၂၀၂၀ အထိရောက်လာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သုံးသပ်ချက်ဖြစ်ပါသည်

သန်းစိုးနိုင်ရေးသည်

အစိုးရရဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ (KIO, TNLA, AA, MNDAA) တို့ ၂၀၁၉ အတွင်းမှာ လေးကြိမ်တိတိ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပါတယ်။ မူဆယ်၊ မိုင်းလားနှင့် ကျိုင်းတုံမြို့တွေမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်က ကျင်းပတဲ့ ကျိုင်းတုံဆွေးနွေးပွဲ ကာလဟာ တပ်မတော်နဲ့မြောက်ပိုင်းသုံးဖွဲ့တို့အကြား ရှမ်းမြောက်ဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ဖြစ်ပါတယ်။

၂၀၁၉ သြဂုတ် ၁၅ ရက် မနက်ပိုင်းမှာ နောင်ချိုမြို့အထွက် တိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ မူးယစ်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်နည်းပညာ(တပ်မတော်) တက္ကသိုလ်၊ နောင်ချိုမြို့နယ်ခံတပ်ရင်း ဌာနချုပ်တွေကို ညီနောင် မဟာမိတ်သုံးဖွဲ့က တစ်ပြိုင်နက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်။ တစ်ဆက်တည်းဆိုသလို မဟာဗျုဟာလမ်းမဖြစ်တဲ့ မန္တလေး-မူဆယ်လမ်းတစ်လျှောက်မှာ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ကြတယ်။ ရက်ပေါင်း ၂၀ ကျော်အတွင်း နေရာ ၂၇ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး တံတားလေးစင်း ချိုးဖျက်ခံရမှုကြောင့် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ရတယ်။

ထိုပစ်ခတ်တိုက်ခိုက်မှုများအတွင်း လက်နက်ထိမှန်မှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးတဲ့ အရပ်သား ၁၃ ဦး ရှိခဲ့ပြီး စစ်ရှောင်ဒုက္ခသည်ပေါင်း ၆,ဝ၀ဝ ကျော်ရှိ လာခဲ့ရတယ်။ အဆိုပါ တိုက်ပွဲစဉ်များအတွင်း မီးရှို့ ဖျက်ဆီးခံရတဲ့ အရပ်သားကား ၁၀ စီးအပါအဝင် ပျက်စီးသွားတဲ့ကား စုစုပေါင်း ၃၇ စီးအထိ ရှိခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ မဟာမိတ်သုံးဖွဲ့က ကားတွေကို မီးရှို့ ခဲ့ကြတာ ဖြစ်တဲ့အပြင် ဖုန်းနဲ့ ငွေတွေကိုလည်း သိမ်းဆည်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီမြောက်ပိုင်း ပဋိပက္ခအတွင်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ အရပ်ကား၊ လူနာတင်ကားတွေကို မီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေက အပြင်းအထန် ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

