ပေါ်ဦး (သို့မဟုတ်) သားသေ၊ ဘဝပျက်၊ ပကဖရန်ကြောက်လို့ ရွာစဉ်လှည့်ပြေးနေရသူ

ဖေဖော်ဝါရီ၂၀၂၄ (မော်ကွန်း)

မိသားစုလိုက်အသက်ဘေးကနေတိမ်းရှောင်ပုန်းအောင်းနေရတဲ့အခုလိုအဖြစ်နဲ့မကြုံရခင်တုန်းကဦးပေါ်ဦးဟာတောင်သူလယ်လုပ်ဓားမခုတ်ဘဝနဲ့ရှင်သန်ခဲ့သူ။

နွေဦးတော်လှန်ရေးမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒုတိယခေါင်းဆောင်အဖြစ် သူ့သားပါဝင်ခဲ့တာက ဂုဏ်ယူ စရာလား၊ ဒုက္ခပင်လယ်ဝေမယ့်အဖြစ်ရဲ့ နိဒါန်းလားဆိုတာ အစတုန်းကသူမသိခဲ့။

လူမမယ်မြေးနှစ်ဦးရှေ့မှာ  သားဖြစ်သူတော်လှန်ရေးသမားကြီးကို သူ့အထက်ကခေါင်းဆောင်ဆိုသူနဲ့လူတစ်စုက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နောက် သားအတွက်တရားမျှတမှုရှာပေးဖို့ကြိုးစားမိရာက သူ့နဲ့မိသားစုဝင်တွေ ပကဖဘေးဒုက္ခသည်ဘဝကို ရောက်ခဲ့ရတာ လာမယ့်မေဆို နှစ်ပတ်လည်တော့မယ်။

မီးရှို့၊ရွာဖျက်၊လူသတ်နေတဲ့စစ်ကောင်စီတပ်ကိုကြောက်လို့စစ်ဘေးဒုက္ခသည်အဖြစ်အများသူငါနည်းတူဟိုအရင်ကတည်းကသူတို့တိမ်းရှောင်ဖူးခဲ့ပေမယ့်စစ်တပ်ပြန်ရင်အိမ်ပြန်ခဲ့ရတာချည်းပဲ။အခုတော့ပကဖဘေးဒုက္ခသည်ဖြစ်မှဇနီး၊သားနဲ့သမီးနှစ်ဦးလက်ကိုဆွဲကာရွာစဉ်ပတ်ပြေးပုန်းအောင်းနေရတာလို့အသက်၆၅နှစ်အရွယ်ဦးပေါ်ဦးကပြောပြတယ်။

အသားညိုညို၊ မျက်ခုံးမျက်ဖန်ကောင်းပြီး စကားကိုခပ်လေးလေးပြောတတ်တဲ့ဦးပေါ်ဦးဟာ အညာကျေးလက်မှာတွေ့မြင် နေကျ ကျေးလက်တောင်သူဦးကြီးတွေလိုပါပဲ။

ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကိုမေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှမကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကိုကြုံတွေ့နေရတာပါလို့သူကဖုန်းကတစ်ဆင့်ပြောပြတယ်။

အိမ်ခြေငါးရာခန့်ရှိပြီး လူနှစ်ထောင်ခန့်ရှိတဲ့ သူနေထိုင်ရာသစ်ရာအိုက်ရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲရင်းမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာပါ။ ဒီပဲရင်းမြို့နဲ့ ဆိုင်ကယ်ခရီး တစ်နာရီကျော်အကွာအဝေးလောက်မှာရှိတဲ့ဒီရွာမှာ နေထိုင်သူ အများစုက တောင်ယာလယ်လုပ် အသက်မွေးကြသူများတယ်လို့ ဆိုပါတယ်။

တခါတလေ အိပ်လို့တောင်မပျော်တော့ပါဘူး။ အခုဆိုရင် ဝင်ငွေကလည်းမရှိ၊ အကြွေးတွေကလည်းတက်၊ ရွာကလည်း ပြန်လို့မရ။ သားသမီးတွေလည်း ပညာရေးထိခိုက်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘဝတွေဟာ ရှေ့လျှောက် ဘယ်လို လုပ်ရမှန်းတောင်မသိတော့ပါဘူးလို့ သူကညည်းတယ်။

ကြမ္မာငင်ည

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၈ ရက်၊ ည ၉ နာရီကျော်လောက်မှာ သူ့သားနေထိုင်ရာ ရွာတောင်ပိုင်းဘက်က သေနတ်သံတွေ ဆူညံလာတော့ ရွာပြင်ယာတဲမှာနေထိုင်တဲ့ဦးပေါ်ဦး စိုးရိမ်မိတယ်။

