၂၀၁၄၊အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇) မှ ကဗျာဖြစ်ပါသည်။
လင်းသဏ်ညီ ရေးသည်။
ကမ္ဘာသစ်တစ်ခု လိုချင်တယ်
သစ်ပင်တွေလို ရိုးရှင်းနှစ်လိုဖွယ် စိတ်ထားတွေနဲ့
သစ်ပင်တွေလို ရန်လိုမှု ကင်းတဲ့ အသက်ရှင်မှုတွေနဲ့
သစ်ပင်တွေလို ငြိမ်းချမ်းစွာ ဗီဇကွဲပြားမှုတွေနဲ့
သစ်ပင်တွေလို အလိုရမ္မက်နည်းပါးမှုတွေနဲ့
သစ်ပင်တွေလို တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုမှုတွေနဲ့
။ ။
သစ်ပင်တွေလို လောဘ ဒေါသ ကင်းမဲ့မှုတွေနဲ့
သစ်ပင်တွေလို အသုံးမကျတဲ့ မာန်မာနကင်းမဲ့မှုတွေနဲ့
သစ်ပင်တွေလို ကိုယ့်ကိုယ်ပိုင်အလှတရားတွေနဲ့ကိုယ်
သစ်ပင်တွေလို သစ်ရွက်လေးတွေ ခြွေချလို့ သစ်ရွက်လေးတွေလို ဝေပြလို့
အချိန်တန်ရင် ကိုယ့်အပွင့်အခက်လေးတွေနဲ့ ကိုယ်
ကိုယ့်အသီးအကင်းလေးတွေနဲ့ ကိုယ်
။ ။
ကိုယ့်အပင်ပေါက်လေးတွေနဲ့ ကိုယ် ဆက်လက်မျိုးပွားလို့
အချိန်တန်ရင် အရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်နဲ့ ကမ္ဘာမြေကို နှုတ်ဆက်လို့
တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်စရာမလို
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တစ်အုပ်စုနဲ့ တစ်အုပ်စု
စစ်မက်ပြုစရာ မလို ကျူးကျော်စော်ကားစရာ မလို
။ ။
ကိုယ့်ငြိမ်းချမ်းစိမ်းလန်းမှုနဲ့ ကိုယ် ကိုယ့်ပျော်ရွင်အေးမြမှုနဲ့ကိုယ်
ခု လိုချင်တပ်မက်မှု လောဘတွေနဲ့ မငြိမ်းချမ်းနိုင်တဲ့ ကမ္ဘာ
နေရဲ့ လောင်ကျွမ်းလောင်မြိုက်မှုထက် အဆပေါင်းများစွာ ပူပြင်း တောက်လောင်နေတဲ့ ကမ္ဘာ
စိတ်တစ်ခုရဲ့ ပျက်မှုအတိုင်း ဖျတ်ခနဲပျောက်ကွယ်
ကမ္ဘာအသစ်လိုချင်တယ် ကျွန်တော်မပါလည်း ရပါတယ်။
[ ပြီးပါပြီ။ ]