ဒီကာလအတွင်း တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေက အပစ်အခတ်ရပ်စဲကြမယ်လို့ ကြေညာထားခဲ့ကြတာပါ။ ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီကစပြီး တပ်မတော်က နမ့်ဆန်မြို့တပ်စခန်း၊ ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီတို့ကနေ လက်နက်ကြီးတွေ ပစ်ခတ်ပြီး နမ့်ဆန်မြို့တောင်ရိုး ဘုရားတောင်ပေါ်ရှိ ပလောင်တပ်ဖွဲ့ (TNLA) ကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ နေရာဟာ နမ့်ဆန်မြို့နဲ့ မီတာငါးထောင်ခန့် ကွာဝေးတဲ့ တောင်ပေါ်စခန်းဖြစ်တဲ့အတွက် နမ့်ဆန်မြို့ လုံခြုံရေးကို အန္တရာယ်ပေးနိုင်တဲ့အတွက် တပ်မတော်က ချီတက်သိမ်းပိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပစ်အခတ် ရပ်စဲကြတယ်ဆိုပေမယ့် တိုက်ပွဲတွေ မရပ်စဲနိုင်ကြသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုလို ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေက ဖြစ်ပွားနေဆဲပါပဲ။ စစ်တွေမြို့က ဘူးသီးတောင်မြို့ကို အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီက ထွက်ခွာလာတဲ့ ‘ရွှေနဒီ’ အမြန်ရေယာဉ်ကို နံနက် ၁၀ နာရီခွဲခန့် အချိန်က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ ရခိုင်တပ်ဖွဲ့ (AA) က တားဆီးပြီး ခရီးသည် ၁၆၀ ကျော်အနက် ၅၇ ဦးကို ဖမ်းဆီးပြီး ကျန်ခရီးသည်တွေကို ဘူးသီးတောင်ဆီ ဆက်လက်ထွက်ခွာစေခဲ့တယ်လို့ ဆိုပါတယ်။ အဖမ်းဆီးခံရသူတွေထဲမှာ မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့လာတဲ့ ရဲအရာရှိ ၁၁ ဦး၊ အခြားအဆင့် ၁၆ ဦး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မီးသတ်သင်တန်းဆင်းလာသူ ၂၀ ခန့်နဲ့ အရပ်သားတချို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီအရပ်သားတွေထဲမှာ ပလက်ဝမြို့နယ်က  လွှတ်တော်အမတ် ဦးဝှေ့တင်းလည်း ပါဝင်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားသူ အများစုကတော့ ပြန်လွတ်လာခဲ့ကြပါပြီ။ ဒါပေမဲ့ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် အမုန်းတရားဖြန့်ဖြူးမှုတွေနဲ့ AA က စွဲချက်တင်ထားတဲ့ ပလက်ဝအမျိုးသားလွှတ်တော်အမတ်ရဲ့ ကံကြမ္မာကတော့ ဒီနေ့အထိ သေသလား၊ ရှင်သလား မခွဲခြားနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ  ခရီးစဉ် ထောက်ခံပွဲ ကျင်းပဖို့ လှုံ့ဆော်ကြိုးပမ်းမှုဖြင့် AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။  (တပ်မတော်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။ တပ်မတော်ဘက်ကမူမဟုတ်မှန်ကြောင်း ငြင်းဆိုသည်။) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ လုပ်ကြံသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပါပြီ။ ဒီလို အခြေအနေအောက်မှာ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့  ညီမနဲ့ ယောက်ဖကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ ဒီလိုပါးရိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ ကျင့်ထုံးမျိုးကို အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရတစ်ရပ်နဲ့ အမျိုးသားတော်လှန်ရေး အင်အားစုတစ်ရပ်အကြား ပေါ်ပေါက်နေခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အတွက် အတော်ရင်လေးစရာ ကောင်းပါတယ်။

