ဝရုန်းသုန်းကားဖြင့် ချီတက်ဆဲငြိမ်းချမ်းရေး

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Inalysis  ဖြစ်ပါသည်။
သန်းစိုးနိုင်ရေးသည်

နှစ်ပေါင်း ၃ဝ ကြာမျှ ဗုံး၊ အမြောက်သံတို့ မကြားဖူးရအောင် တိတ်ဆိတ်နေခဲ့သော ဝနယ် မြောက်ပိုင်းမှ UWSA (ဝအဖွဲ့) ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တော်မှာ ဧပြီ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့)ကတော့ အမြောက်သံများ တစ်ကျော့ပြန် ဟိန်းညံ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ပန်ဆန်းမှာ ကျင်းပ တဲ့ နှစ် ၃ဝ မြောက် ငြိမ်းချမ်းရေးပွဲတော် အခမ်းအနားကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အမြောက်တပ်ဖွဲ့ က အမြောက် အကြိမ် ၃ဝ ပစ်ဖောက်ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ” အစချီတဲ့ နိုင်ငံတော်သီချင်းနဲ့ မြန်မာနိုင်ငံတော် အလံကို လွှင့်ထူလိုက်ခြင်းက ဝနယ်ဟာ မြန်မာ့ အချုပ်အခြာ အာဏာပိုင်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းကို အတည်ပြု သက် သေထူပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာ UWSA ရဲ့ စစ်သေနာပတိချုပ်ကြီး ဦးပေါက်ယူချန်းက အမိုးဖွင့်ကားဖြင့် စစ်ကြောင်းများကို လှည့် လည်စစ်ဆေးရင်း ဝ အလံများကို ဝှေ့ယမ်းကြိုဆိုနေတဲ့ တိုင်းရင်း သားပြည်သူအပေါင်းကို လက်ဝှေ့ယမ်း နှုတ်ဆက်နေပါတယ်။ ဒီ နောက်မှာတော့ တပ်မဟာ ၄၆၈၊ ၄၁၈၊ ၃၁၈၊ ၆၁၈ နဲ့ ၁၇၁ စစ် ဒေသကိုယ်စားပြုတပ်ခွဲတွေက၊ စစ်သည်အင်အား ၇,၆ဝဝ က စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းကို ချီတက်အလေးပြုကြပါ တယ်။ ဒီစစ်ကြောင်းတွေထဲမှာ စစ်သူနာပြုတပ်ဖွဲ့၊ ဆက်သွယ်ရေး တပ်ဖွဲ့၊ အုပ်ချုပ်ရေးတပ်ဖွဲ့ ၊ အမျိုးသမီးလက်နက်ကိုင်တပ်ဖွဲ့တွေ လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီစစ်ကြောင်းတွေနောက်က လေယာဉ် ပစ်စက်အမြောက်တပ်ဖွဲ့၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးတပ်ဖွဲ့ (Stinger) ၊ ငှက်ပျောဖူးတင့်ကားပစ်တပ်ဖွဲ့၊ စိန်ပြောင်းကြီး တပ်ဖွဲ့၊ တောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့နဲ့ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်တပ်ဖွဲ့တွေ ဆက်လက်လိုက်ပါလာခဲ့ကြပါတယ်။ ဒီစစ် ကြောင်းတွေနောက်က ရုံးဌာနအလိုက် တပ်ဖွဲ့များ၊ ခရိုင်၊ မြို့နယ် လုံခြုံရေး ပြည်သူ့စစ်တပ်ဖွဲ့များ၊ ဝ၊ အခါ၊ လားဟူ၊ ရှမ်း၊ ပန်းသေး မွတ်ဆလင် လူထုစစ်ကြောင်းတွေက အဆိုအက၊ အတီးအမှုတ် တွေနဲ့ ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေး လိုက်ပါခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ဝသွေးစည်းညီညွတ်ရေးပါတီ အထွေ ထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူချန်းက မိန့်ခွန်းမြွက်ကြားခဲ့ ရာ “ဝပြည်နယ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်း တစ်ပိုင်းဖြစ်ကြောင်း၊ ခွဲမထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့အတွက် အလေးအနက် ကတိသစ္စာပြု ကြောင်း၊ ကျွန်တော်တို့ရဲ့ လိုလားချက်ဟာ တိုင်းရင်းသား ဇာတိမာန်၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်၊ ဝပြည်နယ်အဖြစ် သတ်မှတ် ပေးရန်သာ အစိုးရကို တောင်းဆိုကြောင်း၊ ဒီရည်မှန်းချက်ပန်း တိုင်ရောက်အောင် ရာသက်ပန်ကြိုးစားအားထုတ်သွားမည် ဖြစ်ကြောင်း တောင်းဆိုတင်ပြသွားခဲ့ပါတယ်။ UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းကလည်း သတင်းစာရှင်းလင်းပွဲမှာ “ကျွန် တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို ပိုတည်ငြိမ်အောင်၊ ပိုအာမခံ ချက်ရှိအောင် ဆက်ပြီး ဆောင်ရွက်သွားပါမယ်။ ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းရေးအတွက် တပ်ကို ပိုမိုတိုးချဲ့တည်ဆောက် သွားမယ်၊ စစ်လက်နက်ပစ္စည်းတွေကို ဆက်လက် ပိုမို အဆင့်မြှင့် တင်သွားမယ်” လို့လည်း တင်ပြသွားခဲ့တယ်။ ဝအဖွဲ့ရဲ့ စစ်ရေး တည်ဆောက်မှု အလုံးစုံဟာ ငြိမ်းချမ်းရေးကာကွယ်ထိန်းသိမ်း ဖို့သာ ဖြစ်တယ်လို့ အလေးအနက် ထောက်ပြသွားခဲ့ပါတယ်။

