ရန်ကုန်-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း)
ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့တွင်းက လမ်းမကြီးတွေမှာ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း(ရေဘဝဲ)က ‘SUU’ဆိုတဲ့ စာတန်းနဲ့ နှင်းဆီပုံပါ ဘန်နာကိုင်ဆောင်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
“ကျွန်မတို့ ရေဘဝဲအနေနဲ့ စစ်ဘီလူး ဖက်ဆစ်မိစ္ဆာတွေ ကြောက်ဒူးတုန်စေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်တို’စု’ဆိုတဲ့ စာလုံးနဲ့ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြမယ့် ပန်းသပိတ်(ဝါ) သံမဏိနှင်းဆီရဲ့ သင်္ကေတ ‘နှင်းဆီပန်းပွင့်ပုံ’ကို နှစ်ခုပေါင်းစပ်ကိုင်ဆောင်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ ရေဘဝဲအဖွဲ့က ပြောထားပါတယ်။
အဲဒီအပြင်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အသက်ရှည်ဖို့ ဆုတောင်းတယ်လို့လည်း ရေဘဝဲအဖွဲ့အစည်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲမယ်လို့ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အသီးသီးထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ဈေးတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ်လုံခြုံရေးတွေက စောင့်ကြည့်နေသလို မြို့နယ်တချို့မှာလည်း ရပ်ကွက်အတွင်းလမ်းကြားတွေအထိ ကင်းလှည့်နေတာတွေရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အဲဒီအပြင် စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာလည်း ပန်းသပိတ်ပါဝင်မယ့်သူတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပုံတင်တဲ့သူတွေကို ဖမ်းဆီးအရေးယူဖို့လည်း လှုံ့ဆော်ထားတာတွေ့ရပါတယ်။
“မနက်က ပန်းသွားဝယ်တော့ ရပ်ကွက်ထဲက ဒလန်မက ဈေးထဲမှာ တောက်လျှောက်ပတ်သွားပြီး လိုက်ကြည့်နေတာတွေ့တယ်။ ဒါပေမယ့် ပန်းဆိုင်တွေမှာ နှင်းဆီပန်းလာဝယ်ကြတဲ့သူတွေလည်း များတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြတာပါ”လို့ တာမွေမြို့ခံတစ်ဦးက ပြောပါတယ်။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့တုန်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး နိုင်ငံအနှံ့ကပန်းသပိတ်မှာ ပါဝင်တဲ့သူတစ်ရာကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲအရေးယူထားတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး မနှစ်က ဩဂုတ် ၁ ရက်က စစ်ကောင်စီက အမှုငါးမှုအတွက် ခြောက်နှစ်လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။
ပုံစာ-ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ တစ်ကိုယ်တော်လှုပ်ရှားမှုပြုလုပ်နေတဲ့ ရေဘဝဲအဖွဲ့ဝင်တစ်ဦး
ဓာတ်ပုံ-ရေဘဝဲအဖွဲ့