ဒါပေမဲ့ရွာပကဖအဖွဲ့ကည၉နာရီထိုးတာနဲ့မီးငြိမ်းအမိန့်ကိုထုတ်ထားတဲ့အတွက်ရွာပြင်မှာအခြေချတဲ့ဦးပေါ်ဦးရွာတွင်းကိုဝင်ဖို့အခွင့်မသာခဲ့။

မနက်ကျတော့ရွာထဲကအသိတစ်ဦးသူ့ယာတဲဘက်ကိုရေးကြီးသုတ်ပျာရောက်လာခဲ့ပြီးညကပစ်ခတ်မှုမှာသူ့သားသေပြီဆိုတဲ့သတင်းစကားပေးတော့တုန်လှုပ်ခြောက်ခြားခဲ့ရတယ်လို့ဦးပေါ်ဦးကဆိုတယ်။

ကျွန်တော်တို့လည်း မနက် ၇ နာရီလောက်မှာ ရွာထဲကိုလိုက်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်သားဟာ အိမ်နဲ့မလှမ်းမကမ်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရပါတယ်လို့သူကပြန်ပြောပြတယ်။

သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသော ပြေငြိမ်းဦး (Photo – U Paw U)

ပြေငြိမ်းဦးလို့ခေါ်တဲ့ အသက် ၂၅ နှစ်အရွယ်သူ့သားက မွေးချင်းငါးယောက်ထဲမှာ တတိယမြောက်ပါ။ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်တဲ့သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သူတို့ဒေသမှာပကဖတွေဖွဲ့တော့ ကျေးရွာဒုတိယတာဝန်ခံအဖြစ်နဲ့ ဒေသတွင်းကတခြားလူငယ်တွေလိုပဲ အာဏာရှင်တော်လှန်ရေးကို ဝင်ရောက်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ သူ့သားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်မဟုတ်ဘဲ နွေဦးအရေးအခင်းဖြစ်မှ နိုင်ငံရေးနဲ့ပတ်သက်လာသူလို့ ဦးပေါ်ဦးက ပြောပြတယ်။

အသတ်ခံရချိန်မှာနှစ်နှစ်နဲ့လေးနှစ်အရွယ်သမီးနှစ်ဦးကျန်ရစ်ခဲ့တဲ့သားဖြစ်သူရဲ့နိုင်ငံရေးလှုပ်ရှားမှုမှာပစ်သတ်မခံရမီအထိဘာပြဿနာမှမကြားမိဘူးလို့သူကပြောပါတယ်။ဒါပေမဲ့ရွာပိုင်မြေကိုတော်လှန်ရေးအကြောင်းပြအကွက်ရိုက်ရောင်းစားနေတဲ့ရွာပကဖခေါင်းဆောင်ရဲ့လုပ်ရပ်ကိုသူ့သားဖြစ်သူဟာကန့်ကွက်ခဲ့ဖူးတာတော့ရှိခဲ့တယ်လို့ဦးပေါ်ဦးကပြောပြတယ်။

တရားမျှတမှုအတွက်တိုက်ပွဲဝင်နေတယ်ဆိုတဲ့သူ့ရဲ့သားဟာတရားမဲ့ပြုကျင့်ခံရပြီးသေဆုံးရတာကိုမြင်တော့သူ့ရင်ထဲမှာမချိဖြစ်ရတယ်လို့လည်းသူကဆိုတယ်။

တိုက်ပွဲအတွင်းမှာအသက်ပေးရတယ်ဆိုရင်ဖြေသာပေမယ့်အခုလိုအုပ်စုဖွဲ့၊တရားမဲ့လူသတ်မှုကိုတော့သူလျစ်လျူရှုလို့မရတာကြောင့်အမှုမှန်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ပြောပြတယ်။

ကျွန်တော်က မိန်းမကိုဒီအလောင်းကို နင်တို့ အိမ်ထဲကိုသွင်းထားလိုက်တော့။ ငါက ဒီကိစ္စဘယ်လိုဖြစ်တာလဲ၊ အကျိုး အကြောင်းလည်းမသိရဘူး။ ဒီတော့ ရွာထဲကပကဖရုံးကိုသွားပြီး မေးမြန်းကြည့်လိုက်ဦးမယ်ဆိုပြီး ချက်ချင်းပဲ မနက်ပိုင်း အလွန်ဆုံး ခုနစ်နာရီခွဲပေါ့၊ အဲဒီအချိန်လောက် ကျွန်တော်ပကဖရုံးကိုသွားပါတယ်လို့သူလုပ်ကိုင်ခဲ့တာတွေကိုဦးပေါ်ဦးကပြောပြတယ်။

