နမ့်ခမ်းမှာ စစ်ကောင်စီလေကြောင်းကပစ်ခတ်တာကြောင့် မိသားစုဝင်ငါးဦးစလုံးသေဆုံး

နမ့်ခမ်းမှာ စစ်ကောင်စီလေကြောင်းကပစ်ခတ်တာကြောင့် မိသားစုဝင်ငါးဦးစလုံးသေဆုံး

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းအကူအညီပေးရေး အဖွဲ့တွေနဲ့ TNLA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့နယ်က ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာကို ယခုလ ၆ ရက် ညသန်းခေါင်ယံအချိန်က စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၏ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင်ငါးဦးလုံးသေဆုံးခဲ့ကာ ကျေးရွာအတွင်းက ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီ ဟိုနားကျေးရွာအတွင်းက နေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတာပါ။

TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ စခန်းသစ်ဗျူဟာကုန်းကို ယခုလ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီဗျူဟာကုန်းရဲ့ ရှေ့ပွိုင့် လုံခြုံရေးကုန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်ရေးက မနေ့က ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့အနီးက စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို TNLA က ထိုးစစ်ဆင်နေတာ ၄၃ ရက်ကြာမြင့်နေပြီးဖြစ်ပြီး အဲ့ဒီတိုက်ပွဲကာလ တစ်လခွဲနီးပါးကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ထိ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်အနီးမှာရှိတဲ့ နမ့်ခမ်းမြို့ကို TNLA က ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်ကလည်း နမ့်ခမ်းမြို့ထဲထိ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတယ်လို့ နမ့်ခမ်းဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုက မြို့ထဲမှာ လူမရှိတော့ဘူး။ ကျွန်တော်တို့လည်း နှစ်ပတ်လောက်ရှိပြီထွက်လာတာ။ အခုက မြို့တွင်းရပ်ကွက်တွေမှာပါ ဗုံးတွေကြဲနေတာ အိမ်တွေလည်း တော်တော်ပျက်စီးကုန်တယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။

TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်ဒေသက နမ့်ခမ်းမြို့နယ်က မိုင်းဝီးတပ်စခန်းနဲ့ ကျောက်မဲမြို့နယ်က မိုင်းလုံတပ်စခန်းတို့ကို မနေ့က သိမ်းပိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဗုံးထိမှန်ခဲ့တဲ့ နေအိမ်များ

ဓာတ်ပုံ – TNLA သတင်းနဲ့ ပြန်ကြားရေ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."