မြန်မာ အမြဲတမ်းရှုံးနေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး

မြန်မာ အမြဲတမ်းရှုံးနေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Cover Story ဖြစ်ပါသည်။

ကျော်ဇေယျ  ရေးသည်။

ရန်ကုန် (မတ်၊ ၂၀၁၉)

တိုင်းပြည်ရဲ့ ပို့ကုန်ဝင်ငွေရှာဖွေပေးရာမှာ နယ်စပ်ကနေ ကုန်စည်တင် ပို့ရောင်းချမှုဟာ အဓိကကဏ္ဍတစ်ခုအဖြစ်ရှိပေမယ့် ခေတ်အဆက်ဆက် လျစ်လျူရှုမှုခံခဲ့ရတာတွေကြောင့် ဒီကဏ္ဍမှာ အခက်အခဲများစွာနဲ့ ကြုံနေ ရတယ်လို့ ကုန်စည်တင်ပို့ရောင်းချသူတွေနဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

   လူဦးရေများတဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးတွေ နိုင်ငံဘေးမှာတင် ရှိနေတဲ့အနေအထားမှာ နယ်စပ်ကုန်သွယ် ရေးကို ပိုမိုဂရုစိုက်အားထည့်ပြုပြင်မယ်ဆိုရင် ဒီကဏ္ဍကနေ ရရှိလာမယ့် အခွင့် အလမ်းတွေများစွာရှိတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။

တကယ်လည်း နိုင်ငံနယ်စပ် ကုန်သွယ်ရေးကနေရနေတဲ့ ဝင်ငွေက မနည်းပါဘူး။  ကုန်သွယ်ရေးဦးစီးဌာနရဲ့ အချက် အလက်တွေအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မှာ နယ်စပ်ပို့ကုန်ရငွေဟာ အမေရိကန် ဒေါ်လာ  ငါးဘီလီယံခွဲကျော်ရှိပြီး တစ်နိုင်ငံလုံး ပို့ကုန်စုစုပေါင်းရဲ့ ၄၀ ရခိုင်နှုန်းခန့် ရှိပါတယ်။

ဒီလို နိုင်ငံခြားဝင်ငွေရှာဖွေရာမှာ ပမာဏကြီးတဲ့ အချိုးအစားနဲ့ ပါဝင်နေပေမယ့် နယ်စပ်မှာ ကုန်သွယ်နေတဲ့ပုံစံက တော့ အခုအထိ ““ခေါင်းရွက်ဗျပ်ထိုးဈေးရောင်းကြသလို”” ကုန်ကူးနေကြတုန်းပဲ လို့ စီးပွားရေးပညာရှင် ဦးစောမြင့်မောင် က ဝေဖန်ပါတယ်။

““နိုင်ငံခြားကုန်သွယ်မှုမှာ နယ်စပ် ကုန်သွယ်ရေးရဲ့ ကုန်သွယ်မှုဟာ အတော် များများပါဝင်နေတယ်ဆိုရင် နိုင်ငံတော် အနေနဲ့ဒီကုန်သွယ်မှုကို အာရုံစိုက်လုပ်ဖို့ လိုတယ်။ အဓိကကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ရမယ်”” လို့ သူက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ တာဝန်ရှိ အာဏာပိုင်တွေနဲ့ မြန်မာကုန်သည်တွေ ဟာ မှောင်ခိုကုန်ကူးတဲ့စနစ်နဲ့ တစ် လျှောက်လုံး ယဉ်ပါးလာသူတွေဖြစ်တဲ့ အတွက် နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ရကောင်းမှန်းမသိ ဖြစ်နေကြ တယ်လို့ သူက သုံးသပ်ပါတယ်။

အစိုးရအနေနဲ့  ကုန်သွယ်ရေးမူဝါဒ အားနည်းတာ၊ နယ်စပ်ကုန်သွယ်ရေးမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးတွေ ဖန်တီးမထားနိုင်တာနဲ့ နယ်စပ် ပို့ကုန်ကဏ္ဍအလိုက် ဈေးကွက်ဖော် ဆောင်မှုအပိုင်းမှာ အားနည်းတာတွေက နိုင်ငံအတွင်းက စိုက်ပျိုးမွေးမြူထုတ်လုပ် သူတွေအတွက် ကြီးမားတဲ့ နစ်နာမှုတွေ ကို ဖြစ်စေတယ်လို့ နယ်စပ်ကုန်သွယ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာမခံချက်မရှိသေးတဲ့နယ်စပ်ကုန်သွယ်ရေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မြို့နယ်က ဦးသစ္စာဆိုရင် အကြီးဆုံးနယ် စပ်ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ် နိုင်ငံကို  ဖရဲသီးစိုက်ပြီး ကိုယ်တိုင် တင်ပို့ ရောင်းချနေသူတစ်ဦးပါ။ ဒီ လုပ်ငန်းမှာ စိုက်ခင်းကနေ နယ်စပ်ဈေးကွက်ရောက် တဲ့အထိ    ကိုယ်တိုင် တာဝန်ခံကုန်ကူးနေရ ပေမယ့် အာမခံချက်မရှိတဲ့ နယ်စပ်ကုန် သွယ်ရေးအခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