ဒီလိုနဲ့ရွာကျန်းမာရေးဆေးပေးခန်းမှာဖွင့်ထားတဲ့ပကဖရုံးကိုသူရောက်တော့ရွာပကဖခေါင်းဆောင်နဲ့အတူရွာမှာတစ်ခါမှမမြင်ဖူးတဲ့လူတစ်စုထိုင်နေတာကိုတွေ့လိုက်ရတယ်။အဲဒီလူစုဟာ၁၅ဦးခန့်လောက်ရှိတယ်လို့သူကခန့်မှန်းတယ်။အဲဒီလူစုစီးနင်းလာပုံရတဲ့လူမှုကူညီရေးအသင်းတံဆိပ်ကပ်ထားတဲ့လိုက်ထရပ်တစ်စီးလည်းရုံးဝင်းထဲမှာရပ်ထားတာကိုတွေ့ရတယ်လို့အဲဒီမနက်ကမြင်ကွင်းကိုသူကပြောပြတယ်။

ဦးပေါ်ဦးကမျက်နှာစိမ်းဧည့်သည်တွေနဲ့ထိုင်နေတဲ့ရွာပကဖခေါင်းဆောင်ကိုညကသူ့သားသေရတဲ့အကြောင်းစတင်စုံစမ်းပါတယ်။ဒါပေမဲ့ရွာပကဖခေါင်းဆောင်ဦးဉာဏ်ထွန်းအောင်ဆိုသူကဘာမှတုံ့ပြန်မပြောဘူးလို့ဆိုတယ်။

ဒါပေမဲ့ မျက်နှာစိမ်းဧည့်သည်တွေထဲကတစ်ဦးက  ညကဖြစ်စဉ်မှာသူတို့အဖွဲ့ပါဝင်ပစ်ခတ်ကြောင်း၊သူဟာဒီပဲရင်းမြို့နယ်ပကဖအဖွဲ့ကတပ်ခွဲမှူးအဆင့်ရှိသူဖြစ်ပြီးမြို့နယ်ပကဖတာဝန်ခံကလွှတ်လို့ဒီကိုလာရသူဖြစ်ကြောင်းနဲ့ဒီရွာပကဖခေါင်းဆောင်ဦးဉာဏ်ထွန်းအောင်ကခေါ်ယူရှင်းလင်းခိုင်းလို့ဒီကိစ္စကိုလာလုပ်ပေးရတာဖြစ်တယ်ဆိုပြီးသူ့ကိုရှင်းပြတယ်လို့ဦးပေါ်ဦးကပြန်ပြောပြတယ်။

ဖြစ်စဉ်ကိုအဲဒီဧည့်သည်ရှင်းပြနေချိန်မှာအသက်၄၀ဝန်းကျင်အရွယ်ရွာပကဖခေါင်းဆောင်ဦးဉာဏ်ထွန်းအောင်ဟာအနားမှာထိုင်နေပေမယ့်ဘာတစ်ခွန်းမှဝင်ရောက်ပြောဆိုတာမရှိပါဘူး။ဦးဉာဏ်ထွန်းအောင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပကဖတွေဖွဲ့စည်းတဲ့အခါရွာပကဖခေါင်းဆောင်အဖြစ်ဦးဆောင်လာသူလို့ဦးပေါ်ဦးကပြောပါတယ်။

“ ‘ခင်ဗျားတို့ပစ်လိုက်လို့ အခု ကျွန်တော့်သားတော့သေပြီ။ ဒီကိစ္စမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်ကတော့ အထက် အဖွဲ့အစည်းအဆင့်ဆင့်ကို တိုင်ကြားမှာပဲကျွန်တော်က အဲဒီလိုပြောပါတယ်။ အဲဒီလိုပြောပြီး အဲဒီရုံးကနေ ကျွန်တော် ပြန်ထွက်လာခဲ့ပါတယ်လို့ဦးပေါ်ဦးကပြန်ပြောပြတယ်။

