ရန်ကုန် – ၂၀၂၅ ဧပြီ ၂၂ (မော်ကွန်း)
သင်္ကြန်ပိတ်ရက်ကာလအပြီးမှာ ပြည်တွင်းရွှေဈေးဟာ သင်္ကြန်မတိုင်မီကထက် တစ်ကျပ်သားကို ကျပ်လေးသိန်းနီးပါးထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
သင်္ကြန်ပိတ်ရက်မတိုင်မီ ဧပြီ ၁၁ ရက်က အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၁ သိန်းကျော်မှာ ရှိနေရာက သင်္ကြန်ပိတ်ရက်အပြီး ရုံးတွေပြန်ဖွင့်တဲ့ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၇၄ သိန်းကျော် ၇၅ သိန်းဝန်းကျင်ထိ ဈေးဖွင့်လှစ်လာတာပါ။
အခုလို ပြည်တွင်းရွှေဈေး ခုန်တက်လာတာဟာ နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၃,၄၀၀ နီးပါးထိ စံချိန်တင်မြင့်တက်နေတာကြောင့်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“ကမ္ဘာ့ရွှေဈေးက ကုန်သွယ်ရေးစစ်ပွဲဂယက်ကြောင့် အတက်အကျက ကြမ်းနေတယ်။ အဲဒါကြောင့် ပြည်တွင်းဈေးကွက်ကလည်း လိုက်တက်လာတာပါ။ ဒီအချိန်ဈေးက အတက်အကျမှန်းရခက်တာကြောင့် အရောင်းအဝယ်တွေ သတိထားရမယ်” လို့ ပြည်တွင်းရွှေဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းဈေးကွက်မှာ ဆိုင်အရောင်းဈေးတွေက အခုလို ဈေးဖွင့်လှစ်ထားပေမယ့် ရွှေဆိုင်တွေရဲ့ အဝယ်ဈေးနှုန်းတွေမှာ တစ်ကျပ်သားကို ကျပ်သုံးသိန်းကျော်ခွာပြီး ပြန်ဝယ်နေတယ်လို့ ရွှေပြန်လည်ရောင်းချသူတချို့က ပြောပါတယ်။
ဒါ့အပြင် ရွှေဆိုင်တချို့ကလည်း လက်ရှိခုန်တက်သွားတဲ့ဈေးနှုန်းကြောင့် ရွှေဆိုင်တွေကို မဖွင့်သေးဘဲ စောင့်ကြည့်နေတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ်လုပ်သူတချို့က ပြောပါတယ်။
“ဆိုင်အရောင်းဈေးပဲတက်တာပါ။ ဆိုင်ကပြန်ဝယ်ရင် ဈေးနှိမ်ကောက်တာတွေရှိတယ်။ တချို့ဆိုရင် အလျော့တွက်ကို ရှိသင့်တာထက် ပိုယူထားတယ်။ပေါက်ဈေးထက် လေးငါးသိန်း နှိမ်ပြီးပြန်ဝယ်တာ” လို့ ရွှေဝယ်ရောင်းတစ်ဦးက ပြောပါတယ်။
အခုလို ပြင်ပဈေးကွက်မှာ ရွှေဈေး စံချိန်တင်မြင့်တက်လာပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ကတော့ ပြည်တွင်းရွှေဈေး ရည်ညွှန်းဈေးကို တစ်ကျပ်သား ၅၆ သိန်းကျော်လို့ ဒီမနက်မှာ သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်က တစ်ကျပ်သားကို ကျပ်သိန်း ၅၀ ဝန်းကျင်မှာပဲ ရှိနေခဲ့တာဖြစ်ပြီး တစ်နှစ်အတွင်း သိန်း ၂၀ ကျော် ခုန်တက်ခဲ့တာပါ။
ပုံစာ – အကယ်ဒီမီအခေါက်ရွှေတုံး
ဓါတ်ပုံ- မော်ကွန်း

