လင်းအရုဏ်ဦးမှာ
ဥသြတွေ အော်ဟစ်တွန်ကျူးနေကြပုံက
ဥသြမဟုတ်ဘဲ
အခြားမြည်သံစွဲတွေ စုံလို့။
တဖြုတ်ဖြုတ်ကြွေနေကျ
သရက်ကင်းစိမ်းစိမ်းကလေးတွေလည်း
သိပ်မကြွေကြတော့ဘဲ
ညှာတံမှာ တွဲလောင်းစိမ်းရင့်သွား။
အချိုးပျက်နေတဲ့
အယ်လ်နီညို နွေဦးထဲမှာမှ
ကံ့ကော်ဖြူဖြူတွေက
ထူးကဲစွာ ပွင့်ဝေမွှေးမြ လှနေကြ။
လုံးဝမဖတ်ဘဲ
ကာလအတန်ကြာ သပိတ်မှောက်ထားတဲ့
အဲဒီသတင်းစာနှစ်စောင်ကိုလည်း
သူဟာ ဖင်ပြန်ခေါင်းပြန် ဖတ်နေခဲ့။
အခုတော့…
အရူးကောက်ရခဲ့တဲ့ စိန်တုံးဟာ
ပိုင်ရှင်အမှန်လက်ထဲ
ပြန်လည်ရောက်ရှိနေပြီလား မသိ။
(၂.၄.၂ဝ၁၆)
၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။