ဦးပေါ်ဦးပြတဲ့ဓါတ်ပုံတွေအရသူ့ရဲ့သားဟာကျောဘက်နဲ့ရင်ညွှန့်မှာကျည်ဆန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သူ့သားရဲ့ဇနီးမသဲဖြူပြောပြတာကတော့ အဲဒီည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်မှာ ခြံဝိုင်းထဲကို သေနတ်ကိုင်ထားတဲ့လူတစ်စု ဝင်လာပြီးငပြေ၊ ငပြေ၊ ဆင်းခဲ့လို့သူ့အမျိုးသားကိုဝိုင်းခေါ်ကြတယ်လို့ဆိုတယ်။

ဘယ်သူတွေလဲလို့ ပြေငြိမ်းဦးကပြန်မေးတဲ့အခါအောက်ရောက်ရင် မင်းသိလိမ့်မယ်လို့ထိုလူစုကပြန်အော်တယ်လို့ဆိုပါတယ်။

တစ်ရွာလုံးအိပ်နေချိန်လည်းဖြစ်၊ ဘယ်သူဘယ်ဝါတွေမှန်းကွဲကွဲပြားပြား မမြင်ရတာမို့ မနက်မှ ရွာပကဖရုံးမှာတွေ့ကြမယ်လို့ သူ့ပြေငြိမ်းဦးကပြန်ပြောတဲ့အခါ အဲဒီလူစုဘက်က  မင်းမဆင်းရင် တို့ကဝိုင်းပစ်မှာလို့ပြောလည်းပြော၊စတင်လည်းပစ်ခတ်ကြတယ်လို့မသဲဖြူကဖြစ်စဉ်ကိုပြောပြတယ်။

အဲဒီအခါ ပြေငြိမ်းဦးဟာ အိမ်ရဲ့တောင်ဘက်အပေါက်ကနေ အမှောင်ထုထဲကို ဆင်းပြေးတဲ့အခါတောင်ပေါက်က ဆင်းပြီ၊ လိုက်လိုက်ဆိုတဲ့ အော်ဟစ်သံတွေ၊ သေနတ်သံတွေ ဆူညံထွက်လာခဲ့တယ်လို့ သူကပြောပြပါတယ်။ ဒီလို  လိုက်လံပစ်ခတ်နေချိန်မှာ သူနဲ့ကလေးနှစ်ဦးကိုတော့ အဲဒီလူစုက သူတို့စီးလာတဲ့ကားပေါ်မှာ ဖမ်းခေါ်ထားပြီး သူ့ခင်ပွန်းကို သတ်ပြီးနောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပြပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့ရတဲ့ မသဲဖြူဟာ သစ်ရာအိုက်ရွာမှာ မနေရဲတော့လို့ သမီးလေးနှစ်ဦးကိုခေါ်ပြီး တခြားရွာတစ် ရွာမှာ သွားရောက်တိမ်းရှောင်နေပါတယ်။

လက်လွတ်ခွက်ကျွတ်ပြေးရပြီ

ဦးပေါ်ဦးကတော့ ရွာပကဖရုံးကပြန်လာတဲ့အခါ သားဖြစ်သူသေဆုံးရတဲ့ဖြစ်စဉ်အတွက် အမှန်တရားကိုရှာဖွေဖို့ စတင် ကြိုးစားပါတယ်။ သားရဲ့အိမ်ကိုပြန်၊ နာရေးကိစ္စတွေစီစဉ်ရင်းနဲ့ တစ်ဘက်ကတော့ အသတ်ခံရမှုကို အမှုဖွင့်တိုင်ကြားတာတွေ လုပ်ခဲ့တာပါ။

ပြေငြိမ်းဦးနာရေး လိုက်ပါပို့ဆောင်ပေးကြသူများ (Photo – U Paw U)

ဦးပေါ်ဦးတို့နေထိုင်ရာ ဒီပဲယင်းမြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်နေပြီး မြို့ပေါ်မှာတော့ စစ်‌ကောင်စီအုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်တာပါ။ ဒီတော့ သူ့သားဖြစ်စဉ်ကို သူသိသမျှ NUG အုပ်ချုပ်ရေးဌာန အသီးသီးထံ သူကတိုင်ကြားတင်ပြတာမျိုးလုပ်ခဲ့ပါတယ်။

