ဂေထော
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၂ (မော်ကွန်း)
စပါးရိတ်သိမ်းရာသီ ရောက်ပြီဖြစ်သောကြောင့် သီးနှံရိတ်သိမ်းရန် ရခိုင်စစ်ရှောင်စခန်းများမှ မူလနေရပ်ဒေသများသို့ ယာယီပြန်သွားသူ သုံးသောင်ကျော်ရှိပြီး ၎င်းတို့မှာ မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်နေရသည်ဟု Rakhine Ethnics Congress (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ပြောသည်။
“ ရွာတွေက အကောင်းပကတိရှိနေသေးတယ်။ လယ်ယာလုပ်ငန်းတွေလည်း ကောင်းကောင်းမွန်မွန်ရှိနေသေးတာပေါ့။ ဒီလိုမျိုးကြောင့် ပြန်ကြတာပါ။ ဒါပေမဲ့လည်း အနီးအနားမှာတိုက်ပွဲတွေရှိခဲ့တဲ့အခါကျတော့ မြေမြှုပ်မိုင်းအန္တရာယ်ကိုတော့ စိုးရိမ်ရဆဲပေါ့”ဟု သူက ဆိုသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏ ၂၀၂၀ ဇွန်လ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ မြေမြုပ်မိုင်းကြောင့် ထိခိုက်သူ ၇၇ ဦးရှိခဲ့ပြီး ယင်းအနက် ၂၁ ဦး သေဆုံးခဲ့သည်ဟုဖော်ပြသည်။ သေဆုံးသူများထဲတွင် ကလေးသူငယ် ရှစ်ဦးပါဝင်သည်။
သို့သော်လည်း ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင်မူ ဒေသခံကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးရခြင်း၊ နေရပ်ပြန်ရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့်ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းများကြောင့် သီးနှံရိတ်သိမ်းချိန်ရောက်သည့်တိုင် နေရပ်သို့ မပြန်နိုင်သေးကြောင်း ကိုဇော်ဇော်ထွန်းက ရှင်းပြသည်။
လက်ရှိနေရပ်ပြန်၍ သီးနှံရိတ်သိမ်းနေကြသူများသည် စစ်ရှောင်စခန်းများနှင့် ၎င်းတို့ကျေးရွာများကြား နေ့ချင်းပြန်၍ရသည့် အခြေအနေများကြောင့် ပြန်ကြခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း စစ်ရှောင်များ၏ အခက်အခဲများကို သိရှိနိုင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက စတင်၍ အချက်အလက်များကောက်ယူနေသည်။
ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ ဦးဝင်းမြင့်က “တကယ်လို့မပြန်နိုင်ဘဲ အခက်အခဲရှိတဲ့သူတွေက ဘယ်လိုမျိုး အခက်အခဲရှိလဲ၊ ဘယ်လိုမျိုး ကျွန်တော်တို့ ကူညီဖြေရှင်းပေးရမလဲ၊ အဲဒီစာရင်းတွေသိချင်လို့ ကောက်တာပါ”ဟု မော်ကွန်းသို့ပြောသည်။
ယင်းစာရင်းကောက်ယူမှုသည် လက်ရှိအချိန်ထိ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများက ပြည်နယ်အစိုးရအဖွဲ့ထံ ပေးပို့လာခြင်းမရှိသေးပေ။ ထို့ကြောင့် စစ်ရှောင်အရေးနှင့်ပတ်သက်ပြီး မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကို အတိအကျပြောပြ၍ မရကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။
ကျောက်တော်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း စစ်ရှောင်းများဘ၀ ပြန်လည်ထူထောင်ရေးအတွက် အစိုးရအနေဖြင့် အပြည့်အဝ အကူအညီပေးဖို့ လိုအပ်ကြောင်း မှတ်ချက်ပေးသည်။
တပ်မတော်နှင့် AA တို့ကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် စစ်ရှောင်စခန်း ၁၆၈ ခုအထိ ရှိနေကာ စစ်ရှောင်ဦးရေ ၂၃၆,၀၀၀ ကျော် ရှိလာခဲ့သည်ဟု Rakhine Ethnics Congress က နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ – ဘူးသီးတောင်မြို့နယ်၊ဒုံးသိမ်စစ်ရှောင်စခန်းရှိ စစ်ရှောင်များကို အောက်တိုဘာအတွင်း တွေ့ရစဉ်။
ဓာတ်ပုံ – Aung Chay
#Dailynews

