ရန်ကုန်- ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြစ် (ခေါ်) ဒုဌဝတီမြစ်ပေါ်မှာတည်ဆောက်နေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ အကြံပေးဝန်ဆောင်မှုလုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံအင်ဂျင်နီယာကော်ပိုရေးရှင်းကုမ္ပဏီ AFRY က မြန်မာနိုင်ငံရှိရေအားလျှပ်စစ်စီမံကိန်းဝန်ဆောင်မှုတွေအားလုံးဒီနှစ်ကုန်ရပ်ဆိုင်းတော့မယ်လို့ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူအခွင့်အရေးအခြေအနေတွေဟာပိုပိုပြီး အနုတ်လက္ခဏာဆောင်လာတာကြောင့် အခုလိုရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
AFRY ဟာ ကမ္ဘာတစ်ဝှမ်းမှာ အခြေခံအဆောက်အဦတွေ၊ စက်မှုလုပ်ငန်းနဲ့စွမ်းအင်ကဏ္ဍတွေမှာ ရေရှည်တည်တံ့ရေး အကြံပေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ အင်ဂျင်နီယာကုမ္ပဏီကြီးတစ်ခုပါ။
AFRY ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင် ကတည်းက မြန်မာနိုင်ငံမှာ Colenco Power Engineering, Myanmar (CPEM) ဆိုတဲ့နာမည်နဲ့စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ မှာတော့ AFRY Switzerland ကုမ္ပဏီလက်အောက် မြန်မာနိုင်ငံရုံးခွဲအဖြစ်ပြောင်းလဲခဲ့တယ်လို့ဖော်ပြထားပါတယ်။
AFRY ဟာ လက်ရှိ နမ္မတူမြစ်ပေါ်မှာ လျှပ်စစ်ဓာတ်အား ၁၈၀ မဂ္ဂါဝပ် ထုတ်ပေးမယ့် အထက်ရဲရွာ၊ လျှပ်စစ်ဓာတ်အား ၁,၀၅၀ မဂ္ဂါဝပ် ထုတ်ပေးမယ့် ရွှေလီနဲ့ နေပြည်တော်အနီး ပေါင်းလောင်းမြစ်ပေါ်ရှိ လျှပ်စစ်ဓာတ်အား ၁၆၆ မဂ္ဂါဝပ် ထုတ်ပေးမယ့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွေမှာ အကြံပေးဝန်ဆောင်မှုတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
AFRY ကုမ္ပဏီ က ဝန်ဆောင်မှုပေးနေတဲ့ နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာစီမံကိန်းဟာ ယခင်စစ်အစိုးရလက်ထက် ၂၀၀၈ ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် အပေါ်ဆိုးကျိုးသက်ရောက်မှု၊ ဘိုးဘွားပိုင်မြေယာတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေဖြစ်လာနိုင်တာကြောင့် ဒေသခံတွေက ခေတ်အဆက်ဆက် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“ကျွန်မတို့ ခေတ်အဆက်ဆက်တောင်းဆိုလာခဲ့ကြတာကတော့ ရေကာတာဆောက်လုပ်မှုရပ်တန့်ဖို့၊ နိုင်ငံခြားကနေရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေ ထွက်သွားဖို့တောင်းဆိုခဲ့ကြတယ်။ အခုလိုမျိုး (AFRY) ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထုတ်ပြန်ချက်မှာ ဒီနှစ်ကုန်ထိဆက်ရှိနေမယ်ဆိုတာမျိုးပါဝင်တဲ့အတွက်ကြောင့် သူတို့အနေနဲ့လည်း လုပ်စရာရှိတာတွေကို အမြန်ဆုံးအဆုံးသတ်နေမယ်လို့မြင်မိပြီး ကျွန်မတို့ပြည်သူလူထုအနေနဲ့လည်း ဒီစီမံကိန်းတွေကနေ ချက်ချင်းထွက်သွားဖို့ ထပ်မံပြီးတော့ တောင်းဆိုရမယ်လို့မြင်မိပါတယ်” လို့ Save Namtu River အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲဒီရေလှောင်တမံအနီးအနားကျေးရွာတွေမှာနေထိုင်ကြတဲ့ လူပေါင်း လေးသောင်းကျော်ဟာ ရေလွှမ်းမှုဒဏ်ခံရနိုင်တယ်လို့ နမ္မတူမြစ် ကာကွယ်သူများအဖွဲ့က ၂၀၂၂ ဒီဇင်ဘာတုန်းကလည်း သတိပေးခဲ့ပါတယ်။
AFRY ကပါဝင်ပတ်သက်နေတဲ့ အဲဒီစီမံကိန်းသုံးခုမှာ စီမံကိန်းတစ်ခုကလက်ရှိလည်ပတ်နေဆဲပဲလို့ဖော်ပြထားပါတယ်။ လက်ရှိလည်ပတ်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီးအသေးစိတ်သိရဖို့ AFRY ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။
AFRY ကုမ္ပဏီဟာ ပြီးခဲ့တဲ့ NLD အစိုးရထက်ထက်ကတည်းက အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် တင်ဒါရရှိထားတာဖြစ်ပြီး အခုချိန်မှာလည်း စစ်ကောင်စီက ဦးစီးနေတဲ့ ဒီစီမံကိန်းအတွက် အကြံပေးဝန်ဆောင်မှုလုပ်နေတာပါ။
Justice for Myanmar ရဲ့ ဖော်ပြချက်အရ AFRY ကုမ္ပဏီဟာ စစ်တပ်က အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ မှ ၂၀၂၂ စက်တင်ဘာအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ သန်း ကိုစစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနထံမှရရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိ နမ္မတူမြစ်ပေါ်ရှိအထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာ AFRY အပြင် တရုတ်ကုမ္ပဏီ Zhejiang Orient Engineering Company၊ ဂျပန်ကုမ္ပဏီToshiba Hydro Power၊ နဲ့ ပြင်သစ် ကုမ္ပဏီ Razel Bec တို့လည်းပါဝင်ပတ်သက်နေတာပါ။
အခုလို AFRY က ရပ်ဆိုင်းလိုက်တာကြောင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးသွားတာမျိုးတွေတော့ရှိလာနိုင်လိမ့်မယ်လို့ Save Namtu River အဖွဲ့မှ တာဝန်ရှိသူက သုံးသပ်ပါတယ်။
ရှမ်းပြည်နယ်ရှိ မြစ်တွေပေါ်မှာတည်ဆောက်ထားတဲ့ ဧရာမရေကာတာကြီး ၁၀ ခုရှိနေပြီး အဲဒီရေကာတာတွေကနေ ထုတ်လုပ်တဲ့လျှပ်စစ်ဟာ မြန်မာတစ်နိုင်ငံလုံးရေအားလျှပ်စစ်ထုတ်လုပ်မှုထက် ထက်ဝက်ကျော်ပမာဏရှိပေမယ့် ယခုထိတိုင် ရှမ်းပြည်နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်အဝမရသေးဘူးလို့ Save Namtu River အဖွဲ့ထံမှသိရပါတယ်။
Photo – Save Namtu Rivers
#Dailynews