ဖြစ်ဖြစ်ချင်းမနက်မှာပဲ တိုင်လိုက်တဲ့အခါကျတော့ နေ့ခင်း ၁၁ နာရီ ၁၂ နာရီလောက်မှာ ဒီပဲရင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်ထက်အောင်နဲ့ ရင်း (၁၂) က လူတစ်ယောက်နဲ့ ရောက်လာပါတယ်။ အသုဘအိမ်ကို ရောက်လာ တော့ ကျွန်တော်လည်းအတူရှိနေပါတယ်။ အဲဒီမှာ သူတို့ကိုကျွန်တော်က ဖြစ်စဉ်တွေကိုပြောပြတယ်။ အိမ်အပြင်ဘက်က ကျည်ခွံတွေကိုကောက်ပြီး သက်သေခံပစ္စည်းတွေ ပြတယ်လို့ဦးပေါ်ဦးကပြောတယ်။

သူ့သားကိုသတ်တဲ့သူတွေဟာအိမ်အတွင်းကဗီရိုတွေကိုရိုက်ချိုးဖျက်ဆီးခဲ့သလိုသူ့သားသေနတ်၊လက်ပ်တော့ကွန်ပြူတာနဲ့တယ်လီဖုန်းတွေကိုပါယူငင်သွားကြောင်းစုံစမ်းရေးဆင်းလာသူတွေကိုသူကရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ကွင်းဆင်းလာသူတွေဟာအခင်းဖြစ်ချိန်မှာအတူရှိနေတဲ့သူ့ချွေးမကိုပါမေးမြန်းပြီးပြန်သွားကြတယ်လို့ဦးပေါ်ဦးကပြောပြတယ်။

ရက်လည်ဆွမ်းသွပ်တဲ့ မေလ ၄ ရက်မှာ ဒီပဲရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ခရိုင်ပအဖနဲ့ပကဖ၊ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတွေကိုလိပ်မူပြီးတော့တိုင်စာတွေရေးခဲ့တယ်လို့ဦးပေါ်ဦးကပြောပြပါတယ်။

ဒါအပြင် မေလ ၅ ရက်နေ့စွဲနဲ့ NUG က ဖွဲ့စည်းထားတဲ့ ဒီပဲရင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲမှူးကြီး စိုးလင်းထက်ဆီလည်း သူက တိုင်စာပေးပို့ပါတယ်။ ရဲမှူးကြီးက သူ့သားအမှုကို လူသတ်မှု (/၃၀၂၁၁၄) နဲ့ အမှုဖွင့်ပါတယ်လို့  ပြန်ပြောတယ်လို့ ဦးပေါ်ဦးက ဆိုပါတယ်။

ဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေကိုယ်တိုင်နေအိမ်အထိကွင်းဆင်းမေးမြန်းသွားပေမယ့်သူ့သားကိုသတ်ခဲ့သူရွာပကဖခေါင်းဆောင်ဟာအသုဘပြီးချိန်အထိဖမ်းဆီးစစ်ဆေးတာမျိုးမခံရဘဲရွာထဲမှာနေမြဲတိုင်းနေထိုင်သွားလာနေတာတွေ့ရတဲ့အခါကျန်ရစ်တဲ့သူတို့မိသားစုဝင်တွေအတွက်အန္တရာယ်အငွေ့အသက်ကိုစတင်ခံစားလာခဲ့ရပြီးစိတ်မလုံခြုံမှုတွေဖြစ်လာကြတယ်လို့ဦးပေါ်ဦးကပြောပါတယ်။

ဒီလိုပူပန်နေချိန်အတွင်းမှာပဲရွာပကဖခေါင်းဆောင်နဲ့အသိုင်းအဝိုင်းဘက်ကနေခြိမ်းခြောက်ပြောဆိုမှုတချို့ရွာတွင်းမှာလွှင့်လာတယ်လို့သူကဆိုတယ်။

“ ‘သားအဖနှစ်ယောက်စလုံး သတ်ပစ်လိုက်ရရင် ကောင်းမယ်။ အစောကြီးကတည်းက ဒီဘိုးတော်ကိုပါ ရှင်းပစ်လိုက်ရမှာ  ဒီလိုတွေ အသံလွှင့်ခြိမ်းခြောက်လာတာပေါ့။ ပြီးတော့ သူက လက်ရှိရွာရဲ့ လက်နက်ကိုင်ခေါင်းဆောင်ပဲ ဆက်ဖြစ်နေသေး တယ်လေ။ သူ့မှာကလက်နက်ရှိတယ်၊ အင်အားရှိတယ်ဆိုတော့ ကျွန်တော်တို့မိသားစုတွေလည်း ဆက်မနေရဲတောဘူးပေါ့လို့ ဦးပေါ်ဦးကပြောပြတယ်။