ဒီနှစ် ဖရဲသီးတွေပေါ်ချိန်မှာ ဟိုး လေးတကျော်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံနယ် စပ်ဂိတ်ပေါက်တွေမှာ လူဝင်မှုစည်းမျဉ်း တွေ အသစ်ပြောင်းလို့ အချိန်ကြန့်ကြာမှု ဖြစ်ကြတာ၊ ကိုယ့်နိုင်ငံဘက် ခြမ်းက လည်း သစ်သီးသမားတွေ ကုန်ကူးနေတဲ့ နယ်စပ်ဂိတ်ပေါက်ကို တရားမဝင်ဂိတ် သတ်မှတ်ပြီး ပိတ်ပစ်တာတွေကြောင့် နယ်စပ်မှာ ကုန်စည်တွေသောင်တင်၊ အသီးတွေ ပုပ်သိုးကာ ဆုံးရှုံးနစ်နာခဲ့တဲ့ နိုင်ငံအနှံ့က ဖရဲစိုက်တောင်သူတွေထဲ သူ လည်း ပါခဲ့ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနကတော့ ဒီနှစ်ဖရဲသီးသမားတွေ ကြုံခဲ့ရတဲ့ တရုတ် နယ်စပ်က အခြေအနေဟာ မြန်မာကုန် သည်တွေ ပုံမှန်ကြုံတွေ့နေရတဲ့ ဖြစ်နေကျ ပြဿနာသာ ဖြစ်တယ်လို့ မော်ကွန်းကို ပြောပါတယ်။ ဦးသစ္စာကတော့ နယ်စပ် မှာ သူတို့ ကုန်ကူးနေရတာက ကုန်သည် အချင်းချင်း တန်းတူရည်တူ ပခုံး ချင်းယှဉ် ကုန်ကူးနေရတာမျိုးမဟုတ်ဘဲ တစ်ဖက် တရုတ်ကုန်သည်တွေရဲ့ အလိုကျ လိုက် လျောကုန်ကူးနေရတာမျိုးဖြစ်တယ် လို့ ပြောပြတယ်။

““သူတို့(တရုတ်ကုန်သည်တွေ)ကြိုက်လို့ဝယ်ရင်တောင်မှ ဒီဘက်မှာ ငွေ မရှင်းဘူး။ ဟိုဘက် သူတို့နိုင်ငံအထိ သွား ပို့ပေးရတယ်။ ပြီးတော့သူတို့ စိတ်ကြိုက်၊ ကောင်းတဲ့သစ်သီးတွေကို ရွေးထုတ်ယူ ပြီးမှ တန်ဖိုးကို ငွေရှင်းတယ်။ ကျန်တာ ကတော့ အပယ်ဖြစ်သွားတာပေါ့။ တကယ်ဆိုရင် ကိုယ့်နိုင်ငံဘက်မှာတင် ဒီဟာတွေက ပြီးစီးသင့်တာ”” လို့ သူက ဆိုတယ်။

ကိုယ့်နိုင်ငံကကုန်စည်၊ ကိုယ့်နိုင်ငံ အတွင်းက စီးပွားရေးဇုန်မှာသာ အပြီး အပြတ် ကုန်ကူးနိုင်တဲ့ အခြေအနေမျိုး နယ်စပ်မှာ ဖန်တီးပေးထားမယ်ဆိုရင် ဒီနှစ်နယ်စပ်မှာ ဂိတ်ပိတ်ခံရတဲ့ ပြဿနာ မျိုးကြုံရင်တောင် နိုင်ငံအတွင်းက စိုက် ပျိုးထုတ်လုပ်သူတွေ ဒီလောက် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ဦးသစ္စာက သုံးသပ်တယ်။

၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းကနေ ၂၀၁၉ ဇန်နဝါရီ ဒုတိယ အပတ်အထိ ဖရဲ၊ သခွားမွှေးသစ်သီးတွေ ကူးသန်းရောင်းချ တဲ့ နယ်စပ်ဂိတ် အပိတ်ခံရတဲ့ပြဿနာ ကြောင့် အဲဒီသီတင်းပတ်တွေအတွင်း ပြည်တွင်းက ဖရဲ၊ သခွားမွှေးစိုက် တောင် သူတွေရဲ့ ဝင်ငွေ ကျပ်ဘီလီယံနဲ့ချီ ဆုံးရှုံး ခဲ့ကြရတယ်လို့ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်ကုန်သွယ်ရေးဇုန်က သစ်သီးကုန် သည်တွေက ပြောပါတယ်။ (ဒီဇင်ဘာ အတွင်း သစ်သီးကွင်း လုံခြုံရေး ယူထား တဲ့ ပြည်သူ့စစ်အဖွဲ့ကို အမည်မသိ လက် နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်တာ ကြောင့် နယ်မြေလုံခြုံရေးအရ နယ်စပ် ဂိတ်ကို ပိတ်လိုက်ရတယ်လို့ ကုန်သွယ် ရေး၊ဦးစီးဌာနက ဖြေကြားပါတယ်။)

ဒီသစ်သီးတင်ပို့ကုန်သွယ်မှုလုပ်ငန်းဟာ မြန်မာ-တရုတ် နယ်စပ်မှာ ရာသီချိန် ရောက်ပြီဆိုရင် တစ်ရက်ကို ကုန်ကားစီး ရေ ၄၀၀ ကနေ ၈၀၀ ကြားအထိ ရောင်းချ ရတဲ့ ဈေးကွက်တစ်ခု ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဖြစ်သူ ဦးနိုင်ဝင်းက ဆိုပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တို့က လွဲရင် နိုင်ငံတွင်းကဒေသတိုင်းလိုလို စိုက်ပျိုး ထုတ်လုပ်ရောင်းချတဲ့ ဒီလုပ်ငန်းက ထုတ် ကုန်တွေရဲ့ တစ်ခုတည်းသော အားထား ရာက တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းလို့ သူက ရှင်းပြပါတယ်။

““ရန်ကုန်မှာ တစ်ရက် ငါးစီး လောက်ပဲ ဖြုန်းနိုင်ချိန်မှာ တရုတ်က တစ်ရက် အစီး ၈၀၀ လောက် (အဝယ်) ရှိ တာလေ။ တွက်ကြည့်ပေါ့””လို့ သစ်သီး ကုန်သည်လုပ်သက် အနှစ် ၂၀ ကျော် လာပြီဖြစ်တဲ့ ဦးနိုင်ဝင်းက ပြောပြတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာဆိုရင် နယ် စပ်ကနေ တရုတ်နိုင်ငံကို ဖရဲ၊ သခွား တန် ချိန်ပေါင်း ကိုးသိန်းကျော် တင်ပို့နိုင်ခဲ့ တယ်လို့ ဦးနိုင်ဝင်းက ရှင်းပြပြီး တောင် သူတွေအတွက် ဘီလီယံနဲ့ချီတဲ့ ဝင်ငွေကို ရှာဖွေပေးတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်တော့ နယ်စပ်မှာ ပြဿနာတွေ ကြုံရတဲ့အတွက် ဒီစံချိန်ကို မီဖို့ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

