မတူပီ – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
ချင်းပြည်နယ်၊ မတူပီမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ တင်ဒါလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်မပေးထားတဲ့အပြင် ကြာမြင့်လာတဲ့အခါ လမ်းတွေပျက်စီးလာတာကြောင့် ပြုပြင်ဖို့ လုပ်ဆောင်နေပြီး လိုအပ်ချက်အရ ဒေသထဲက စက်ယန္တရားတွေကို ယူပြီးအသုံးပြုသွားမယ်လို့ CDF – Matupi ရဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“တချို့ကလည်း CDF တွေကို ထောက်ပံ့တယ်ဆိုပြီး မင်းအောင်လှိုင်ဘက်က ပြဿနာရှာခံရမှာစိုးလို့ မပေးချင်တဲ့သူတွေလည်းရှိတယ်၊ တချို့ကလည်း ဒီတိုင်းမပေးချင်တဲ့သူတွေလည်းရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့က ပေးပေးမပေးပေး လမ်းပြင်ဖို့ ယူသုံးမယ်ဆိုတာ အမိန့်ထုတ်ပြန်တာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။
လမ်းပြင်တဲ့အခါ ဒေသခံတွေရဲ့ လူအားနဲ့အဓိကလုပ်ဆောင်ရတာဖြစ်လို့ ခရီးမတွင်ဘဲ ကြာမြင့်နေတာကြောင့် စက်ယန္တရားတွေကို အသုံးပြုဖို့ ပိုင်ရှင်တွေကို လအနည်းငယ်ကတည်းက ကြိုတင်တောင်းဆိုထားခဲ့သေးတယ်လို့ သူကပြောပါတယ်။
ဒီစက်ယန္တရားတွေဟာ အရပ်သားအစိုးရလက်ထက်က ချင်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေနဲ့ အဲဒီကုမ္ပဏီတွေကို ပြန်အငှားချသူတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ကျေးရွာချင်းဆက်လမ်းတွေကို အဓိကထားပြုပြင်နေတာဖြစ်ပြီး မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF-Matupi တပ်ဖွဲ့ရဲ့ ရန်ပုံငွေတွေထဲကနေ ကျခံပြီးလုပ်ဆောင်နေတာလို့ CDF-Matupi ကပြောပါတယ်။
အခုအချိန်မှာတော့ CDF ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဘယ်လုပ်ငန်းကိုမဆို လာရောက်လုပ်ကိုင်ခွင့်မပြုထားသလို တင်ဒါလုပ်ငန်းတွေလည်း လုပ်ကိုင်ခွင့်မရှိတော့ပါဘူး။
ပုံစာ – ယနေ့ထုတ်ပြန်ချက်
ထုတ်ပြန်ချက် – CDF-Matupi
#Dailynews