ဒီလိုနဲ့ မေလ ၇ ရက်မှာပဲ မိသားစုဝင်တွေနဲ့အတူ ရွာကနေအိုးလွတ်ခွက်လွတ် ပြေးခဲ့ရတယ်လို့ဦးပေါ်ဦးကပြောပြတယ်။သူတို့မိသားစု၊ချွေးမမိသားစု၊ရွာအတွင်းမှာနေထိုင်တဲ့အကြီးဆုံးသမီးမိသားစုတွေပါထွက်ပြေးကြရတာလို့ဦးပေါ်ဦးကပြောတယ်။

အထက်အမိန့်ရမှဖမ်းမယ်

မိသားစုဝင်တွေအားလုံးအခုလိုထွက်ပြေးခဲ့ရပေမယ့်သားဖြစ်သူအတွက်တရားမျှတမှုရှာဖွေတဲ့အလုပ်ကိုတော့ဦးပေါ်ဦးမရပ်တန့်ပါဘူး။ဒေသတွင်းမှာလှည့်ပတ်တိမ်းရှောင်ရင်းသူ့သားအမှုစုံစမ်းစစ်ဆေးမှုအခြေအနေတွေကိုတာဝန်ရှိသူတွေထံမေးမြန်းတာ၊တိုင်စာပို့တာတွေဆက်လုပ်ပါတယ်။

သူ့သားသေပြီး နှစ်လလောက်အကြာမှာ ဒီပဲရင်းမြို့နယ်ရဲမှူးကြီးထံကို ဆက်သွယ်မေးမြန်းတဲ့အခါ ရဲဘော်အချင်းချင်းဖြစ်တဲ့ ကိစ္စမို့ ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ MOD (အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန) ကိုတင်ထားတယ်လို့ရဲမှူးကပြောကြောင်းဦးပေါ်ဦးကပြောပြပါတယ်။

ဒီအခါ ပုဒ်မ၃၀၂ နဲ့ ဖွင့်ထားတဲ့အမှုဖြစ်တဲ့အတွက် တရားခံကိုအခုထိမဖမ်းသေးတာ ဘာကြောင့်လဲလို့ ရဲမှူးကိုသူက ပြန်မေးတဲ့အခါ အထက်ကအမိန့်မကျလို့ မဖမ်းသေးတာလို့ သူကိုပြောကြောင်း ဦးပေါ်ဦးကပြန်ပြောပြတယ်။

သူ့သားဖြစ်စဉ် စုံစမ်းစစ်ဆေးမှု တိုးတက်မှုအခြေအနေကို ထပ်ကာထပ်ကာ ရဲမှူးထံမေးမြန်းတဲ့အခါ နောက်ပိုင်းမှာ  ဖုန်းအဆက်အသွယ်ပါဖြတ်တောက်ခံလိုက်ရပြီးအခုဆိုရင်နောက်ဆုံးအခြေအနေဘယ်လိုဖြစ်နေသလဲဆိုတာတောင်မသိရတော့ဘူးလို့ဇန်နဝါရီ၂၉ရက်မှာဦးပေါ်ဦးကပြောပါတယ်။

သူပေးတဲ့ရဲမှူးကြီးစိုးလင်းထက်ဖုန်းနံပါတ်နဲ့အခင်းဖြစ်တဲ့နံနက်မှာအိမ်အထိကွင်းဆင်းစစ်ဆေးခဲ့တဲ့ဒီပဲရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဦးကျော်ထက်အောင်တို့ထံကိုမော်ကွန်းကဆက်သွယ်ကြည့်ရာမှာဒီဆောင်းပါးနောက်ဆုံးတည်းဖြတ်ချိန်အထိအဆက်အသွယ်မရသေးပါဘူး။

အခုဆိုရင် ကျွန်တော့်သားလေးသေတာကို ပြည်သူတစ်ယောက်အနေနဲ့ တရားမျှတမှုရရှိချင်တာပါ။ အမှုမှန်ပေါ်ပေါက် ရေးပါ။ အပြစ်ရှိတဲ့လူကို အပြစ်ပေးရမှာပါပဲ။ အခု ကျူးလွန်နေတဲ့အခြေအနေအရဆိုရင် အားလုံးဟာ တာဝန်ယူမှုမရှိသလို သက်ရောက်နေတယ်။ သေဆုံးသူကျွန်တော့်သားကတော့ လမ်းဘေးမှာသေနေတဲ့ ခွေးတစ်ကောင်လောက်တောင်မှ အလေးထားဆောင်ရွက်ခြင်း မခံရတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့် အကူအညီတောင်းခံတာပါလို့ သူ့ဇာတ်လမ်းကို အများသူငါသိအောင်ဖော်ပြပေးဖို့ မော်ကွန်းကို ဦးပေါ်ဦးကပြောပါတယ်။