 

တခြားကုန်စည်တွေလည်း အဖမ်းခံရ

ဒီနှစ် တရုတ်နယ်စပ်ကုန်သွယ် ရေးမှာ ပြဿနာကြုံခဲ့ရတာက ဖရဲသီး ကုန်စည်တွေတင်မကပါဘူး။ တခြား ဆန်၊ ပြောင်း၊ သကြားနဲ့ မွေးမြူရေးကုန်စည် တင် ပို့ရောင်းချသူတွေလည်း ကြုံကြရ တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဒေါက် တာစိုးထွန်းကတော့ ဒီနှစ်မှာ နယ်စပ် ကနေတင်ပို့တဲ့ ဆန်တွေကို တရုတ်ဘက် မှာ အဖမ်းအဆီးလုပ်တဲ့အတွက် နယ်စပ် မှာ ဆန်တွေပုံနေပြီး ရောင်းအားလည်း ကျသွားရတယ်လို့ဆိုပါတယ်။ မနှစ်ကပြည်ပတင်ပို့တဲ့ဆန်တန်ချိန်စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ တန်ချိန် နှစ်သန်းနီးပါးကို တရုတ်နိုင်ငံကို တင်ပို့ခဲ့ တာဖြစ်ပြီး နယ်စပ်ကနေဆန်တင်ပို့မှုဟာ အဓိကကျခဲ့တယ်လို့ သူက ပြောပြတယ်။

ဒီနှစ် တရုတ်နယ်စပ်မှာ မြန်မာ ဆန်တင်ပို့မှုကို တားဆီးခံရတာရဲ့ နောက် ဆက်တွဲအကျိုးဆက်က ကုန်ခဲ့တဲ့နှစ်က ပြည်ပ တင်ပို့ခဲ့တဲ့ ဆန်တန်ချိန်သုံးသန်းခွဲ ကျော်စံချိန်ကို မမီနိုင်တော့ဘဲ ပြည်တွင်း မှာ ဆန်တန်ချိန် တစ်သန်းကျော်လောက် ပိုနေမှာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေ က ဆိုပါတယ်။

ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ဒီ နှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာတော့  မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ဆန် ကုန်သည်တွေဟာ ဆန်တင်ပို့ ခွင့်ရဖို့ မြန်မာနဲ့နယ်စပ်ကုန်သွယ်မှု လုပ် နေတဲ့  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးတာ တွေ လုပ်ဆောင်နေပါတယ်။ မြန်မာပို့ ကုန်တွေကို အဓိက ဖမ်းဆီးအရေးယူနေ တာက ယူနန်ပြည်နယ်က အာဏာပိုင် တွေပါလို့ နယ်စပ်ကုန်သည်တွေက ပြော ပါတယ်။

““ပြဿနာအားလုံးဟာ မူဆယ်မှာ ပုံနေပါတယ်။ ဆန်လည်းပုံတယ်။ သကြား လည်းပုံတယ်။ နွားတွေတောင် အစာ ကျွေးထားရပြီး အကောင်သုံးလေးထောင် လောက် ငုတ်တုတ်ထိုင်နေကြရတယ်။ ပြဿနာတွေကတော့ အများကြီးပဲ””လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

ပြည်တွင်းက ထွက်တဲ့ ပြောင်း ထုတ်လုပ်မှုရဲ့  ၉၀ ရာခိုင်နှုန်းကျော်ဟာ လည်း နယ်စပ်ကနေတစ်ဆင့် တရုတ်ဈေး ကွက်ကို ပို့နေတာဖြစ်ပြီး သကြားတင်ပို့မှု တွေ၊ နွားတင်ပို့မှုတွေဟာလည်း ဒီ နယ် စပ်ကနေသာ လုပ်ကိုင်နေကြတာလို့ သူ က ရှင်းပြတယ်။

ဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေ ကနေ လယ်ယာထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်း ထွက်၊ သစ်တောထွက်ပစ္စည်းနဲ့ စက်မှုကုန် ချောပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေ ကို တင်ပို့ရောင်းချနေတယ်လို့ ကုန်သွယ် ရေးဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ နယ်စပ်ကနေတင်ပို့တဲ့ ဒီ ကုန်စည်တွေရဲ့ စုစုပေါင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၅,၅၀၀ ကျော်ရှိပါတယ်။ နယ်စပ်ဝင် ငွေစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်ကို ကုန်စည်တင်ပို့ရောင်းချတာ ကနေရရှိခဲ့တာလို့ ကုန်သွယ်ရေး ဦးစီး ဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြ      ပါတယ်။

ယခုနှစ် အောက်တိုဘာကနေ ဇန်န ဝါရီလကုန်အထိ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ အမေရိကန် ဒေါ်လာသန်း ၂,၂၀၀ ကျော်ဖိုးလောက် ကုန်စည်တင်ပို့ ခဲ့ပြီးပါပြီ။ တင်ပို့ပြီးသမျှ ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တရုတ်ကိုပဲ တင်ပို့ ထားတာပါ။

Photo-Khwar Nyo Trd: Co.,Ltd. နယ်စပ်ဂိတ် အပိတ်ခံရမှုကြောင့်ပုပ်သိုးပျက်စီးသွားသော သစ်သီးကုန်စည်အချို့

