မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေစီးနင်း

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေစီးနင်း

မုံရွာ-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့ကညနေပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့သလို ငါးဦးအရှင်ဖမ်းမိထားတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

စီးနင်းခံရတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းစခန်းဟာ အင်အား ၃၀ ကျော်ရှိပြီး နမခရဲ့ တစ်မိုင်ဝန်းကျင်အကွာက ထီးတော်တင်ရွာမှာ တပ်စွဲထားတဲ့ ယာယီတပ်စခန်းဖြစ်တယ်လို့ သူကဆိုပါတယ်။

“တိုက်ပွဲကြာချိန် နာရီဝက်လောက်တော့ရှိတယ်။ ငါးယောက်အရှင်မိတယ်။ သေတာက နှစ်ဆယ်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းလည်း တော်တော်ရလိုက်တယ်။ သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့ အညီထိန်းသိမ်းထားတယ်” လို့ သူကပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေဆီက MA1 ခြောက်လက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ စိန်ပြောင်းတစ်လက်၊ ၆၀ မမ ဗုံးသီးငါးလုံး၊ ၅.၅၆ ကျည် ၁၃၀၀ကျော်၊ ၇၉ မမ ဗုံးသီး နှစ်လုံးနဲ့ ကျည်ဘောက် ၂၅ ခုသိမ်းဆည်းရမိခဲ့တယ်လို့ ULF စစ်ကြောင်းကလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ULF စစ်ကြောင်းမှူး ဦးဆောင်ပြီး ယင်းမာပင်မြို့နယ်ထဲက ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter, KLG PDF အဖွဲ့တွေအပါအဝင် ယင်းမာပင်၊ ကနီ၊ ဘုတလင်နဲ့ မုံရွာစတဲ့မြို့တွေက တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပုံစာ-ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။
ဓာတ်ပုံ-ULF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."