သားဖြစ်သူလှုပ်ရှားနေတဲ့နိုင်ငံရေးကိုဂဃနဏမသိပေမယ့်သူ့ရဲ့သားဟာအပြစ်ကျူးလွန်မှုရှိခဲ့တယ်ဆိုရင်တောင်မှဥပဒေနဲ့အညီစစ်ဆေးအရေးယူတာမျိုးလုပ်ဆောင်သင့်တယ်လို့သူကပြောတယ်။အခုတော့တရားမဲ့လူသတ်ခဲ့တဲ့သူတို့ရွာပကဖခေါင်းဆောင်ဟာသူတို့ဒေသကကျေးရွာ၁၀ရွာရဲ့ခေါင်းဆောင်အဖြစ်ဆက်လက်ရပ်တည်နေသေးတဲ့အတွက်သူတို့မိသားစုအတွက်အန္တရာယ်ဟာလည်းအမြဲရှိနေတယ်လို့ဦးပေါ်ဦးကပြောပါတယ်။

သစ်ရာအိုက်ရွာအပါအဝင် ဦးပေါ်ဦးတို့နေထိုင်ရာ ဒီပဲရင်းအနောက်ခြမ်းဘက်မှာရှိတဲ့ ကျေးရွာ ၁၂ ရွာ ပါဝင်တဲ့ ဒေသကို နှော၅ ဒေသလို့ ဒီပဲရင်းဒေသခံတွေက သိကြပါတယ်။ အဲဒီ ၁၂ ရွာထဲက ၁၀ ရွာမှာ ပကဖဖွဲ့ထားပြီး သူ့သားကိုသတ်ခဲ့တဲ့ ဦးဉာဏ်ထွန်းအောင်ဟာ နှော၅အုပ်စုရဲ့ခေါင်းဆောင်လည်းဖြစ်တယ်လို့ဦးပေါ်ဦးကပြောပြပါတယ်။

သူ့ဘက်က အခုဆိုရင် ဘယ်လိုသတင်းတွေလွှင့်လာသလဲဆိုရင် ကျွန်တော်တို့ ရွာကနေထွက်ပြေးလာပြီး သုံးလလောက် ကြာတဲ့အခါမှာပြေငြိမ်းဦး အဖေက သေနတ်သုံးလက်ခိုးပြီးတော့ ထွက်ပြေးသွားတာဆိုပြီး ကျေးရွာတွေထဲမှာ လျှောက်ပြီး ပြောနေတယ်လို့ ကြားရပါတယ်။ အမှန်တော့ ကျွန်တော်ကို အမှုပြန်ဆင်နေတာပေါ့ဗျာ။ အဓိကကတော့ ကျွန်တော်တို့ ရွာပြန် လာရင် အဆင်သင့်ဖမ်းလို့ရအောင်လို့ အသံလွှင့်နေတာပေါ့ဗျာလို့ဦးပေါ်ဦးကပြောပြတယ်။

မမှန်သတင်းလွှင့်ပြီးသူ့ကိုမိအောင်အကွက်ဆင်နေပေမယ့်သူတို့မိသားစုလှည့်ပတ်ပုန်းအောင်းတိမ်းရှောင်နေတဲ့ကျေးရွာတွေကခေါင်းဆောင်တွေ၊ကာကွယ်ရေးတာဝန်ခံတွေကိုသူတို့ဖြစ်စဉ်ကိုရှင်းပြတဲ့အခါယုံကြည်ကြတဲ့အတွက်ကာကွယ်စောင့်ရှောက်ပေးကြတာကြောင့်အသက်နဲ့ကိုယ်အိုးစားမကွဲသေးဘဲရပ်တည်နိုင်နေသေးတာလို့ဦးပေါ်ဦးကပြောပါတယ်။

ခြိမ်းခြောက်ရုံတင်မကပါဘူး၊ အခုဆိုရင် ကျွန်တော်တို့ရွာကိုပြန်လာရင် ကျွန်တော့်ကိုဖမ်းဦးမှာတဲ့။ ကျွန်တော်တို့ ဒီပဲရင်းအနောက်ခြမ်းဘက်ကိုများရောက်လာခဲ့ရင် မြေလှန်ရှာမယ်တို့၊ သတ်ပစ်မယ်တို့ ရွာမှာလည်းပြောနေတယ်လို့ ပြန်ကြားရပါတယ်။ ကျွန်တော်လည်း ကြောက်တော့ ရွာဘက်ကိုမသွားရဲတော့ဘူး။ သူတို့က လက်ရှိလက်နက်တွေနဲ့လေလို့ဦးပေါ်ဦးကပြောပြတယ်။