တရုတ်ဘက်က အသိအမှတ်မပြု

ဒီလို ပမာဏများတဲ့ ကုန်သွယ်မှုနဲ့ နယ်စပ်ကနေ တင်ပို့နေပေမယ့် မြန်မာရဲ့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ မွေး မြူရေး ထွက်ကုန်တွေကို တရုတ်နိုင်ငံ ဘက်ခြမ်းမှာ တရားမဝင်ကုန်စည် အဖြစ် သတ်မှတ်ခံထားရတာက ကုန်စည်တင် ပို့သူတွေကြုံရတဲ့ စိန်ခေါ်မှုလို့ နယ်စပ်ကုန် သွယ်ရေးလေ့လာသူတွေက ပြောကြတယ်။

တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ ရှုပ်ထွေးများပြားလှတဲ့ အရည်အသွေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံသတ်မှတ်ချက်တွေကြောင့် တရားဝင် ကုန်စည်အဖြစ် တင်ပို့နိုင်ဖို့ မြန်မာဘက် မှာ အခက်အခဲဖြစ်ရသလို တရုတ်နိုင်ငံရဲ့ မူဝါဒအရ သူ့နိုင်ငံထဲက လယ်သမားတွေ ကို အကာအကွယ်ပေးဖို့ ပြင်ပက တင် သွင်းလာတဲ့ လယ်ယာထွက်ကုန်တွေ အပေါ် အလွန်မြင့်တဲ့ အခွန်နှုန်းသတ်မှတ် ချက်တွေကြောင့်လည်း နယ်စပ်ကုန်စည် တင်ပို့မှုတွေမှာ တရားဝင်တင်သွင်းဖို့ ခက်နေရတာဖြစ်တယ်လို့ ကုန်သည်တွေ က ပြောပြပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက မော်ကွန်းကို စာနဲ့ရေးသားရှင်း ပြရာမှာတော့  နိုင်ငံတွင်းက လယ်ယာထွက်ကုန်တွေကို တရားဝင် တင်ပို့နေပေမယ့် တရုတ်နိုင်ငံ ဘက်က ကုန်သည်တွေဟာ သူတို့အစိုးရရဲ့ အခွန်အကန့်အသတ်တွေရှိတာကြောင့် တရားဝင် တင်သွင်းနိုင်တာမျိုးမရှိဘဲ တရားမဝင်လမ်းကြောင်းတွေကနေ တင်သွင်းနေတာမျိုးဖြစ်တယ်လို့ တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ပြောပါတယ်။

နယ်စပ်မှာ တရားဝင်တင်ပို့နိုင်ဖို့ တရုတ်ဘက်က သတ်မှတ်ထားတဲ့ အခွန် နှုန်းထားတွေ လျှော့ချပေးတာ၊ ကင်း လွတ်ခွင့်ပေးတာမျိုးတွေ ဆောင်ရွက်ပေး မှ မြန်မာဘက်က တရားဝင်တင်ပို့နိုင်မယ့် အခြေအနေဖြစ်တယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက ပြောပါတယ်။

အဲဒါကြောင့် တရုတ်နယ်စပ်မှာ လက်ရှိကုန်သွယ်နေတဲ့ ပုံစံဟာ ကုန်သည် အချင်းချင်း နားလည်မှုနဲ့ ကုန်ကူးနေရ တာဖြစ်တယ်လို့ နယ်စပ်ကနေ ကုန်စည် တင်ပို့ရောင်းချနေသူတွေက ပြောပါ တယ်။  ဒီတော့ အခွန်လည်း မဆောင် သလို သတ်မှတ်စံချိန် စံဩန်းတွေကိုလည်း စစ်ဆေးခံခြင်းမရှိတဲ့ မြန်မာပို့ကုန်တွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးအရေး ယူတော့တာပဲလို့ သူတို့ က ရှင်းပြပါတယ်။

Photo-Tin Min Aung တရုတ်ပြည်သို့ တင်ပို့မည့်သစ်သီးများကို နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တွေ့ရစဉ်

Photo-Tin Min Aung တရုတ်ပြည်သို့ တင်ပို့မည့်သစ်သီးများကို နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တွေ့ရစဉ်

ဒေါက်တာစိုးထွန်းကတော့ ““ကျွန်တော်တို့ တိုင်းပြည်က တင်ပို့တဲ့ လယ်ယာ ထွက်ကုန် အကုန်လုံးဟာ မြန်မာပြည် ဘက်ကတော့ တရားဝင် Export ပေါ့။ အခွန်ဆောင်တယ်၊ လိုင်စင်လျှောက် တယ်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကျော်ရင် ဒီပစ္စည်းတွေက Export ဖြစ်သွားပြီပေါ့။ တရုတ်နိုင်ငံဘက်ကတော့ အားလုံးဟာ တရားမဝင်တွေအဖြစ် သတ်မှတ်ထား တယ်””လို့ နယ်စပ်က အခြေအနေကို ရှင်းပြတယ်။

Photo-Tin Min Aung မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင်တွေ့ရသော တရုတ်ကုန်သည်များ

Photo-Tin Min Aung မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင်တွေ့ရသော တရုတ်ကုန်သည်မျာ

နောက်တစ်ခါ ဒီလိုကုန်ကူးနေရတဲ့ အတွက် ဝင်ငွေရလမ်းကြောင်း မဖော်ပြ နိုင်တဲ့ ငွေမည်းအဖြစ် တရုတ်အာဏာပိုင် တွေက သတ်မှတ်ပြီး ““(ဘဏ်)အကောင့် တွေ အပိတ်ခံရတဲ့ ပြဿနာကြောင့် နှစ် စဉ် ဘီလီယံနဲ့ချီပြီး ပြဿနာရှိနေတယ်။ ဒီလို(ဘဏ်)အကောင့်ပိတ်ခံရတဲ့အခါ ဘာမှလည်း လုပ်လို့မရဘူး။ ဘာကြောင့် လည်းဆိုတော့ ကျွန်တော်တို့ရောင်းချနေ တာက တရားမဝင်ဖြစ်နေတာကိုး”” လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဗဟို အလုပ်မှုဆောင်လည်းဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ရှင်းပြတယ်။

