ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၁ (မော်ကွန်း)
ရေဘေးသင့်နေတဲ့ပဲခူးမြို့မှာ ရေပြန်ကျသွားပေမယ့် ကယ်ဆယ်ရေးစခန်းတွေက ရေဘေးရှောင်သူတွေကို စိတ်မချသေးလို့ နေအိမ်ပြန်မလွှတ်သေးဘူးလို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
“ရေကပြန်ကျသွားပြီဆိုပေမယ့် မြေနိမ့်ရပ်ကွက်တွေမှာတော့ ရေက ရင်စို့လောက်ရောက်နေသေးတယ်။ ကယ်ဆယ်ရေးစခန်းက စုစုပေါင်း ၆၀ ကျော် လောက်ဖွင့်လှစ်ထားတယ်။ စိတ်မချရသေးလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရေဘေးရှောင်သူတွေကိုပြန်မလွှတ်သေးဘူး။” လို့သူကပြောပါတယ်။
ပဲခူးမြို့ပေါ်က နေရာတစ်ချို့မှာတော့ ကားတွေသွားလို့ရနေပြီလို့သူကပြောပါတယ်။
လျှပ်စစ်မီးကတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်ရနေပြီး ရေမြုပ်နေဆဲမြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ လျှပ်စစ်မီးမရသေးဘူးလို့ဆိုပါတယ်။
ဆက်သွယ်ရေးဖုန်းလိုင်းတစ်ချို့ကတော့ ပြတ်တောက်နေတုန်းပဲ လို့ဒေသခံတွေကပြောပါတယ်။
“MPT ကတော့ မရဘူး။ တစ်ခြားဖုန်းလိုင်းတွေတော့ရပြီ။ ပြတ်တောက်ပြတ်တောက်ပဲ။” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
အခုလ ၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေတက်လာခဲ့ပြီး ပဲခူးတစ်မြို့လုံးနီးပါးရေဘေးကြုံခဲ့ရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
ဒီရေကြီးမှုကြောင့် ပဲခူးမြို့ခံနှစ်ဦး မဂ္ဂတစ်လမ်းမကြီးအနီးတစ်ဝိုက်မှာ ရေနစ်သေဆုံးခဲ့သလို လူဦးရေတစ်သောင်းကျော် ရေဘေးကြုံခဲ့ရတယ်လို့ ပဲခူးအခြေစိုက်လူမှုကူညီအသင်းထံမှသိရပါတယ်။
ရေဘေးသင့်နေတဲ့ ပဲခူးမြို့ခံတွေဟာ အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေလိုအပ်နေသေးတယ်လို့ကယ်ဆယ်ရေးလုပ်နေသူတွကပြောပါတယ်။
အခုတစ်ခေါက် ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးမြို့အပါအဝင် မြို့နယ် ငါးခုက လူပေါင်း တစ်သိန်းကျော် ရေဘေးကြုံခဲ့ရတယ်လို့မြန်မာ့သတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ကထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒီနေ့ ပဲခူးမြို့ရေကြီးမှုမြင်ကွင်း
ဓာတ်ပုံ – Htin Kyaw