ပကဖခေါင်းစဉ်အောက်ကလူသတ်ရင် အရေးမယူဘူးလား

လတ်တလောမှာအတူတိမ်းရှောင်လာတဲ့သားဖြစ်သူကကျပန်းအလုပ်လုပ်၊ဇနီးနဲ့သမီးလေးနှစ်ဦးကပေါင်းနုတ်၊ပဲဆွတ်အလုပ်တွေလုပ်ပြီးရတဲ့ဝင်ငွေနဲ့ဝမ်းရေးကိုဖြေရှင်းနေရတယ်လို့ဦးပေါ်ဦးကပြောတယ်။

ဘုန်းကြီးကျောင်းနဲ့မိတ်ဆွေတချို့ရဲ့အိမ်တွေမှာတစ်လှည့်စီခိုလှုံရင်းဒီနှစ်အတွင်းမှာသူတို့မိသားစုဘဝကိုရှင်သန်နေရတယ်လို့ဦးပေါ်ဦးကပြောပြတယ်။

သူဟာသစ်ရာအိုက်မှာတောင်ယာ၁၀ဧကလောက်ပိုင်ပြီးပဲစင်းငုံတို့မြေပဲတို့စိုက်ပျိုးရင်းယခင်ကတော့ချောင်ချောင်လည်လည်နေခဲ့တဲ့သူပါ။ပကဖဘေးဒုက္ခသည်ဖြစ်ခဲ့တဲ့နောက်ပိုင်းခုနစ်တန်းနဲ့၁၀တန်းအရွယ်သမီးနှစ်ဦးရဲ့ပညာရေးလည်းထိခိုက်ရသလိုရွာပြန်ကပ်နိုင်မယ့်အနာဂတ်ဟာလည်းမရေမရာဖြစ်နေတယ်လို့ပြောပါတယ်။

ဒီဇာတ်လမ်းကိုပြောပြတဲ့အတွက်သူတို့မိသားစုအပေါ်အန္တရာယ်တွေပိုတိုးလာမှာကိုမစိုးရိမ်ဘူးလားလို့မေးကြည့်တဲ့အခါအသက်အန္တရာယ်ကိုစိုးရိမ်ပေမယ့်တရားမဲ့ပြုကျင့်မှုတစ်ခုကိုမဖော်ထုတ်ခဲ့ရင်ဆက်ကာဆက်ကာကျူးလွန်မှုတွေဖြစ်ပြီးသူတို့မိသားစုလိုနစ်နာရသူတွေပိုများလာမှာစိုးရိမ်တယ်လို့ဦးပေါ်ဦးကပြောပါတယ်။

ပကဖခေါင်းစဉ်အောက်ကလူသတ်ရင် အရေးယူလို့မရဘူးလား၊  ဥပဒေကင်းလွတ်ခွင့်ပြုထားသလား၊  ဒါမှမဟုတ် လူကြီး တွေက မသိချင်ယောင်ဆောင်နေတာလား၊  တာဝန်ခံမှု၊ တာဝန်ယူမှု မရှိကြတော့ဘူးလား။ ခင်ဗျားတို့ပြောတဲ့ တရားမျှတမှု ဆိုတာဘာလဲ။ ကျွန်တော်တို့ ပြည်သူတွေဘက်မှာရော တရားမျှတမှုအခွင့်အရေး မရှိတော့ဘူးလားလို့ သက်ဆိုင်သူတွေကို  အခွင့်ရရင်မေးချင်ကြောင်းသူကပြောပါတယ်။

ဒီပြဿနာတွေဘယ်နေ့ပြေလည်ပြီးဇာတိရွာကိုဘယ်အခါပြန်ရမယ်မှန်းမသိသေးပေမယ့်သားဖြစ်သူတရားမဲ့ပြုကျင့်ခံရမှုမှာကျုးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်စေဖို့ရတဲ့နည်းလမ်းနဲ့ဆက်လက်ကြိုးပမ်းနေဦးမယ်လို့ဦးပေါ်ဦးကပြောပါတယ်။

အခုကျွန်တော်တို့အဖြစ်က စစ်တပ်ကိုကြောက်လို့ ပြေးနေရတာမဟုတ်ဘူး။ ပကဖကို ကြောက်လို့ပြေးနေရတော့တာ

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."