော ဟု သို့လော သို့လော ငြင်းခုံမှု၊ ဝိဝါဒ ကွဲပြားမှုတို့ကို ပြန်၍ ကြားယောင်မိတော့သည်။ “ထာ ကူးရ်ဘာရီး” ဘုရားကျောင်း ဂေါပကများလည်း ထို အချက်ကို ကောင်းစွာ ဆင်ခြင်မိပုံတူသည်။ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ကို ထောက်ချင့်၍ ဆင်းတုတော်များကို ထုဆစ်ခဲ့ပုံ ပေါ်သည်။ အမြော်အမြင် ကြီးမားပေစွ။
ထို စံကျောင်း အနောက်တွင် ရေကို ဆန်တက်လာသော ကျွန်းသစ်လုံးကြီးကို မြို့ခံတို့က ဆယ်ယူပြီး ဆင်းတုတော် ထုလုပ် ပူဇော်ထားသော ရေဆန်ကျွန်းမြတ် ဗုဒ္ဓရုပ်ပွားတော် (၁၀၀၀) စေတီဆင်းတုကို ဖူးမြော်ရသည်။ မြန်မာအမျိုးသမီး တစ်ဦးမှာ ပါးစပ် တလှုပ်လှုပ်၊ ပုတီး တဂျောက်ဂျောက် စိပ်ရင်း ဘုရား အာရုံ ပြုနေ၏။ သူ့ အမျိုးသား ဖြစ်ဟန် တူသူ အစ်ကိုကြီးမှာ မယား ဘုရားရှိခိုးသည်ကို စောင့်ဆိုင်းရင်း ဖုန်းကို သဲကြီးမဲကြီး ပွတ်နေလေ၏။ ဟိန္ဒူ ကုလားကြီး တစ်ယောက်မှာ နာဂလိုဏ်ဂူ (ကလေးဝ) ဆရာတော် ရုပ်တုနှင့် တကွ အခြားသော ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ရုပ်တုများကို အမွှေးနံ့သာဖြင့် ပူဇော်နေလေ၏။
ကလေးမြို့ ဟိန္ဒူဘုရားကျောင်း အတွင်းရှိ ရေဆန်ကျွန်းမြတ် ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် စေတီ။
ပုတီးစိပ်နေသော အမျိုးသမီး ဝတ်ပြုခြင်း အမှုကိစ္စ ပြီးဆုံးသွား၏။ မောင်ကျပ်ခိုးကို ဧည့်သည် ဖြစ်မှန်း တန်း၍ သိသည်။ သူက”မောင်လေးရေ … ရေဆန်ကျွန်းမြတ် ဆင်းတုတော်မှာ ဆု တစ်ဆုတည်း တောင်းရင် ဆုတောင်း ပြည့်တယ်” ဟု ဆို၏။ မောင်ကျပ်ခိုး တွေဝေသွား၏။
မည်သည့် ဆုလာဘ်ကို အလိုချင်ဆုံး ဖြစ်နေသည်ကို မောင်ကျပ်ခိုး ကိုယ်တိုင်လည်း ကောင်းကောင်း မဝေခွဲတတ်။ အသက်ရှည်ပါစေ ဟု ဆုတောင်းရမည်လော၊ ချမ်းသာပါစေ ဟု ဆုတောင်းရမည်လော။ အသက်ရှည်ပြီး ဆင်းရဲလျှင် မနိပ်။ ချမ်းသာပြီး အသက်တိုလျှင်လည်း မကောင်း။ မောင်ကျပ်ခိုး ဇဝေဇဝါ ဖြစ်သွား၏။ ကိုယ်တိုင်လည်း ဘာမျှ မလုပ်ဘဲနှင့် ဘုရားကို နားပူနားဆာ လုပ်၍ ဆုတောင်းရမည်ကို မောင်ကျပ်ခိုး တွေးရင်း ခပ်ရှက်ရှက် ဖြစ်လာသောကြောင့် တန်ခိုးကြီးသည်၊ ဆုတောင်းပြည့်သည်ဟု ထင်ရှားသော ရေဆန်ကျွန်းမြတ် ဆင်းတုတော် (၁၀၀၀) ကို ဦးချပြီး ပြန်ထွက်ခဲ့လေသည်။
ထို့နောက် လေယာဉ် မမီလိုက် ဖြစ်မည် စိုးသဖြင့် ကလေးမြို့ လေဆိပ်သို့ ကတိုက်ကရိုက် ပြေးကာ ရန်ကုန်သို့ ပြန်ရလေ၏။
မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တန်ခူးလဆန်း ၆ ရက် ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်။