နှစ် ၃ဝ မြောက် ဝငြိမ်းချမ်းရေးပွဲတော်ကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင်အား လုံး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေထဲကတော့ မွန်ပြည်သစ်ပါတီနဲ့ RCSS အဖွဲ့မှ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ အရင် ဗကပလက် ထက်က ဖွဲ့စည်းခဲ့တဲ့ ရလလဖ၊ ကလလတနဲ့ ကယန်းပြည်သစ်ပါတီ တွေက ခေါင်းဆောင်ရဲဘော်တွေ အများစုလည်း ပါဝင်ခဲ့ကြပါ တယ်။ ဒီတက်ရောက်လာတဲ့ တပ်ပေါင်းစုတွေက၊ မဟာမိတ်ရဲ ဘော်ဟောင်းတွေ အားလုံးလိုလိုက ဝနယ်ရဲ့ အံ့မခန်းအောင်မြင် ဖွံ့ဖြိုးတိုးတက်မှုတွေကို ချီးကျူးအားကျခဲ့ကြပါတယ်။ အထူး သဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ဝအဖွဲ့ရဲ့ အနေအထားပုံစံမျိုးကို မိမိတို့လိုချင် ကြောင်း” အင်တာဗျူးတစ်ခုမှာ အတိအလင်း ထုတ်ဖော် ပြော ကြားခဲ့ပါတယ်။ ဝအဖွဲ့ရဲ့ အောင်မြင်မှုကို ဂုဏ်ယူအားကျသင့်ပေ မယ့် အဓိပ္ပာယ်ကောက်မလွဲဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဝအဖွဲ့ရဲ့ စစ်ရေးတည်ဆောက်မှု အဓိက ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေး ကို ထိန်းသိမ်းကာကွယ်ဖို့သာ ဖြစ်ပြီး ပြည်တွင်းစစ်ပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ သဘောထားမရှိပါဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့သာ ဦးတည်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဝနယ်ကို မြန်မာပြည်ရဲ့ အစိတ်အပိုင်းတစ်ပိုင်းအဖြစ် အသိအမှတ်ပြုထားပြီး ခွဲမထွက်ဖို့၊ လွတ်လပ်ရေးမတောင်းဆိုဖို့ ကတိသစ္စာပြုထား တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဝအဖွဲ့မှာ စစ်ရေးနည်းနဲ့ အချုပ် အခြာအာဏာ ပြန်လည်ရယူပြီး သီးခြားသမ္မတနိုင်ငံထူထောင်ဖို့ သဘောထားလည်း မရှိခဲ့ပါဘူး။ မတူတဲ့ သမိုင်းရေးနောက်ခံကား၊ မတူတဲ့ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအခြေအနေ၊ မတူညီတဲ့ ခေတ်ရေစီးကြောင်းတွေကို မထောက်ထားဘဲ အင်အားသုံး ထူ ထောင်ဖို့ကြိုးစားရင် တော်လှန်ရေးသန္ဓေသားဟာ အချိန်မတိုင်မီ သားလျှောသွားနိုင်ခြေ ရှိပါတယ်။

