အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၂(မော်ကွန်း)
ရွေးကောက်ပွဲအတွက် လေ့ကျင့်ပေးနေသည့် ရဲတပ်ဖွဲ့၀င် ၁၁ ဦးတွင် COVID – 19 ပိုးတွေ့ရှိသဖြင့် ဆေးရုံပို့ရန်လူမှုအဖွဲ့အစည်းများက ယမန်နေ့ညပိုင်းက လာရောက်ခေါ်ဆောင်ရာ ပြန်လည်ရန်ပြုခံရသည်ဟု ဗိုလ်တထောင်မြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီနာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည်။
“ရွေးကောက်ပွဲအတွက် အထူးရဲဆိုပြီး ခေါ်ယူသင်တန်းပေးနေသူတွေပါ၊ အဲဒီမှာ Positive တွေ့သွားတော့ လာခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတွေကို ပြဿနာရှာတာပါ” ဟု ၎င်းကပြောသည်။
အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် ဗိုလ်တစ်ထောင်မြို့နယ်၌ တာဝန်ထမ်းဆောင်ရန် အမှတ်(၃) အထက်တန်းကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ုံးဦးနှင့် အထူးရဲတပ်ဖွဲ့ဝင် ၃၅ ဦးကို သင်တန်းပေးနေခြင်းဖြစ်ပြီး ထိုသူများကို နာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများ ရယူစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် အထူးရဲတပ်ဖွဲ့ဝင် ရှစ်ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါ်မေစိုးက ရှင်းပြသည်။
“ပြဿနာရှာတာက အရပ်သား(အထူးရဲ)ထဲကပဲ ပြဿနာရှာတာပါ၊ လာခေါ်တဲ့ ပရဟိတသမားတွေနဲ့ နည်းနည်း ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပါ” ဟု ဒေါ်မေစိုးက ပြောသည်။
ပိုးတွေ့ရှိသူများက ပြဿနာရှာခြင်းမဟုတ်ဘဲ ကျန်ခဲ့သူများထဲမှ ပြဿနာရှာခြင်းဖြစ်သည်ဟု အတည်ပြုလူနာများအား သွားရောက်ခေါ်ဆောင်ခဲ့သူ လူမှုကူညီရေးအသင်းများ အဖွဲ့ခေါင်းဆောင် မိုးမိတ်ကူညီကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဇော်ကလည်း ရှင်းပြသည်။
“ကျွန်တော်တို့က အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် လူနာကို ပို့ဆောင်ပေးဖို့ပဲ တာဝန်ရှိပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ လမ်းလူကြီးတို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဦးမျိုးမင်းဇော်က ပြောသည်။
အချို့ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် လူနာသယ်ယူပို့ဆောင်ရာတွင် အခက်အခဲတချို့ရှိကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများက ပြောသည်။
ဗိုလ်တစ်ထောင်မြို့နယ်အုပ်ချုပ်ရေးမှူးက “ဘာတွေ ပြဿနာဖြစ်လည်းတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဘာတွေဖွနေလည်း မသိပါဘူး။ SWAB ယူပြီး စစ်တဲ့အခါမှာ သင်တန်းသားထဲက ၁၁ ယောက်ထွက်တယ်လို့ သိရတယ်။ အဲဒီအပေါ်မှာတော့ မြို့နယ်က Positive လူနာကို ခေါ်တာပြုတာတော့ ရှိတယ်၊ ဒီအပေါ်မှာ ပြဿနာဖြစ်တယ်ဆိုတာတော့ ဘာမှ ကျွန်တော်တို့ မသိပါဘူး။ ဘယ်ကဖြစ်တယ်ဆိုတာလည်း မသိပါဘူး”ဟု ပြောသည်။
ပုံစာ – အထက ၃ ဗိုလ်တထောင်
#Dailynews