၂၀၁၉ နိုဝင်ဘာ ၂၂ ရက်က နမ့်ဆန်မြို့နယ်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းအချို့ဟာ TNLA ရဲ့ စစ်ဦးစီးချုပ်အဆင့်ရှိတဲ့ တာ့ဟိုးပလန်ရဲ့ ဇာတိဖြစ်တဲ့ ဟူးခင်းကျေးရွာအုပ်စု ဟိုမိန်းကျေးရွာအနီးတစ်ဝိုက် ဝင်ရောက်ရှင်းလင်းရာမှာ လေယာဉ်ပစ် လက်နက်တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ နဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့ပါတယ်။ ဒီလက်နက်တွေထဲမှာ FNC (K-12) ပခုံးထမ်း လေယာဉ်ပစ်လက်နက်၊ M-22 သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၀ လက်၊ M-16 ကိုးလက်၊ စက်လတ် ၂၉ လက်၊ RPG ၈ လက်နဲ့ ကျည်ခဲယမ်း၊ ဗုံးသီးအမြောက်အမြား သိမ်းဆည်းရမိခဲ့ တယ်လို့ဆိုပါတယ်။ ဒီလက်နက်အများစုဟာ တရုတ်ပြည်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး FNC (K-၁၂) ပခုံးထမ်း လေယာဉ်ပစ်လက်နက်တွေဟာ အာဖဂန်စစ်ပွဲမှာ ဆိုဗီယက်လေယာဉ်တွေကို အထိနာစေတဲ့ အမေရိကန် Stinger ဒုံးကျည်လို အမျိုးအစား တွေဖြစ်လို့ အလွန် အန္တရာယ်ကြီးတဲ့ လက်နက်တွေဖြစ်ပါတယ်။ ဒီလက်နက်တွေကို အသုံးချခွင့်သာ ရသွားခဲ့ရင် ရှမ်းမြောက်ဒေသရဲ့ တိုက်ပွဲအရှိန်အဟုန်ဟာ ပိုမိုကြီးထွားမြင့်မားလာစရာအကြောင်းရှိပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်း လေးဖွဲ့တို့ အပစ်အခတ် ရပ်စဲထားတဲ့ကာလအတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပေမယ့် စက်တင်ဘာ ၁၇ ရက် က  ကျိုင်းတုံမြို့မှာ NRPC နဲ့ မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ Bilateral Ceasefire Agreement (နှစ်ဦးနှစ်ဖက်ချင်း အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်) ချုပ်ဆိုရေး၊ တိုက်ပွဲများ ရပ်တန့်ရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် စည်းကမ်းသတ်မှတ်ရေးအတွက် ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြပါတယ်။ ကျိုင်းတုံဆွေးနွေးပွဲမှာ နှစ်ဖက် အပစ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်ထိုးဖို့ မြောက်ပိုင်းအဖွဲ့ တွေမှာ Mandate ပါမလာသေးတဲ့အတွက် လက်မှတ်မထိုးနိုင်ခဲ့ကြပေ။ အောက်တိုဘာမှာ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံ ဆွေးနွေးရန်သာ ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံဆွေးနွေးပွဲအပြီး စက်တင်ဘာ ၂၀ ရက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၁၉ နှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲကြောင်းကို ထုတ်ပြန်ကြေညာခဲ့ကြပြန်ပါတယ်။ ဒါပေမဲ့ ဒီလို ကြေညာခဲ့တဲ့နေ့မှာပဲ ဘူးသီးတောင်ရှိ စကခ ၁၅ ကို AA တပ်ဖွဲ့က အဝေးမှရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီမှာတင် ယုံကြည်မှုကျဆင်းလာတဲ့ တပ်မတော်ဘက်က စစ်တိုင်းနယ်မြေငါးခုမှာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းကို ရုပ်သိမ်းလိုက်ပါတော့တယ်။ အစိုးရနဲ့ တပ်မတော်ဘက်က ကိုးလတိုင်အပစ်အခတ် ရပ်စဲပေးခဲ့ပေမယ့် ၎င်းတို့အနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး ရလဒ်ကောင်းရအောင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ထိုအပစ်အခတ်ရပ်စဲရေးကာလအတွင်း KIA အဖွဲ့အစည်း နဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ဒီကာလအတွင်း တပ်မတော်နဲ့ KIA တို့အကြား စစ်ရေးတိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးတဲ့ Bilateral လက်မှတ်ထိုးရေး ဆွေးနွေးပွဲတွေက တစ်ဆင့် NCA လက်မှတ်ရေးထိုးရာမှာ KIA အဖွဲ့  ပါဝင်လာနိုင်စရာ အခြေအနေကောင်းတွေရှိပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ စုပေါင်းဆွေးနွေး၊ စုပေါင်းလက်မှတ်ထိုးရေး သဘောထားတွေ ချမှတ်ထားတာကြောင့် လတ်တလောအားဖြင့် ဒီလိုဖြစ်လာနိုင်စရာ အခြေအနေတွေ မရှိသေးပါဘူး။

တကယ်လို့ စီစဉ်ထားသလို အောက်တိုဘာအတွင်း Bilateral လက်မှတ်ရေးထိုးပွဲတွေ ဖြစ်လာနိုင်ရင်တော့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းပေါ် ရောက်လာနိုင်စရာ အခြေအနေကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာထဲရောက်လာတဲ့တိုင်အချိန်နဲ့ နေရာအကြောင်းပြချက်တွေ ညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲတွေတော့ ဖြစ်မလာခဲ့ကြပါဘူး။ ၂၀၂၀ ထဲ ရောက်သွားနိုင်တဲ့ အခြေဆိုက်နေပါပြီ။ အဆိုးဆုံး အခြေအနေအဖြစ် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းနဲ့ အကောင်းဆုံးအခြေအနေအဖြစ် Bilateral Agreement လက်မှတ်ထိုးရေးတွင် မည်သို့သောလမ်း လျှောက်မည်ဆိုသည်ကို မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ငြိမ်းချမ်းရေးကို မည်မျှထက်သန်လိုလားကြောင်း ပြည်သူများကိုပြသရမယ့် အချိန်အခါကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကတော့ ၂၀၂၀ ထဲ ဆက်ဝင်ကြရတော့မှာပါပဲ။


#Analysis


အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."