တပ်မတော်က ၂ဝ၁၈ ဒီဇင်ဘာ ၂၆ ရက်က တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုများ စစ်တိုင်းငါးတိုင်းမှာ ရပ်ဆိုင်းကြောင်း ကြေညာပြီး တစ်ပတ်ခန့်အကြာ ဇန်နဝါရီ ၄ ရက်မှာ AA အဖွဲ့က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းလေးခုကို စတင်တိုက်ခိုက် ပြီး ဇန်နဝါရီ တစ်လအတွင်း တပ်မတော်နဲ့ တိုက်ပွဲပေါင်း အကြိမ် ၆ဝ ကျော် ဖြစ်ပွားခဲ့ပါတယ်။ မတ်အတွင်းမှာတော့ တပ်မတော်နဲ့ AA တို့ရဲ့ ထိတွေ့တိုက်ခိုက်မှုပေါင်း အကြိမ်တစ်ရာကျော်လာခဲ့ ပါပြီ။ မြောက်ဦးမြို့တွင်း တိုက်ပွဲဖြစ်ပွားပြီးချိန်မှာတော့ ရခိုင်မြောက်ပိုင်းမြို့နယ်လေးမြို့နယ်မှာ နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန် ခဲ့ရပြီး စစ်ပြေးဒုက္ခသည်ပေါင်း ၃၅,ဝဝဝ အထိ မြင့်တက်လာခဲ့ရ ပါတယ်။ နှစ်ဖက်သေကျေဒဏ်ရာရသူ အရေအတွက် မြင့်တက်ခဲ့ သလို ကြားညပ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူတွေရဲ့ အရေ အတွက်လည်း မနည်းလှပါ။

ဧပြီ ၂၈ ရက်မှာတော့ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ် ကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၂,ဝဝဝ ခန့်အကွာရှိ AA အဖွဲ့ရဲ့ ယာယီစစ်လေ့ကျင့်ရေးစခန်းတစ်ခုကို တပ်မတော်စစ် ကြောင်းတွေက သိမ်းပိုက်ရရှိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း ဆုတ်ခွာ ထွက်ပြေးသွားတဲ့ AA အဖွဲ့ဝင်တွေဟာ ကျောက်တန်းကျေးရွာ နဲ့ စေတီတောင်ကျေးရွာတွေထဲမှာ အရပ်သားအသွင်နဲ့ ဝင်ရောက်ပုံဖျက် လှုပ်ရှားနေကြတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ဒါ ကြောင့် ဧပြီ ၃ဝ ရက်မှာ အဆိုပါကျေးရွာများသို့ သွားရောက်ပြီး သတင်းဖော်ထုတ် စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ကျောက်တန်း ကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုကို အိမ်ထောင်စုစာရင်းနဲ့ တိုက် ဆိုင်စစ်ဆေးရာ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိ သဖြင့် ကျေးရွာစာသင်ကျောင်းမှာ ယာယီထိန်းသိမ်းထားခဲ့ရ တယ်လို့ ဆိုပါတယ်။

