မုံရွာ – ၂၀၂၄ မတ် ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က အခုလ ၁၄ရက်မှာ မီးရှို့ခဲ့တာကြောင့် မီးဘေးသင့်စစ်ရှောင် ပြည်သူထောင်ချီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီ အရေးပေါ်လိုအပ်နေတယ်လို့ ကျေးရွာတာဝန်ခံတွေဆီကသိရပါတယ်။
သက္ကယ်ကျင်းကျေးရွာက နေအိမ် စုစုပေါင်း ၄၈၈ လုံးမီးလောင်ပျက်စီးခဲ့ပြီး သက္ကယ်ကျင်းရွာက ဒေသခံတွေ နေအိမ်မပြန်နိုင်သေးဘဲ နီးစပ်ရာကျေးရွာတွေဆီမှာ ခိုလှုံတိမ်းရှောင်နေရတယ်လို့ ကျေးရွာတာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။
” နေအိမ်တွေက အားလုံးနီးပါးလောင်သွားတော့ မပြန်နိုင်ကြသေးဘူး၊ ဘေးရွာကလူတွေကလာလှူပေမယ့် ရှိတဲ့လူဦးရေကများနေတော့မလောက်ငှပါဘူး၊ ကျွန်တော်တို့ကိုကူညီနိုင်သူရှိရင်ကူညီပေးကြပါ၊ မနိုင်တော့တဲ့အချိန်မို့အကူညီတောင်းရတာပါ “လို့ သူကပြောပါတယ်။
သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ကျေးရွာဒေသခံတွေက စားနပ်ရိက္ခာမသယ်နိုင်ကြသလို ဖိနပ်တောင်မပါသူတွေပါရှိတယ်လို့ ပြောပါတယ်။
မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေအပြင်ထိခိုက်ဒဏ်ရာရထားသူတွေရှိတာကြောင့် ဆေးဝါးအကူညီလည်းလိုအပ်နေတယ်လို့ပြောပါတယ်။
” အိမ်မီးလောင်တော့ မီးတုတ်တွေ ကျထားတဲ့ဒဏ်ရာရသူရှိတယ်၊ မီးဟပ်ခံရတဲ့သူရှိတယ်၊ တချို့သက်ကြီးရွယ်အိုတွေဆိုရင် ဒီအခြေနေကြောင့်စိတ်ထိခိုက်ပြီး မကျန်းမာတော့တဲ့သူတွေလည်းရှိတယ်၊ကလေးငယ်တွေကောရှိပါတယ်၊ အညာဘက်ကညဆိုအေးပါသေးတယ်၊ အခုလက်ရှိထိခိုက်ဒဏ်ရာရထားတာ ခြောက်ယောက်ရှိပါတယ် “လို့သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က သက္ကယ်ကျင်းရွာကို မီးရှို့တာကြောင့်နေအိမ် ၄၈၈လုံး မီးလောင်ပျက်စီး ခဲ့ပြီး
အမျိုးသားတစ်ဦး၊အမျိုးသမီးနှစ်ဦးနဲ့အဖွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့ပါတယ်။
၂၀၂၃ နှစ်ကုန်ထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရှို့ထားတဲ့ အရပ်သားနေအိမ်ဟာ ၇၉,၀၀၀ နီးပါးရှိတယ်လို့ Data for Myanmar က အခုနှစ် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ သက္ကယ်ကျင်းရွာ
ဓါတ်ပုံ – ပေးပို့

