Illustration – MAUNG NOE
ဟိုဘက်တစ်အိမ်ကျော်က မီးခိုးရောင်ကြောင်က
ဒီဘက်တစ်အိမ်ကျော်က ရွှေဝါရောင်ကြောင်ကို တွေ့တော့
နောက်က အသည်းအသန် လိုက်ပါလေရော
ဒီတော့ ရှေ့က ကောင်ကလည်း ကမူးရှူးထိုး ပြေးပါလေရော
ပထမတော့ အိမ်တွေအောက်က ဘုတ်တိုင်တွေကြား ပတ်ပြေးတယ်
နောက်တော့
အိမ်နောက်ဘက်က မြက်ပင်၊ ချုံပုတ်တွေကြား ဖြတ်ပြေးတယ်
ရှေ့က ကောင်က ပြေးလေ နောက်က ကောင်က လိုက်လေပဲ
ပြေးရင်းလိုက်ရင်းနဲ့
တခွီးခွီး တဝေါင်းဝေါင်း အသံတွေ ပေးသွားကြတယ်
အခုတော့ အိမ်နှစ်လုံးကြားထဲက ပြေးထွက်လို့
အိမ်ရှေ့ဘက်က ဂဝံမြေနီလမ်းကလေးပေါ် ရောက်သွားကြ
အဲဒီလမ်းပေါ် သူ့ဘာသူ အေးအေးဆေးဆေး
ခွေအိပ်နေတဲ့ ခွေးတစ်ကောင်ပေါ်
နှစ်ကောင်သား ခုန်ကျော်ပြေးသွားတော့
ခွေးကလည်း နေမရ
ဆတ်ခနဲ ခေါင်းထောင်ထလို့
သူတို့နောက်က ကမန်းကတန်း ပြေးလိုက်ပြန်ပါလေရော
ရှေ့က ပြေးနေတဲ့ ကြောင်ရွှေဝါဟာ
သစ်ပင်တစ်ပင်ပေါ် ဒရောသောပါးနဲ့ ခုန်တက်ပြေးတယ်
နောက်က လိုက်တဲ့ ကြောင်မီးခိုးကလည်း
အလျှော့မပေးဘဲ
အဲဒီသစ်ပင်ပေါ် အမြန်လှမ်းခုန်ကာ ကုပ်တွယ်တက်သွား
ခွေးဟာ တဝုတ်ဝုတ် ထိုးဟောင်ရင်း
သစ်ပင်အောက်ခြေမှာ အူကြောင်ကြောင် ကျန်နေခဲ့ရ
ကြောင်နှစ်ကောင်ရဲ့ ဒေါသကတော့
သစ်ပင်ပေါ်မှာလည်း တခွီးခွီး ထနေဆဲပဲ
နည်းနည်းကြီးပုံရတဲ့ နောက်က ကောင်က
တစ်လက်မချင်း တစ်လှမ်းချင်း ရှေ့ကို တိုးတိုးလာတော့
နည်းနည်းငယ်ပုံရတဲ့ ရှေ့က ကောင်က
တစ်လက်မချင်း တစ်လှမ်းချင်း နောက်ကို ဆုတ်ဆုတ်သွားရ
အခုတော့ မပြေးတော့တဲ့ နှစ်ကောင်သားခမျာ
ခပ်မြင့်မြင့်က သစ်ကိုင်းတစ်ကိုင်းပေါ် ရောက်ရှိနေကြပြီ
ကြောင်နှစ်ကောင်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့
မတည်ငြိမ်တော့တဲ့ သစ်ကိုင်းအဖျားဟာလည်း
တဖြည်းဖြည်း ကွေးညွှတ်နိမ့်ဆင်းလို့လာ
ရှေ့က ကြောင်ဟာ ခပ်လှမ်းလှမ်းက အိမ်ခေါင်မိုးပေါ်ကို
ကြောက်အားလန့်အားနဲ့ ခုန်ဆင်းလိုက်တယ်
ဘယ်ရမလဲ
