ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၃
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့ပေါ်က အဓိကနေရာတွေကို မနေ့ကညပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ထိန်းချုပ်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာ ဖော်ပြပါတယ်။
သပိတ်ကျဉ်းမြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်ခန်းမ၊ ပြည်သူ့ဆေးရုံအပါအဝင် မြို့ပေါ်ကဘဏ်တွေနဲ့ အဆောက်အအုံတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဓါတ်ပုံတွေကိုလည်း စစ်တပ်ထောက်ခံသူတွေကဖြန့်ဝေနေပြီး သပိတ်ကျဉ်းမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဖော်ပြလာတာပါ။
မန္တလေးမြို့နဲ့ မိုင် ၈၀ ကျော်ကွာဝေးပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကသိမ်းယူခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ အခုလို ပြန်လက်လွှတ်လိုက်ရတာပါ။
စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်းနယ်ကို ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ မြို့ပေါ်ကို ထိုးဖောက်လာနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေ သပိတ်ကျဉ်းမြို့ပေါ်ကို ထိန်းချုပ်ထားပေမယ့် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တာမဟုတ်ဘဲ ပတ်ဝန်းကျင်ကရွာတွေအပါအဝင် သပိတ်ကျဉ်း -မိုးကုတ်လမ်းပိုင်းတစ်လျှောက်မှာတော့ တော်လှန်ရေးတပ်တွေက စိုးမိုးထားဆဲဖြစ်တယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“အခုက သူတို့ အင်အားထောင်ချီနဲ့ ရုတ်တရတ်ဝင်လာလို့ ဆုတ်ပေးလိုက်ရတာပါ။ မြို့ကလည်း ခပ်သေးသေးပဲဆိုတော့ မြို့ပေါ်မှာဘာမှမရှိဘူး။ ပတ်ပတ်လည်ကတော့ PDF တွေက ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ပုံစံပါပဲ” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီလပိုင်းထဲမှာပဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ ကရင်နီဒေသက မိုးဗြဲမြို့နဲ့ ရှမ်းမြောက်က နောင်ချိုမြို့တွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူနိုင်ပြီးနောက် တတိယမြောက်မြို့အနေနဲ့ သပိတ်ကျဉ်းမြို့ကို ဝင်ရောက်ထိန်းချုပ်လာတာပါ။ လက်ရှိမှာ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စုတွေနဲ့ စစ်ကူစစ်ကြောင်းတွေကို မန္တလေးကနေ အထက်ပိုင်းကိုပို့လွှတ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဒီသင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီး သုံးစီးမီးလောင်ပျက်စီးသွားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေး-မတ္တရာ ကားလမ်းအနီး တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဒီနေ့ထိ ဆက်ဖြစ်နေတာပါ။
ပုံစာ – သပိတ်ကျဉ်း မြို့နယ်ခန်းမအရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်