Photo-kyaw zayya မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း

အထောက်အထားတွေတောင်းတဲ့ အခါ မြန်မာကုန်သည်တွေမှာ ဘာမှပြ စရာ မရှိတော့ တရုတ်အာဏာပိုင်တွေက ““ဒီငွေတွေအားလုံးကို လောင်းကစားက ရတဲ့ငွေလို့ယူဆပြီး တရုတ်က သိမ်းပစ် တယ်။ ဒါပဲ””လို့လည်း သူက ဆိုပါတယ်။

““အမြဲတမ်းဖမ်းတယ်၊ ဆီးတယ်။ စီမံချက်တွေရှိတဲ့ကာလမှာဆို ပိုလုပ်ခံရ တယ်””လို့ ဒေါက်တာစိုးထွန်းက ပြောတယ်။

ကုန်သွယ်ရေးဦးစီးဌာနကတော့ ဒီလိုပြဿနာတွေ ပြေလည်ဖို့ နှစ်နိုင်ငံငွေ ပေးချေမှုဆိုင်ရာ သဘောတူစာချုပ် ချုပ် နိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက်နေတယ်လို့ ပြောတယ်။ လက် ရှိမှာတော့ တရုတ်နယ်စပ်မှာ လက်ငင်း ငွေချေစနစ်နဲ့ တရုတ်နိုင်ငံဘက် ရွှေလီမြို့ ရှိဘဏ်တွေမှာ ဘဏ်ငွေစာရင်း ဖွင့်လှစ် ကာ ငွေပေးချေတဲ့စနစ်တွေနဲ့ ကုန်စည် ကူးသန်းရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်မှာ ပို့ကုန်တွေကို တရားမဝင်သတ်မှတ်ခံရတဲ့အတွက် အားနည်းချက်ကတော့ ကုန်သွယ်မှု အာမခံချက်မရရှိတဲ့ ဈေးကွက်နဲ့ ကြုံရ တာဖြစ်ပြီး  အားသာချက်ကတော့ အခွန် မဆောင်ရတဲ့အတွက် ကုန်စည်တွေကို ဈေးနှုန်းချရောင်းပေးနိုင်တာဖြစ်တယ် လို့ နယ်စပ်ကနေ ကုန်စည်တင်ပို့ရောင်းချ နေသူတွေက ရှင်းပြပါတယ်။

ပြဿနာတွေ ပြေလည်ဖို့ဆိုရင် နှစ် နိုင်ငံအစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ အချင်းချင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်တွေချုပ်ဆို ဖြေရှင်းနိုင် မှသာရမယ်လို့ နယ်စပ်ကနေ ကုန်စည် တင်ပို့ နေသူတွေက ဆိုပါတယ်။

 

အခြေခံအဆောက်အအုံမစုံ

ဦးသစ္စာကတော့ တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရာမှာ ကိုယ့်နိုင်ငံဘက် ခြမ်းမှာ အခြေခံအဆောက်အအုံမရှိတာ က  ပုပ်သိုးလွယ်တဲ့ ကုန်စည်ဖြစ်တဲ့ သစ် သီးတင်ပို့ကုန်ကူးကြတဲ့ သူတို့လို တောင် သူကုန်သည်တွေအတွက် ခက်ခဲတဲ့ စိန် ခေါ်မှုဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

““ကျွန်တော်တို့ဘက်(နယ်စပ်)မှာ ဘာမှမရှိဘူး။ နေပူကျဲကျဲ ကိုယ့်ကားပေါ် ကိုယ်တင်ထားပြီး ရောင်းဖို့စောင့်ရတော့ အပျက်အစီးများပြီး လေလွင့်ဆုံးကုန်ကြ တာပေါ့””လို့ သူက ပြောပြတယ်။ အသီး တစ်လုံး လွှင့်ပစ်ရတယ်ဆိုတဲ့ အဓိပ္ပာယ် က သူတို့ ဝင်ငွေ ပဲ့ထွက်သွားတယ်ဆိုတာ ကို တာဝန်ရှိတဲ့ အစိုးရအရာရှိတွေ သိစေ ချင်တယ်လို့ သူက ပြောတယ်။

တရုတ်ကုန်သည်တွေဆိုရင် သစ် သီးတွေကို သိုလှောင်ထားနိုင်တဲ့ ကြီးမား တဲ့ အအေးခန်းသိုလှောင်ရုံတွေကို မြန်မာ နိုင်ငံနဲ့ကပ်လျက် နယ်စပ်မှာ သူတို့အစိုးရ က ဖန်တီးပေးထားတာကြောင့် အသီး တွေ ပုပ်သိုးပျက်စီးမယ့်အရေးကို အပူ အပင်မရှိ ကုန်ကူးနိုင်ကြတယ်လို့ ဦးသစ္စာ က ရှင်းပြပါတယ်။

““တရုတ်က ကိုယ့်ဆီက ဝယ်သွား ပြီးတာနဲ့ နယ်စပ်မှာရှိတဲ့ သူတို့ရဲ့ သို လှောင်ဂိုဒေါင်တွေထဲ ကားအစီးလိုက် မောင်းသွင်းတာ။ သိုလှောင်ထားပြီး ဈေး ကွက်ကောင်းမှ သူတို့ကထုတ်ရောင်း တာ။ ဒီလိုမျိုးတွေကို နိုင်ငံတော်အနေနဲ့၊ အစိုးရအနေနဲ့ လုပ်မပေးနိုင်ဘူးလား”” လို့ သူက မေးခွန်းထုတ်တယ်။

ဒီလို အခြေခံအဆောက်အအုံတွေ ကို သူတို့ထံက ကောက်ယူတဲ့ အခွန်ငွေ တွေနဲ့တင် တည်ဆောက်ပေးလို့ရတယ်လို့ ဦးသစ္စာက ဆိုပါတယ်။ သူတို့ကုန်စည်တင် ပို့ရောင်းချတဲ့အခါ ကုန်စည်ခွန် နှစ်ရာခိုင် နှုန်းကို ကုန်ပမာဏအလိုက် ကြိုတင် ပေး ဆောင်ရပါတယ်။

