ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၁ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကချင်အထူးဒေသ (၁) မှာရှိတဲ့ ချီဖွေနဲ့ ဆော့လော်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းပိုက်ပြီးနောက်မှာ တရုတ်နယ်စပ်မှာရှိတဲ့ ပန်ဝါမြို့ကို အခုရက်ပိုင်းမှာ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ပန်ဝါဒေသခံတချို့က ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လ ၂၉ ရက်က ချီဖွေမြို့ကို သိမ်းယူခဲ့ပြီး အခုလ ၂ ရက်ကလည်း ဆော့လော်မြို့ကို သိမ်းယူခဲ့ကာ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါကို ဖြတ်တောက်ထားနိုင်လိုက်တာပါ။
ဒီရက်ပိုင်းထဲမှာတော့ ချီဖွေ-ပန်ဝါ လမ်းပေါ်က နယ်ခြားစောင့်တပ်စခန်းတွေရှိရာ နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ကြရတာရှိတယ်လို့ ပန်ဝါမြို့ခံတချို့က ပြောပါတယ်။
ဒီဒေသတွေဟာ ဒေသတွင်းပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကစကာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာပါ။
ပန်ဝါမြို့ ဒေသခံတစ်ဦးကတော့ နယ်စပ်မြို့ ပန်ဝါအထိ တိုက်ပွဲတွေ မကြာခင်ရောက်လာနိုင်တာကြောင့် စစ်ဘေးရှောင်ဖို့ အထုပ်ပြင်ပြီး စောင့်နေတယ်လို့ ပြောပါတယ်။
“လောလောဆယ် အထုတ်ပြင်ပြီးစောင့်နေရတယ်။ သတိနဲ့ပဲနေနေရတယ်။ မြို့ထဲထိ ရောက်လာရင် ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ တချို့ကတော့ နယ်စပ်ဂိတ်ဘက်ကိုပြေးဖို့ ပြောတာလည်းရှိတယ်” လို့ ပန်ဝါ ဒေသခံ တစ်ဦးက အခြေအနေကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ရက်ကတော့ KIA တပ်တွေဟာ ပန်ဝါအနီးကို ချဉ်းကပ်လာပြီဖြစ်တာကြောင့် ပန်ဝါ ပြည်သူ့စစ်တွေအနေနဲ့ အင်အားစုဖွဲ့ပြင်ဆင်ပြီး ခုခံတိုက်ခိုက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီတပ်ရဲ့ လော်ဘီတွေက တယ်လီဂရမ်ကနေ ဖြန့်ဝေနေကြပါတယ်။
ဒါ့ပြင် ပန်ဝါအခြေစိုက် ဦးစခုန်တိန့်ယိန်း ရဲ့ BGF တွေနဲ့ ဒေသတွင်း ပြည်သူ့စစ်တွေဟာ ပန်ဝါမတိုင်မီ ၁၁ မိုင် နယ်ခြားစောင့်စခန်းကနေ လုပီကျေးရွာထိ ဆုတ်ခွာပေးလိုက်ရတယ်လို့လည်း စစ်လော်ဘီတွေက ရေးသားဖော်ပြနေကြပါတယ်။
ပန်ဝါတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
မြစ်ကြီးနား-ဝိုင်းမော် လမ်းနဲ့ ဆက်စပ်နေတဲ့ ပန်ဝါမြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့လေးဖြစ်ပြီး တောင်တန်းနဲ့ တောင်စောင်းတွေ ဝန်းရံထားတဲ့မြို့ပါ။
ဒီမြို့မှာဆိုရင် ကချင်မျိုးနွယ်စုဝင် လော်ဝေါ်၊ လချိတ်နဲ့ လီဆူမျိုးနွယ်တွေ အများစုနေထိုင်ကြပြီးတော့ တန်ဖိုးကြီးတဲ့ မြေရှားသတ္တုသိုက်တွေလည်း ရှိတဲ့ဒေသတစ်ခုပါ။
ပုံစာ – ပန်ဝါမြို့ကို ဝေဟင်မြင်ကွင်းက တွေ့မြင်ရပုံ
ဓာတ်ပုံ – Google Earth
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