နောက်က ကောင်ကလည်း ချက်ချင်း လိုက်ခုန်ဆင်းတာပဲ
သွပ်ခေါင်မိုးတွေပေါ်မှာ နှစ်ကောင်သား တဝုန်းဝုန်း ပြေးလွှားကြ
ဒီလိုနဲ့ အခုတော့
ကြောင်သံ ဆူဆူညံတွေသာမက
လူသံ ပူပူညံတချို့ပါ ရောစွက်လို့ ကြားလာရ
နောက်တော့ ဒီနှစ်ကောင် မြေကြီးပေါ် ပြန်ရောက်သွားကြပြီး
လိုက်တမ်းပြေးတမ်း ကစားနည်းကို ဆက်ကြပြန်တာပ
ရှေ့က ပြေးနေတဲ့ ကောင်ဟာ မတတ်သာတဲ့အဆုံး
သူ့အိမ်ထဲသူ ပြေးဝင်ပုန်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပုံရ
သူ အဝင်အထွက်လုပ်နေတဲ့
မလွယ်ပေါက်တစ်ခုကနေ ဗြုန်းခနဲ ဝင်ရောက် ကွယ်ပျောက်သွား
ဒီလောက်တော့ သနားတယ် ဆိုရမလား
နောက်က ကောင်ဟာလည်း ပါးနပ်စွာနဲ့ပဲ
အဲဒီမလွယ်ပေါက်ကနေ ထက်ကြပ်မကွာ လိုက်ပါသွား
ရုတ်တရက်ဆိုသလိုပဲ
အဲဒီအိမ်ထဲမှာ ဆူညံပွက်လောရိုက်သွား
စင်ပေါ်က အိုးခွက်ပန်းကန်တွေ ဂလုံးဂလွမ်း ပြုတ်ကျသွားတဲ့ အသံ
ကြောင်နှစ်ကောင် တဝေါင်းဝေါင်း လုံးထွေးသတ်ပုတ်တဲ့ အသံ
အိမ်ရှင်မိန်းမကြီးတစ်ယောက်ရဲ့
တစောက်စောက်နဲ့ အော်ဟစ်ဆဲရေး မောင်းထုတ်တဲ့ အသံ
နောက်တော့ ရေနဲ့ ဖြန်းခနဲ ပက်ပြီး
ကြောင်နှစ်ကောင် ကိုက်နေခြင်းကို ဖျန်ဖြေရှင်းလိုက်တဲ့ အသံ
အဲဒီနောက်တော့
ဘယ်ကို ထွက်ပြေးသွားမှန်း မသိရတဲ့
အဲဒီ ကြောင်နှစ်ကောင်ကိုလည်း မတွေ့ရ မမြင်ရတော့
ဒီကောင်တွေ ဝင်ရောက်သောင်းကျန်းသွားခဲ့တဲ့ အိမ်ထဲက
တဖျစ်တောက်တောက် အသံတွေသာ အပြင်ကို လျှံထွက် ကျန်ရစ်
ကျွန်တော်တို့ နေထိုင်ရာ လောကကြီးက
တစ်ခါတစ်ရံမှာ ဒီလိုပဲ ဖြစ်နေကျဆိုတော့
ဒီအကြောင်းကို ဘယ်သူကမှ အထူးအဆန်းတစ်ခုလို ပြောမနေကြ
ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ
ကြောင်တွေကသာ မမေ့မလျော့
နောက်ထပ်တစ်ခါ ထပ်ပြေး ထပ်လိုက် ထပ်ကိုက်ကြ
အသံဗလံပေါင်းစုံကိုလည်း
ဒီလိုပဲ မကြာခဏ ထပ်ထပ်ကြားရ
ကျွန်တော်တို့ ဖြတ်သန်းရတဲ့
ခေတ်ကာလကြီးတစ်လျှောက်လုံး ဆိုပါတော့။ ။
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။