ကိုယ့်နိုင်ငံနယ်စပ်မှာ အအေးခန်း တွေ၊ ဂိုဒေါင်တွေဖန်တီး ပေးထားနိုင်ခဲ့ရင် နယ်စပ်မှာ ပြဿနာတစ်ခုခု တက်ခဲ့ရင် တောင် ကုန်စည်တွေကို ဂိုဒေါင်ထဲမှာ ထိန်းသိမ်းထားနိုင်တဲ့အတွက် ဆုံးရှုံးမှု ကြုံရမယ့်အရေးတွေကို ဖြေရှင်းနိုင်မယ် လို့ သူက ပြောပါတယ်။

ဒီရာသီမှာဖြစ်ခဲ့တဲ့ နယ်စပ်ဂိတ် ပေါက် အပိတ်ခံရတဲ့ ပြဿနာကြောင့် သူ့ ဖရဲသီးကားတွေဟာ နေပူကျဲကျဲမှာပဲ ဂိတ် ပြန်အဖွင့်ကို စောင့်ဆိုင်းကြရတဲ့အခါ အသီးတွေ ပုပ်ကုန်တဲ့ အတွက် နယ်စပ်မှာ တင်လွှင့်ပစ်ခဲ့ရပြီး ကျပ်သိန်းရာနဲ့ချီ ဆုံး ရှုံးခဲ့ရတယ်လို့ ဦးသစ္စာက ပြောပြတယ်။

စီးပွားရေးပညာရှင် ဦးစောမြင့် မောင်ကတော့ နယ်စပ် ကုန်သွယ်ရေးမှာ ကိုယ့်နိုင်ငံဘက်က အဓိကတင်ပို့ကုန်ကူး နေတာဟာ လယ်ယာထွက်ကုန်ပစ္စည်း တွေဖြစ်တဲ့အတွက် အရည်အသွေးထိန်းသိမ်းရေးကိစ်္စတွေကိုလည်း မူဝါဒချမှတ် အကောင်အထည်ဖော်ပေးရမယ်လို့ ဆိုပါတယ်။

““နယ်စပ်မှာ မပျက်စီးအောင်၊ မပုပ်သိုးအောင် စနစ်တကျနဲ့ ဘယ်လို ထားသိုမလဲ။ စီစဉ်မလဲဆိုတဲ့ဟာမျိုးတွေ လိုကိုလိုတယ်။ သဘာဝအရကိုလိုတာ။ ဒီလိုဟာမျိုး စဉ်းစားလုပ်ဆောင်တာတွေ တို့နယ်စပ်ကုန်သွယ်ရေးမှာ ဘာမှရှိတယ် လို့ မကြားဘူး”” လို့ သူက ပြောတယ်။

လက်ရှိနယ်စပ်ဒေသမှာ ကုန်သွယ် နေတဲ့ပုံစံဟာ နိုင်ငံတစ်ခုနဲ့တစ်ခု ကုန် ကူးနေတာမျိုးနဲ့မတူဘဲ တောရွာတွေ၊ နယ်မြို့တွေမှာ ဈေးရောင်းနေသလိုပုံစံနဲ့ အလုပ်လုပ်နေတာမျိုးဖြစ်တာကို တွေ့ရ တယ်လို့ ဦးစောမြင့်မောင်က ပြောပါတယ်။

Photo-kyaw zayya ကချင်ပြည်နယ် ကန်ပိုက်တီ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တွေ့ရသည့် တရုတ်ကုန်တင်ကားများ

““ဈေးနေ့ဟေ့လို့ အော်တာနဲ့ ကိုယ့် အထမ်းနဲ့ ကိုယ်ရောက်လာကြ၊ ရောင်း ကြ၊ နေမြင့်လာတဲ့အခါကျတော့ ဈေးက လည်းကွဲတော့မှာ၊ ကုန်ပစ္စည်းကလည်း အရည်အသွေးကျလာတော့ ရှိသမျှ အကုန်ထုတ်ရောင်း။ ရသမျှဈေးနဲ့ ရောင်း။ ရောင်းမရ ပြန်ယူသွား။ ပုပ်သွားရင် လွှင့်ပစ်။ ဒီလိုလုပ်နေကြတာမျိုး အဓိပ္ပာယ်ပဲ”” လို့ သူက ဝေဖန်တယ်။

ကုန်သွယ်ရေးဦးစီးဌာနကတော့   ပုဂ္ဂလိကကုန်သည်လုပ်ငန်းရှင်တွေနဲ့ ပူး ပေါင်းပြီး နယ်စပ်ဒေသတွေမှာ ပြီးပြည့်စုံ တဲ့ အခြေခံအဆောက်အအုံ၊ သိုလှောင်ရုံ တွေ တည်ဆောက်သွားဖို့ ဆွေးနွေးနေ တယ်လို့ မော်ကွန်းကို ပြောပါတယ်။ ဒါပေ မဲ့ ဒီလို အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ နယ်မြေဒေသ အေးချမ်း ပြီး ငြိမ်းချမ်းမှုရှိမှသာ ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒီဌာနက ရှင်းပြပါတယ်။ လက်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အနီးမှာ သစ်သီးတင်ပို့ရောင်းချသူ တွေအတွက် ပွဲရုံတွေ၊ သစ်သီးအရောင်း ကွင်းတွေကို တည်ထောင်ပေးထားတယ် လို့ ဒီဌာနက စာနဲ့ ရေးသားဖြေပါတယ်။

 