အဆိုပါခေတ္တထိန်းသိမ်းထားရှိတဲ့ မသင်္ကာဖွယ်ရာလူအုပ် ဟာ မေ ၂ ရက် ၂ နာရီခန့်မှာ ညာသံပေး စုဝေးအော်ဟစ်ပြီး ရန် လိုတဲ့အပြုအမူနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်လာခြင်းနဲ့ အချို့မှာ အရပ်မျက်နှာအသီးသီးသို့ အုပ်စုဖွဲ့ ထွက်ပြေးခြင်းများ ပြုလုပ်လာခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအဖွဲ့ဝင်များက အော် ဟစ်တားဆီး၍ သေနတ်အား မိုးပေါ်ထောင်ဖောက်ကာ သတိပေး ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးအဖွဲ့ဝင်များရဲ့ သေ နတ်ကို လုယူရန် ကြိုးပမ်းလာတဲ့အတွက် လိုအပ်တဲ့ အင်အားကို သာ အသုံးပြုကာ လူစုလူဝေးအား မလွှဲမရှောင်သာစွာ ပစ်ခတ် လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေကို ပြန်လည်ထိန်း သိမ်းဖို့ ကြိုးပမ်းရတဲ့အတွက် မသင်္ကာဖွယ်လူ ၂၇၅ ဦးအနက် ခြောက်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး လေးဦး လွတ်မြောက် သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို ရခိုင်ပြည်နယ်မှာ AA နဲ့ ပတ်သက်ပြီး ဝရုန်းသုန်းကား ရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ပစ်လူစုခွဲနေရတဲ့ အခြေအနေ အောက်မှာ ဧပြီ ၃ဝ ရက်က မူဆယ်မြို့ ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမမှာ NRPC နဲ့ KIA ဦးဆောင်တဲ့ မြောက် ပိုင်းလေးဖွဲ့တို့အကြား သုံးနာရီကြာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ NRPC နဲ့ KIA ၊ တအာန်းအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ရခိုင်အဖွဲ့ (AA)တို့ ဆွေးနွေး ခဲ့ကြပြီး ဝမိုင်းလားအဖွဲ့က လေ့လာသူအဖြစ် ပါဝင်ခဲ့ကြပါတယ်။ NCA လက်မှတ်မထိုးခင် ပဏာမသဘောတူညီချက်တစ်ခု ရရှိ ရေး ဆွေးနွေးခဲ့ကြပြီး အစိုးရဘက်က NCA လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ဖို့ ငြိမ်းချမ်းရေး အပေါ် သဘောထားနဲ့ အချိန်အကန့်သတ်များကို ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။ အစိုးရဘက်က ဒီဆွေးနွေးပွဲတွေ ဆက်ကျင်းပဖို့ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းပါမယ်ဆိုတဲ့ ကတိကဝတ်ပြုမှု (Dead of Commitment) တစ်ရပ် ရရှိရေးကို လိုလားနေပြီး မြောက်ပိုင်းအဖွဲ့တွေကတော့ Bilateral (နှစ်ဦး နှစ်ဖက်ချင်း) တွေ့ဆုံဆွေးနွေးရေးကို လိုလားနေတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးကော်မရှင် ဦးလှမောင်ရွှေကတော့ “ဆွေး နွေးပွဲကတော့ အပြုသဘောဆောင် ကောင်းမွန်တဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ တိုးတက်မှု အများကြီး ရှိပါတယ်။ ဒီနေ့ သဘောထားစုစည်းချက်ကတော့ မေလ တတိယပတ်မှာ ပြန်လည်ဆုံတွေ့ဖို့ သဘောတူညီခဲ့တယ်” ဆိုပါ တယ်။ တပ်မတော်ဘက်ကတော့ နှစ်ဦးနှစ်ဖက်ချင်း တွေ့ဆုံရေး ဆိုတာ NRPC ရဲ့ သဘောထားသာ ဖြစ်ပြီး တပ်မတော်ဘက်က မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဇွန် ၃ဝ ရက်အထိ အပစ်ရပ်ကာလကို နှစ်လ ထပ်မံတိုးမြှင့်ပေးလိုက်ခြင်း အပေါ် တပ်မတော်ကို ကျေးဇူးတင်စရာရှိပါတယ်။

အခြေအနေကတော့ စစ်အေးခေတ်ကာလက အရှေ့တိုင်း နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ဦး ပြောခဲ့ဖူးသလိုပါပဲ။ “ကမ္ဘာကြီး ကတော့ ဝရုန်းသုန်းကားနဲ့ ချီတက်နေဆဲပါ”။ မြန်မာ့ငြိမ်းချမ်းရေး ရုပ်ပုံလွှာကလည်း ဝရုန်းသုန်းကားနဲ့ ချီတက်ဆဲပါပဲ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."