ခင်ဦး – ၂၀၂၃ မေ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာက နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မနေ့ကနဲ့ ဒီနေ့နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ရွှေဘိုမြို့နယ်ဘက်ကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကိုမနေ့ကရောက်ရှိလာပြီး မီးရှို့ခဲ့တာလို့ Peoples Defenses Comrade အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောပါတယ်။
“အိမ်ကြီးအိမ်ကောင်းတွေ အကုန်ပါတာပါပဲ၊ မနေ့က စစ်ကြောင်းဝင်လာတော့ ကပျာကယာထပြေးကြရတာနဲ့ ပြည်သူတွေလည်း အဝတ်တစ်ထည်ကိုယ်တခုပဲ ကျန်ခဲ့ကြတယ်”လို့ သူကပြောပါတယ်။
နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် ကံသစ်ကျေးရွာက နေအိမ် ၁၇၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။
ကံသစ်ကျေးရွာမှာ နေအိမ် ၅၀၀ ကျော်ရှိပြီး အာဏာသိမ်းစစ်တပ်က ခုနောက်ဆုံးထိ သုံးကြိမ်မီးရှို့ထားတဲ့အတွက် နေအိမ် စုစုပေါင်း ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်၊စစ်ကြောင်းဟာ ကံသစ်ကျေးရွာကို မီးရှို့ပြီးနောက် ဒီနေ့ညနေ ၃:၀၀ နာရီကျော်မှာ
ကားနှစ်စီးနဲ့ ရေဥဦးမြို့ကို ပြန်သွားခဲ့ပါတယ်။
ကံသစ်ကျေးရွာထဲကနေ စစ်တပ်စစ်ကြောင်းထွက်သွားပြီးတဲ့နောက် ဒေသခံတွေဟာ ရွာကိုမီးငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။
ကံသစ်ကျေးရွာကိုမီးရှို့တဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ကကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ အဖွဲ့နဲ့အတူတူပဲလို့ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – မီးရှို့ခံထားရသည့် ကံသစ်ကျေးရွာ
ဓာတ်ပုံ – Supplied
#Dailynews