ကုန်သွယ်ရေးမှာ ပါးနပ်ဖို့ လို

ဒေါက်တာစိုးထွန်းကတော့ အကြီး မားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ် နဲ့နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ တွေကို ပြေလည်ဖို့ဆိုရင် မူဝါဒချမှတ်တဲ့ အစိုးရခေါင်းဆောင်ပိုင်းတွေအနေနဲ့ ပါး ရည်နပ်ရည်ရှိရှိ လုပ်ကိုင်တတ်ဖို့ လိုတယ် လို့ ဆိုပါ တယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေး အပါအဝင် ကုန်သွယ်ရေး တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အစိုးရအချင်းချင်းကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရေးထိုးတာမျိုး မဖြစ်မနေ လုပ်ထားရ မယ်လို့ သူကဆိုပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ မက်လောက်စရာ ကုန် သွယ်ရေးသဘောတူညီချက်မျိုး ဘယ်နိုင် ငံနဲ့မှ လက်မှတ်မရေးထိုးနိုင်သေးတာကို သူအနေနဲ့အားမရဘူးလို့ ဒေါက်တာ စိုးထွန်းက မှတ်ချက်ပြုတယ်။

““လက်ရှိအစိုးရလက်ထက်မှာ နယ်စပ်မှာရော၊ ပုံမှန်ကုန်သွယ်မှုမှာရော တရုတ်နိုင်ငံနဲ့ အစိုးရအချင်းချင်း လက် မှတ်ရေးထိုးနိုင်တာ မရှိသေးပါဘူး။ ကျန် တဲ့တိုင်းပြည်တော်တော်များများနဲ့လည်း မရှိပါဘူး။ နိုင်ငံတော်အဆင့် ခရီးစဉ်တွေ မှာဆိုရင် ကျွန်တော်တို့အစိုးရဟာ ကိုယ် တိုင်းပြည်ရဲ့ ထွက်ကုန်တွေကို စီးပွားဖြစ် သဘောတူညီမှု လက်မှတ်ထိုးတာမျိုး အားနည်းနေပါတယ်”” လို့ သူက ပြောတယ်။

တခြားတိုင်းပြည်တွေက အကြီး အကဲတွေရဲ့ နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာ ကိုယ့်နိုင်ငံရဲ့ ထုတ်ကုန်တွေကိုရောင်းချ နိုင်ဖို့ နှစ်နိုင်ငံသဘောတူညီချက်တွေအခိုင်အမာရရှိအောင် ကြိုးစားတာမျိုးရှိ ပေမယ့် မြန်မာခေါင်းဆောင်တွေရဲ့ ခရီး စဉ်တွေမှာတော့ ဒီလိုစွမ်းဆောင်မှုတွေ ပျောက်ဆုံးနေတယ်လို့ သူက ထောက်     ပြတယ်။

ကုန်သွယ်ရေးဦးစီးဌာနကတော့ အထက်အရာရှိတွေရဲ့ တရုတ်နိုင်ငံခရီး စဉ်တွေအတွင်း တရားဝင်ကုန်သွယ်မှု ဖြစ်ပေါ်ဖို့ ဆွေးနွေးတာတွေရှိသလို မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှု ပူးပေါင်းညှိနှိုင်းရေးကော် မတီကိုဖွဲ့စည်းကာ နယ်စပ်ကုန်သွယ်ရေး မှာ ကြုံနေရတဲ့ အဟန့်အတားတွေကို ဖြေ ရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးထွန်းကတော့ လက်ရှိ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေကို မြန်မာနိုင်ငံထဲမှာအမြောက်အမြား အကောင်အထည်ဖော် နေတဲ့အတွက် မူဝါဒချမှတ်တဲ့ အစိုးရ ခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေ ဒီအခြေအနေကို ပါးနပ်စွာအသုံးချကာ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ အာမခံ ချက်တွေရရှိအောင် လုပ်ဆောင်နိုင်တယ် လို့ ပြောတယ်။

Photo-thet oo mon တရုတ်နိုင်ငံဘက်ခြမ်းမှ မြင်ရသော မြန်မာ-တရုတ် နယ်စပ်ဂိတ်အဆောက်အအုံ

တရုတ်ဘက်က ရေနက်ဆိပ်ကမ်း တွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ မီးရထား လမ်းစီမံကိန်းတွေ လာလုပ်နေတာရှိတဲ့ အတွက် ဒီစီမံကိန်းဆိုင်ရာ သဘောတူ ညီချက်တွေကို လက်မှတ်ရေးထိုးတဲ့အခါ ကိုယ်နိုင်ငံက ကုန်စည်တစ်ခုခုကို ရောင်း ချနိုင်ဖို့ ကြိုးစားသင့်တယ်လို့ သူက ပြောတယ်။

““မင်းတို့ဆီက ဒါဝယ်မှဒါပေးမယ်။ မဝယ်ရင် မပေးဘူးဆိုတာမျိုးပေါ့ဗျာ။ တို့ဆီက ဒါသာမဝယ်ရင် မင်းဓာတ်ငွေ့ ပိုက်လိုင်း ငါတို့ ပိတ်မယ်ပေါ့။ သတ္တိရှိတဲ့ အစိုးရဆိုရင်ပေါ့ဗျာ””လို့ ဒေါက်တာစိုး ထွန်းက ပြောတယ်။

ကုန်သွယ်ရေးကဏ္ဍမှာ ကြုံနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ       ပြည်တွင်းထုတ်လုပ်မှုဈေးကွက်တွေကို ထိခိုက်လာပြီး စီးပွားရေး ကျဆင်းလာခဲ့ ရင် နိုင်ငံရေးပြဿနာတွေပါ ဖြစ်စေတတ် တာကြောင့် ဒါကို တာဝန်ရှိသူတွေက အလေးအနက်စဉ်းစား၊ မူဝါဒ ချမှတ် အကောင်အထည်ဖော်ဖို့ လိုတယ်လို့ သူ က သုံးသပ်ပြီး ဥပမာတစ်ခုလည်း ပေး ပါတယ်။

““အရေးအခင်းဖြစ်တယ်ဆိုတာ လူ တွေဟာငတ်လို့။ ငတ်ရင်တော့ ပြဿနာ တက်မှာပဲ။ ၈၈ အရေးအခင်းဆိုတာ နိုင်ငံရေးက စတာမှ မဟုတ်တာ။ စီးပွား ရေးကနေ စခဲ့တဲ့ ပြဿနာပဲ”

