မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၅

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်တပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နေ့လယ်ပိုင်းအထိ ဆက်လက်ပြင်းထန်နေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

“မနေ့ကတော့ အဲဒီ့ကုန်းကို မြောက်ပိုင်းအဖွဲ့တွေ ရသွားတယ်။ သူတို့ရသွားတော့ ညပိုင်းတစ်ညလုံး အတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ အခုထိ ပစ်နေတုန်းပဲဆိုတော့ ထိခိုက်မှုအခြေအနေတွေ ကျွန်တော်တို့တော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

မနေ့က မနက်သုံးနာရီခွဲခန့်ကစပြီး ၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ မူဆယ်မြို့အထိုင်တပ်ကနေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြောက်ပိုင်းအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းကို မနေ့ကညပိုင်းက မြောက်ပိုင်းပူးပေါင်းအဖွဲ့တွေ သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပေမယ့် သူတို့ကတော့ တရားဝင်သတင်းထုတ်ပြန်ထားတာမရှိသေးဘဲ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတာဟာ မူဆယ်မြို့အဝင်လမ်းပေါ်က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာဖြစ်ပြီး မူဆယ်မြို့ပေါ်မှာတော့ ဒေသခံတွေဟာ ပုံမှန်ပဲ သွားလာလျက်ရှိတယ်လို့ ဒေသခံ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေကို ပို့ထားပြီးဖြစ်တယ်လို့ အဲဒီ့ပရဟိတသမားက ပြောပါတယ်။

“ ၁၀၅ မိုင်ကလူတွေ၊ အရပ်သားတွေကတော့ စစ်ရှောင်စခန်းတွေကို ရောက်နေပြီ။ မူဆယ်မြို့ထဲမှာတော့ မြို့ထဲသွားလာမှုတွေ၊ နယ်စပ်ဂိတ်တွေကတော့ ပုံမှန်သွားလာမှုတွေ ရှိနေတာပေါ့။ အခုက မြို့ပေါ်တော့မဟုတ်ဘူး မြို့ပြင် မန့်ခွန်တို့ မန့်မိုင်တို့ဆိုတာက မြို့အပြင်က မြို့နဲ့ ကပ်ရပ်ရွာလေးတွေပေါ့ အဲ့ဒီနေရာတွေမှာ ဖြစ်တာပါ” လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ မူဆယ်မြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေသလို လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရတာ တစ်ပတ်နီးပါးရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးကတော့ တရုတ်နိုင်ငံနဲ့ မူဆယ်မြို့ အဝင်အထွက်ကိုတော့ ဒီနေ့အထိ ပုံမှန်ခွင့်ပြုပေးနေပြီး မူဆယ်ကနေ မြန်မာပြည်အောက်ပိုင်းကို ပြန်လို့မရဖြစ်နေတယ်လို့ ပြောပါတယ်။

“အခုက လမ်းပိတ်နေတာပေါ့၊ ကျွန်တော်တို့က ပြေးစရာအပေါက်မရှိဘူး။ ပြေးချင်ရင် တရုတ်ဘက်ဝင်ပြေးမှပဲ ရတော့မယ်။ ဒီဘက်က လမ်းတွေပိတ်နေတယ်” လို့ အဲ့ဒီ ကုန်သည်က ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ နေ့စဉ် ကုန်တင်ယာဉ် ထောင်နဲ့ချီ ဝင်ထွက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နယ်စပ်လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီ ကုန်သွယ်ရေးဇုန်ဟာ မြေဧကပေါင်း ၄၀၀ နီးပါးကျယ်ဝန်းပြီး ကုန်သွယ်ရေးဦးစီးဌာနပိုင်တဲ့ ယာဉ်စစ်ကွင်းတွေ၊ ယာဉ်ရပ်နားစခန်းတွေနဲ့ ပွဲရုံတွေ တည်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ယခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ တရုတ်မြန်မာ ကုန်သွယ်မှုစုစုပေါင်းဟာ ကန်ဒေါ်လာ နှစ်ဘီယံကျော်ရှိတဲ့အနက် ကုန်သွယ်မှု ၆၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှု ပြုလုပ်ထားတာပါ။

မြောက်ပိုင်းညီနောင်တပ်တွေဟာ အဲ့ဒီကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလကုန်ပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာလည်း ရပ်တန့်နေပါတယ်။

ပုံစာ – ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

ဓာတ်ပုံ – Mo

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."