ပအိုဝ်းပြည်သူ့စစ် (PNA)က ဒေသခံတွေကို စစ်သားအတင်းအဓမ္မစုဆောင်း

ပအိုဝ်းပြည်သူ့စစ် (PNA)က ဒေသခံတွေကို စစ်သားအတင်းအဓမ္မစုဆောင်း

လွိုင်လင် – ၂၀၂၃ မေ ၁၂ (မော်ကွန်း)

ဦးအောင်ခမ်းထီခေါင်းဆောင်သည့် အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်(PNA)သည် လွိုင်လင်မြို့နယ်ရှိဒေသခံများကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းနေကြောင်း ဒေသခံများကပြောသည်။

လွိုင်လင်မြို့နယ် နားယမ်းအုပ်စု၊ အင်းချစ်၊ နောင်နိန်း၊ လွယ်ခွင်၊ ပန်းတိုင်စသည့်ကျေးရွာတို့တွင်လည်း စစ်သားစုဆောင်းနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဧပြီလမှစတင်ပြီး အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA)သည် ကျေးရွာသူကြီးများကို အစည်းအဝေးခေါ်ယူပြီး တစ်အိမ်ထောင်လျှင် လူတစ်ဦးနှုန်း မဖြစ်မနေစစ်ထဲဝင်ရန် အမိန့်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လူတွေက စစ်ထဲဝင်ရမှာ အရမ်းကြောက်ကြတယ်၊ ရွာကလူတွေ စဉ်းစားကြတာက ပိုက်ဆံပေးပြီး လူငှားမယ်ပေါ့လေ။ အခုတော့ တစ်အိမ်တစ်ယောက် သွားခိုင်းမယ်ဆိုတော့ ကိုယ်စားသွားခိုင်းဖို့ လူတွေငှားလို့လည်းမရတော့ဘူး။ နောက်ဆုံးတော့ ဒေသခံအချင်းချင်း ညှိလို့လည်းမရတော့ဘူး။ မဲနှိုက်ပြီး သွားဖို့ ဖြစ်သွားတယ်။ မဲနှိုက်လို့ ကျတဲ့အစဉ်လိုက် နံပတ်အတိုင်းသွားကြရမယ် ” ဟု စစ်ထဲသွားရမည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများသည် စစ်ထဲဝင်ရန် ဆန္ဒမရှိသော်လည်း အာဏာပိုင်၏ အမိန့်ကို မလွန်နိုင်သည့်အတွက် သွားကြရခြင်းဖြစ်ကြောင်း ဆိုကြသည်။

“စစ်ထဲကို တစ်လသွားရမယ်တဲ့၊ အကယ်လို့ ရှေ့တန်းပို့ခံရရင်တော့ ပြန်လာနိုင်ဖို့ အာမခံမရှိဘူးပေါ့” ဟု
ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းကြောင့် မိသားစုအတွင်း အချေအတင်ဖြစ်ပြီး ရန်ဖြစ်စကားများခြင်းများလည်းဖြစ်နေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်သားမဖြစ်လိုသဖြင့် နီးစပ်ရာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ရန် ပြင်ဆင်နေကြသူများလည်းရှိသည်ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“ ပိုက်ဆံပေးလည်း မရဘူး၊ စစ်ထဲပဲဝင်ရမယ်တဲ့။ အကယ်လို့ မသွားရင် သူတို့ ကိုယ်တိုင်လာခေါ်မယ်၊ မလိုက်ရင်ဖမ်းပြီး ခေါ်သွားမယ်ဆိုတော့ ကြောက်ပြီး ရွေးချယ်စရာမရှိတဲ့အဆုံး လူငယ်တွေက ထိုင်းပဲသွားဖို့ပြင်ဆင်နေကြတယ်”ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ဦးအောင်ခမ်းထီဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ နဝတလက်ထက်တွင် လက်နက်နှင့်အလင်းဝင်ရောက်ပြီး စစ်တပ်လက်အောက်ခံ အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA) ဖြစ်လာခဲ့သည်။

စစ်တပ်လက်အောက်ခံဖြစ်လာပြီးနောက် ခေါင်းဆောင်များသည် ကျောက်မျက်ရတနာလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွါးရေးလုပ်ကိုင်ခွင့်အမြောက်အများရရှိခဲ့ပြီး ကြွယ်ဝချမ်းသာလာခဲ့သည်။

အထူးဒေသ ၆ အပြင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း သုံးမြို့နယ်ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကိုလည်း PNA က ထိန်းချုပ်ထားပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့များတွင် အင်အားအတောင့်ဆုံးဖြစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်များရှိရာ နေပြည်တော်နယ်နိမိတ်အား အဓိက ကာကွယ်ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ပအိုဝ်းဒေသ၌ PNA သည် အတင်းအကြပ်စစ်သားစုဆောင်းမှုများ အပြင်းအထန်လုပ်ဆောင်နေကာ ရှမ်း – ကယားနယ်စပ်တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်ဘက်မှပါဝင်တိုက်ကူနေသည်။

ပုံစာ − ၂၀၂၂ ဇူလိုင်လက PNA စစ်သင်တန်းဆင်းပွဲတစ်ခုတွင် ၎င်းတို့၏ခေါင်းဆောင် ဦးအောင်ခမ်းထီအားတွေ့ရစဉ်။
ဓါတ်ပုံ − အထူးဒေသ ၆


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."