ကုန်သွယ်ရေးဦးစီးဌာနကတော့ တရုတ်ဈေးကွက်တစ်ခုတည်းကို အား ကိုးနေရတာကနေ အခြားကုန်စည်တင်   ပို့နိုင်မယ့်ဈေးကွက်အသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်နေတယ်လို့ ပြောပါတယ်။

စီးပွားရေးပညာရှင် ဦးစောမြင့်   မောင်က ကုန်သည်အချင်းချင်း ပြိုင်ရတဲ့ စီးပွားရေးမှာ ကိုယ့်ဘက်က အားသာချင် ရင်တော့ မြန်မာကုန်သည်တွေကို အကူ အညီအထောက်အပံ့တွေ ဒီထက်ပိုပြီး အစိုးရပိုင်းက ပံ့ပိုးပေးမှရမယ်လို့ ပြော ပါတယ်။

Photo-Tin Min Aung မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးရောင်းကွင်းတွင် တွေ့ရသော ကုန်သည်များ

Photo-Tin Min Aung မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးရောင်းကွင်းတွင် တွေ့ရသော ကုန်သည်များ

အခြေခံအဆောက်အအုံတွေ ဖန် တီးပေးတာ၊ သယ်ယူပို့ ဆောင်ရေး လွယ် ကူအောင် လုပ်ဆောင်ပေးတာ၊ အခွန် ဆိုင်ရာဖြေလျော့မှုတွေ ဆောင်ရွက်ပေး တာ၊ အမယ်စုံဈေးကွက်တွေပေါ်လာ အောင် လုပ်ဆောင်တာနဲ့ ဈေးကွက် အသစ်တွေ ဖော်ဆောင် တာမျိုးတွေ လုပ် ပေးမှသာ ကုန်သွယ်ရေးမှာ အားကောင်း မောင်းသန် ဖြစ်လာမယ်လို့  သူက ပြော ပါတယ်။

““ဒါတွေကို ပြေလည်ချင်ရင် အစိုးရ မှာ အားလုံးကိုခြုံငုံမိတဲ့ ကုန်သွယ်ရေး မူဝါဒတစ်ခု ဖော်ဆောင်ထားရမယ်”” လို့ သူက ဆိုတယ်။

ဒါ့အပြင် တရုတ်နိုင်ငံတစ်ခုတည်း ကို အားကိုးရတဲ့ နယ်စပ်ပို့ကုန်ဈေးကွက် မဟုတ်ဘဲ တခြားလူဦးရေများတဲ့ နိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေကိုလည်း နယ်စပ်ပို့ကုန်ဈေး ကွက်အဖြစ် အသုံးချနိုင်ဖို့ မူဝါဒချမှတ် သူတွေက စဉ်းစားဆောင်ရွက်ပေးဖို့ လို တယ်လို့ ဦးစောမြင့်မောင်က  ထောက်ပြ ပါတယ်။

ဒီနိုင်ငံတွေရဲ့ မြန်မာနိုင်ငံနဲ့ ထိစပ် နေတဲ့ နယ်စပ်နယ်မြေတွေမှာ ဈေးကွက် အခွင့်အလမ်းများစွာရှိနေပြီး ဒီဈေးကွက် တွေအတွက် နိုင်ငံရဲ့ ထုတ်ကုန်တွေကို တင်ပို့နိုင်သလို တခြားနိုင်ငံတွေက ထုတ်ကုန်တွေကိုယူပြီး တစ်ဆင့်တင်ပို့တဲ့ ဈေးကွက်တွေလည်း ဖန်တီးနိုင်တယ်လို့ သူက အကြံပြုတယ်။

ဖရဲသီးစိုက်ပျိုးကုန်ကူးနေသူ ဦး သစ္စာကတော့ တရုတ်နိုင်ငံက ကုန်သည် တွေနဲ့ ဆက်ဆံရာမှာ သူတို့ကြုံနေရတဲ့ ပြဿနာက အစိုးရရဲ့ အထောက်အပံ့နဲ့ အကာအကွယ် အကူအညီမဲ့ပြီး တစ်ဖက် ကုန်သည်ကို ဈေးကွက်အရ မယှဉ်ပြိုင်နိုင် တာမျိုး ဖြစ်နေတာလို့ ပြောပါတယ်။

Photo-supply တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများ

““တရုတ်ကုန်သည်တွေက ဗမာ အထာကို ကောင်းကောင်းသိပြီး ဈေး ကွက်ကို လိုသလို ကစားတာ ခံနေရတာ ပါ””လို့ တရုတ်နယ်စပ်၊ မူဆယ်ဈေးကွက် မှာ ကြုံနေရတဲ့ အခြေအနေအပေါ် သူက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ် ပေါက်တွေကို အပိတ်အဖွင့်လုပ်မယ်လို့ သတင်းသဲ့သဲ့လွှင့်ရုံနဲ့တင် ““ငါ့ပစ္စည်း လေးတွေတော့ ရောင်းလို့ရပါ့တော့မလား ဆိုပြီး (မြန်မာဘက်ခြမ်းမှာ) မျက်ကလူး ဆန်ပြာဖြစ်၊ ဝရုန်းသုန်းကားဖြစ်ကုန် တော့တာပဲ””လို့  နယ်စပ်က အခြေအနေ ကို ပြောပြီး တရုတ်နယ်စပ်မှာ ကုန်သွယ် နေရတဲ့ သူတို့အခြေအနေကို ဦးသစ္စာက အခုလို ပြောပြတယ်။

““(နယ်စပ်အပေါက်ကို) လုံးလုံး ပိတ်စရာတောင်မလိုဘူး။ နည်းနည်းစိ တာနဲ့ ကျွန်တော်တို့ဘက်မှာ ပျာယာတွေ ခတ်ကုန်တာပဲ””

#mawkun #magazine #chronicle




 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."